Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Friday, March 20, 2009

ပြာတာဝါဝါနှင့် ဆားပုလင်း အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု


တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်းက စသော အဖြစ်အပျက် များကို အခြေပြု၍ ယခုတင်ပြ လတ္တံ့သော ဗမာ့ ရာဇဝတ်မှု သမိုင်းတွင် မကြုံစဖူး ကြီးကျယ် ဂယက်ရိုက် ခဲ့သည့် ဤကိုယ်ကျိုးနည်း တက်တက်ပြောင် အမှုဆန်းကြီး အကြောင်း စတင် ဖော်ပြ ရပေမည်။

အထက်ပါ တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ယာမှ မှုံတိမှုံမွှား ယောင်ဝါးဝါးနှင့် နိုးထလာ ခဲ့လေသည်။ “ဆားပုလင်း ပိုးကောင်နှင့် ငတက်ပြား စိုးမိုးအမှု”၊ “ဆားပုလင်း ပိုးကောင်နှင့် ဒတ်ကလော့ လူသတ်သမား အမှု” ဟူ၍ပင် အထူး အရေးပေး မှတ်တမ်းတင် ထားရသော အမှုအခင်း အကြီးစားများကို ကံအားလျော်စွာ ဖော်ထုတ်ပေး နိုင်ခဲ့သည့် ဆားပုလင်း ပိုးကောင်အား ပုလိပ်မင်းကြီး လူလိန်မှ ဂုဏ်ပြုမည့် ကော်ဖီပါတီပွဲ ရှိရာ ဦးညိုကြီး ကာကာဆိုင်သို့ သွားရောက်ရန် အိုင်ပီပင်ဂွင်းနှင့် ယနေ့နံနက် ချိန်းဆို ထားမိကြောင်း နိုးလျှင် နိုးခြင်းပင် ဆားပုလင်း ပိုးကောင် သတိရလေ၏။ ထို့ကြောင့်ပင် ဧည့်ခံပွဲ တက်ရောက်ရန် ပြင်ဆင် ဖြီးလိမ်း ရဦးမည့် အရေးကို တွေးကာ အိပ်ယာမှ အလူးအလဲ ပြူးပြဲပြီး ထလာ ခဲ့လေသည်။ မနေ့ညက စွပ်ကျယ် လက်ပြတ်လေး ဝတ်ပြီး အိပ်ယာ ဝင်ခဲ့မိခြင်း ကြောင့်လားတော့ မသိ။ အိပ်ယာက နိုးနိုးချင်းပင် ခန္ဓာကိုယ်မှ အေးစိမ့်သော အရသာတစ်မျိုး ခံစားနေ ရကြောင်းကို (စုံထောက်ပီပီ) ဆားပုလင်း ပိုးကောင် သတိပြု မိလေသည်။

အလဲအထပ်အချို့ သွားလာလျက်ရှိကြသည်


(၁)

အိပ်ယာက နိုးတော့ မနက် ဆယ်နာရီ ထိုးနေပြီ။ မနေ့ညက အမေ့ရောဂါ ပြန်ထလာသောကြောင့် ပြုစုနေရတာနဲ့ အိပ်ယာဝင် နောက်ကျခဲ့ခြင်း ဖြစ်သည်။ အိပ်ယာကို ကမန်းကတမ်း သိမ်းပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ အမေ သက်သာရဲ့လား မသိ။ သွားကြည့်ရဦးမည်။ ပြီးရင် အမေ့ကို ဆေးတိုက်ပြီး စိတ်မချနိုင်စွာ ထားခဲ့ကာ အလုပ်ရှိရာ သွားရဦးမည် ဖြစ်၏။ ပြောမည့်သာ ပြောရသည်။ အခုတလော အလုပ်က မရှိတစ်ရက်၊ ရှိတစ်ရက်။ အလုပ်မရှိသည့်နေ့ဆို ပိုက်ဆံက တစ်ပြားမှ မရ။ သူ့အတွက် အဆင်မပြေပုံများ တစ်နေ့လုပ် တစ်နေ့စားဖို့ မပြောနဲ့၊ တစ်နေ့ စားဖို့တောင် တစ်နေ့ အလုပ်ကို လိုက်ရှာရသလို ဖြစ်နေသည်။ အမေ့ကို ဆေးတိုက်ဖို့ စရိတ်ပါ ဆိုလျှင် ပြီးပါလေရော။ အမေ့ ရောဂါကလည်း အရင်ကထက် ပိုဆိုးလာသည်။ နေ့တိုင်း အိပ်ယာထဲက ထရသည်ကို မရှိ။ တစ်ခါတလေ တော့လည်း သူလောကကြီးကို စိတ်ကုန် လာမိ၏။ ချမ်းသာသည့် သူများက ပိုချမ်းသာလာပြီး သူတို့ ဆင်းရဲသူများကလည်း ဆင်းရဲတွင်း ပိုနက်လာသည်။ ဆက်တွေးနေလည်း စိတ်ညစ်စရာတွေပဲ ထပ်ပေါ်လာဦးမည်မို့ အတွေးစကို ဖြတ်ပြီး မျက်နှာ သစ်ရန် ဆင်းလာခဲ့သည်။

Saturday, February 21, 2009

နှင်းတွေထဲ ထည့်ပေးလိုက်ရတဲ့ နှင်းမှုန်အိပ်မက်တွေ


(၁)

နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းတဲ့ မနက်ခင်း တစ်ခုမှာပဲ ကောင်လေးဟာ သူ့အတွက် “နှင်းမှုန် အိပ်မက်လေး” လို့ နောင်တချိန် နာမည်ပေး ထားမိမယ့် နှင်းဖြူ နတ်သမီးလေးကို ဝိုးဝိုးဝါးဝါး နှင်းပြောက်တွေ ကြားမှာ စတွေ့ခဲ့တယ်။ မြင်မြင်ရာ မှုန်မှိုင်း စိုစွတ်ပြီး ချမ်းစိမ့်စိမ့် တိုက်ခတ်တဲ့ ဟူးဟူးရားရား လေညင်းတွေ ကြားမှာ ကောင်မလေးဟာ နှင်းမှုန်တွေ နဲ့အပြိုင် ပျိုပျိုမြစ်မြစ်လေး သိပ်ကိုလှပ နေခဲ့တယ်။ အလင်း မပွင့်သေးတဲ့ ဆောင်း နံနက်ခင်းရယ်၊ ကောင်မလေးရယ်၊ သူ့ကိုယ်ပေါ်က အားကစား ထရက်စု ဝတ်စုံလေး ရယ်ဟာ ကောင်လေး အတွက်တော့ ပြီးပြည့်စုံတဲ့ တွယ်ဆက် ပနံရမှု တစ်ခု ဖြစ်နေခဲ့ ပါတယ်။

ချစ်တဲ့ ဆောင်းပျိုမလေးရဲ့ အလှကို မြင်နေရရုံနဲ့ ရောင့်ရဲ နေတတ်တဲ့ ကောင်လေးဟာ ကောင်မလေး ထိုင်ပြီး အနားယူနေကျ ခုံတန်းလေး နားမှာ မနက်တိုင်း စောင့်ရှောက် ကြည့်ငေး နေဖို့ ကလွဲပြီး တခြား ဘာကိုမှ မကြိုးစား ခဲ့ပါဘူး။ ကောင်မလေးရဲ့ အိမ်နေရာကို မသိဘူး၊ ဖုန်းနံပါတ်ကို မသိဘူး၊ နာမည် ကိုတောင် မသိခဲ့တဲ့ ကောင်လေးဟာ သူ့ရဲ့ ကြမ်းရှရှ ကဗျာ စာအုပ်လေးထဲ မှာတော့ ပါဒတွေ၊ ကာရန်တွေ၊ စကားလုံးတွေ အများကြီး သုံးပြီး သူ့ချစ်သူလေးကို ချင်းချင်းနင်းနင်း လိုက်ရှာနေ ခဲ့ပါတယ်။ ကောင်လေးဟာ ကောင်မလေးကို သိပ်ချစ်နေ ခဲ့ပါပြီ။

 

Friday, December 05, 2008

ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့ လမင်း


- ၁ -

အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တနေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တနေ့တာလုံး၏ အလှဆုံး အချိန်ဟုပင် ပြော၍ ရလောက်အောင် အားပျော့နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့ လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက် နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက် အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တနေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေ ဆည်းဆာကို ခံစားကြ သူများနှင့် ခါတိုင်းလိုပင် စည်ကားနေ၏။

ထိုအချိန်မှာပင် ကလေးများထံမှ “ဟေး”ခနဲ အော်လိုက်သံကို ကြားရသည်။ ရှိသမျှ ကလေးများ အကုန်လုံး ဆော့ကစား နေရာမှ ရပ်တန့်ပြီး လမ်းအဝင်ဝ ဖက်ကို ပြေးသွား ကြသည်။ လမ်းထဲရှိ လူများ ကတော့ မြင်နေကျ မြင်ကွင်းမို့ မအံ့ဩကြ။ ရောင်စုံ မီးလုံးများ သွယ်တန်း ထားပြီး ပတ်ပတ်လည်မှာ “လမင်းဝေဖာ ရေခဲမုန့်” ဟု ဆေးရောင်စုံ ရေးထားသော ကားတစ်စင်း လမ်းထဲကို ဝင်လာခြင်း ဖြစ်၏။ ထိုကားက လမ်းထဲသို့ လေးရက် တစ်ခါလောက် လာနေကျ။ ထိုကား လာတိုင်းလည်း လမ်းထဲ ရှိရှိသမျှ ကလေးများ အကုန် ပြေးလိုက်နေကျ ဖြစ်သည်။

Friday, November 14, 2008

မုန်တိုင်းအထပ်ထပ်အောက်မှ ပေါင်းစည်းခွင့်များ



- ၁ -

မနက်ဖြန် နံနက်ဆိုလျှင် သူသည် အပျော်ဆုံးသူ တစ်ယောက် ဖြစ်နေလောက်ပြီ ထင်သည်။ ထိုမနက်ဖြန် နံနက်ခင်းကို ရောက်ဖို့ သူအချိန် တော်တော်ကြာ စောင့်ခဲ့ရတာ ဖြစ်သည်။ အချိန်ပေါင်း များစွာ စောင့်ခဲ့ရသည်။ အပြုံးပေါင်း များစွာ စောင့်ခဲ့ရသည်။ စကား အခွန်းပေါင်း များစွာ စောင့်ခဲ့ ရသည်။ ထိုသို့ စောင့်စားမှုပေါင်း များစွာ ရင်းနှီးပြီးမှ “မနက်ဖြန်” ဆိုသော အချိန်ကို ရရှိနိုင်ခဲ့တာ ဖြစ်၏။ ထို့ကြောင့်ပင် ရောက်လာမည့် မနက်ဖြန် နံနက်ခင်းကို သူအလွန် မြတ်နိုးရိုကျိုး ပါသည်။ ထိုမနက်ဖြန်တွင် သူအလွန် ချစ်မြတ် ရသော ချစ်သူနှင့် လက်ထပ် မင်္ဂလာ ပြုတော့မည် ဖြစ်သည်။ လူပေါင်းများစွာ တက်ရောက် ကြမည့် မင်္ဂလာပွဲ ကျင်းပရာ မြက်ခင်း စိမ်းစိမ်းသည် ညနေရီ ဆည်းဆာ အလှနှင့် တွဲဖက်၍ သူနှင့် သူ့ချစ်သူကို ကောင်းချီးပေး နေလိမ့်မည်။ သူ့ချစ်သူလေး သည်လည်း သူကိုယ်တိုင် ရွေးခြယ်ဝယ်ယူ ပေးထားသော မင်္ဂလာ ဝတ်စုံနှင့် ကမ္ဘာပေါ်တွင် ထိုညနေ အတွက်တော့ အလှပဆုံး နတ်သမီးလေး တစ်ပါး ဖြစ်နေပေ လိမ့်မည်။ နှင်းဆီပွင့် ဝါဝါလေးများက သူ့ချစ်သူ၏ လှပမှုကို တအံ့တဩ ငေးကြည့်ရှာမည်။ မြက်ခင်းစိမ်း များကလည်း သူ့ချစ်သူကို တင်ဆောင် ထားရသည့် အတွက် ဂုဏ်ယူမည်။ မင်္ဂလာပွဲသို့ တက်ရောက် လာသူများ ကလည်း သူနှင့် သူ့ချစ်သူကို အလွန်ပင် လိုက်ဖက်ညီသော စုံတွဲဖြစ်သည်ဟု တဖွဖွ ချီးကျူး ပြောဆိုနေ ကြလိမ့်မည်။

Thursday, April 10, 2008

တက္ကစီသမားနဲ့ လွဲဖူးတဲ့ တစ်ခါနှစ်ခါလေးတွေ


လူရယ်လို့ ဖြစ်လာပြီ ဆိုရင် ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ တဖြည်းဖြည်း ရလာတတ် ကြပါတယ်။ အတွေ့အကြုံ စုံလေလေ ရင့်ကျက်ဖို့ အခွင့်အလမ်းလည်း များလေလေ ပေါ့ဗျာ။ အဲ.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်တော့ မထင် စေချင်ဘူး။ ကျွန်တော်တို့ အငှားကားသမား တွေက သူများတွေ ထက်စာရင် ပိုပြီး အတွေ့အကြုံ စုံတယ်လို့ ပြောချင်တာပဲ။ စဉ်းစားကြည့်လေ။ အမြဲတမ်း ကားတစ်စီးနဲ့ လမ်းပေါ်မှာ။ လူပေါင်းစုံ၊ စရိုက် ပေါင်းစုံနဲ့ ဆက်ဆံဖူးတယ်။ သူများအပေါ် ဖျံကျ ဖူးသလို၊ ကိုယ့်အပေါ် ရိုက်စား လုပ်သွားတာ တွေလည်း နင့်နေအောင် ခံရဖူးတာပဲ။ “လည်သလိုလို အိမ်မကပ် သလိုလို” လုပ်တယ် ဆိုတာ ကျွန်တော်တို့ အငှားကားသမား တွေကမှ အစစ်ဗျ။ ကြုံရသမျှ အဖြစ်တွေ ကတော့ ရယ်ချင်စရာ တွေလည်း ပါတယ်။ စိတ်ပျက်စရာ တွေလည်း ပါတယ်။ အိုး.. အမျိုးကို စုံနေတာပဲ။

ဟိုးတလောက ဆိုကြည့်။ မနက် အိပ်ရာက နိုးကတည်းက ကားက ပျက်နေတာ။ တော်သေး တာပေါ့။ ကိုယ်ပိုင်ကားနဲ့ အငှားကား မောင်းလို့။ အုံနာ ဆီကများ ယူမောင်းရင် အဲဒီနေ့တော့ ခါလီ အိတ်စိုက် ဖြစ်ဦးမှာ။ မနက် ကားထွက်မယ် ဆိုပြီး ကားပေါ်တက် စက်နှိုးလိုက် ကတည်းက ဇာတ်လမ်းက စတာ။ ကားစက်လေး တစ်ခါ နှိုးပါတယ်။ ပန်းနာ ရင်ကျပ် ဖြစ်နေတဲ့ ရောဂါသည် ကျနေတာပဲ။ အဟွန့်.. ဟွန့်.. ဟွန့်.. နဲ့ သုံးလေးခါလောက် ပဲများပြီး ကားစက်က ပြန်ရပ်သွား ပြန်ရော။ ဒါနဲ့ ကားကို ဘောနက်ဖုံး ဖွင့်လိုက်တယ်။ ဘက်ထရီ ဒေါင်းနေလား၊ ဘာလား ကြည့်တယ်။ ဓာတ်ဆီ ခမ်းနေလား ကြည့်တယ်။ တစ်ခုမှလည်း မဟုတ်ဘူး။ ဘယ်လိုမှ နှိုးမရတဲ့ အဆုံး လူက ဒေါသ ထွက်လာရော။ ဘယ်ရမလဲ။ ငါနဲ့ တွေ့သွား မှာပေါ့။ ကားရှေ့ တည့်တည့်ကနေ ပိတ်ရပ် လိုက်တယ်။ ဒီကောင့်ကို ဘုကြည့် ကြည့်တယ်။ အဲ.. ကြည့်လေ ဒေါသက အလိပ်လိုက် ထွက်လာ လေပဲ။ “ဒီလောက်တောင် အကြော ပြောင်တဲ့ကောင်.. လာလေရော့ လဟယ်.. နာလေရော့ လဟယ်” ဆိုပြီး ဘောနက်ဖုံးကို လက်သီးနဲ့ ပြေးထိုးတယ်၊ နားပန်ပိတ် ကျင်းပစ်တယ်၊ ဖနောင့်နဲ့ ပေါက်တယ်။ အဲတော့မှ ကားစုတ်က ဘာကို ကြောက်သွားတယ် မသိဘူး။ တဝူးဝူးနဲ့ နိုးလာ တော့တာပဲ။

Saturday, March 29, 2008

ထုံးစံအတိုင်း သင်္ကြန်


ထုံးစံအတိုင်း ဧပရယ်လ် ၁၃ မှာ သင်္ကြန် ကျတယ်။ ထုံးစံအတိုင်း ကောင်လေးက ကားနဲ့ သင်္ကြန် ထွက်လည်တယ်။ ကောင်မလေးက ထုံးစံအတိုင်း မဏ္ဍပ် ထိုင်တယ်။ ထုံးစံအတိုင်း ကောင်လေး လည်တဲ့ကားက ကောင်မလေးရဲ့ မဏ္ဍပ်ရှေ့ကို ရောက်လာတယ်။ ထုံးစံအတိုင်း ကောင်မလေးက ရေပက်တယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို စိတ်ဝင်စား သွားတယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို ရေသွား လောင်းတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း ကောင်လေး ရေလောင်း တာကို ငြိမ်ပြီးခံတယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း အဲဒီ မဏ္ဍပ်နားက မခွာတော့ဘူး။ ထုံးစံအတိုင်း ကောင်မလေး ကလည်း ကောင်လေးကို ခိုး, ခိုးကြည့်တယ်။ ထုံးစံအတိုင်း ကောင်လေးရဲ့ ရောဂါက ပိုဆိုး သွားတယ်။

သင်္ကြန်တွင်း လေးရက်လုံး ထုံးစံအတိုင်း ကောင်မလေးရဲ့ မဏ္ဍပ်မှာပဲ တဝဲလည်လည် လုပ်နေတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း သတိထားမိတယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း မချင့်မရဲ ဖြစ်လာတယ်။ အဲဒီတော့ ထုံးစံအတိုင်း ကောင်မလေးဆီ သွားပြီး မိတ်ဆက်တယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း ကောင်လေးကို အသိအမှတ်ပြုတဲ့ ပုံစံ ပြတယ်။ ကောင်လေး ကလည်း အားတက်သွားပြီး ကောင်မလေးကို ထုံးစံအတိုင်း နာမည်တွေမေး၊ ဖုန်းနံပါတ်တွေ တောင်းတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း နာမည် အမှားတွေ၊ ဖုန်းနံပါတ် အမှားတွေ ပေးလိုက်တယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း အမှားတွေ ချည်းပဲ ပေးလိုက်မှန်း သိတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင် နေလိုက်တယ်။ ထုံးစံအတိုင်းပဲ လေးရက် ပြည့်တော့ သင်္ကြန် ပြီးသွားတယ်။

Thursday, March 20, 2008

မှောင်မိုက်နာကျင်ခဲ့သော လမ်းများ


ရထားပေါ် မတက်ခင် ဘေးမှာ လွယ်ထားသော စလင်းဘက်ထဲမှ မိတ်ကပ်ဘူး အသေးလေးကို ထုတ်လိုက်သည်။ တို့ဖတ်နဲ့ တစ်ချက် အထူအပါး ပြန်ညှိ.. ပြီးတော့ နှုတ်ခမ်းနီကို နည်းနည်း အရောင်ထပ် တင်လိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ လူများ သူ့အပေါ် တွင်သာ အာရုံရောက် နေကြမှာ သေချာပါသည်။ ပြီးတော့ သူ့ကို ရယ်ဟဟနှင့် ကြည့်နေ ကြလိမ့်မည်။ ရထားပေါ် တက်လိုက်သည်။ ကိုယ်နေဟန်ထား ကအစ မျက်နှာ အမူအယာကိုပါ ပြင်ဆင် ပြုပြင်လိုက်သည်။

 

“ကဲ.. တို့များ လာပြီနော်.. ကိုကိုတို့ ချစ်တဲ့တို့များ.. မမတို့ခင်တဲ့ တို့များ.. ခါတိုင်းလိုပဲ သီချင်းလေးတွေ ဆိုပြမယ်.. ဘလိတ်ဒန့် ဆွဲပြမယ်.. ဆက်ဆီဒန့်စ် ကပြမယ်.. တို့များကို အားပေး ကြဦးနော့”

အသံကို အညုဆုံး ထားပြီး ခပ်ချွဲချွဲလေး ပြောလိုက်တာနဲ့ ရထားပေါ်က ခရီးသည်အပေါင်း သူ့ကို လှည့်ကြည့်ကြသည်။ ရထား စီးနေကျ ခရီးသည် ယောက်ျားလေး တွေက သံသေးသံကြောင် ပေါင်းစုံနှင့် အော်ကြသည်။ ကလေးတွေ ကတော့ ဘာရယ်မဟုတ် “ဟေး”ခနဲ အော်ပြီး လက်ခုပ်တီး ကြသည်။ ခရီးသည် မိန်းမတွေ ကတော့ သူ့ကို ပြုံးစိစိနဲ့ ကြည့်ငေးနေ ကြလေသည်။

နဂါးမျက်စောင်းတွေကြားက မိုးနေ့


- ၁ -

ဒီနှစ် မိုးရာသီ မှာတော့ ဒီနေ့ ရွာတဲ့မိုးက အသည်းဆုံး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မလေးရော၊ ကျွန်တော်ရော ရင်ထဲမှာ နွေးနေတယ်။ အင်းလေ.. ပူပူနွေးနွေး ချစ်သူတွေပဲ။ သွေးလည်ပတ်မှုကို ရင်ခုန်သံက အကာအကွယ် ပေးပြီးသား ဖြစ်မယ် ထင်တယ်။ မလေး မျက်နှာကို ကျွန်တော် မြတ်မြတ်နိုးနိုး ကြည့်တယ်။ ကျွန်တော့် ကိုလည်း မလေးက ကြည်ကြည်နူးနူး ယှက်ယှက်ဖြာဖြာ ကြည့်တယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်မိကြတယ်။ အကြောင်းမဲ့ ရယ်နေ တတ်တဲ့ သမီးရည်းစား တွေကို ခုမှ နားလည်တော့တယ်။ မလေးလက်ကို ကျွန်တော့် လက်နဲ့ ထပ်မိုးထား လိုက်တယ်။ ပြီးတော့ မိုးရေထဲမှာပဲ လမ်းလျှောက်ပြီး ပြန်လာကြတယ်။ မိုးမမြင် လေမမြင် ဆိုတာ ဒါပဲ ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ မလေးလက်တွေ တဖြည်းဖြည်း ပိုပြီး တုန်ယင် လာသလိုပဲ။ သူ့မျက်နှာကို ငုံ့ကြည့်လိုက်တယ်။ မလေး တော်တော် ချမ်းနေပြီ ထင်တယ်။

 

“မလေး.. ခြေထောက်တွေ လက်တွေ ကိုက်လာပြီ ကို”

Wednesday, March 19, 2008

တိုးပွားမစ အဘထ


ဒီကောင်လေး ကိုတော့ အသည်းယား လာပြီ။ ချစ်တယ် ဆိုလည်း မြန်မြန် ပြောတာ မဟုတ်ဘူး။ ဒီကဖြင့် မသိတာ ကျနေတာပဲ။ ဟွန်း.. ဒီလောက်တောင် အဖြစ်မရှိတဲ့ ကောင်စုတ်လေး။ ဒီတစ်ခါ တို့ကား နောက်ကနေ သူ့ကားလေး ကပ်ပါလာ လို့ကတော့ ရှေ့ကနေ ဘရိတ်ကို ဆောင့်အုပ် ပစ်လိုက်မယ်။ အဲဒါဆို သူက အရှိန် မထိန်းနိုင်ဘဲ ကားကို ဝင်ဆောင့် မိတာနဲ့ သူ့ကို ရန်တွေ့ပြီး ဇာတ်လမ်းရှာ ပစ်လိုက်မယ်။ သူက တောင်းပန်မယ်..။ အဲဒီ နောက်တော့ ထုံးစံအတိုင်း ချစ်ကြ ကြိုက်ကြ အီကြ လေသတည်းပေါ့။ အဲ.. တို့ကားကတော့ တော်တော် ပစ်ရမှာပဲ။ အင်း.. ကိစ္စမရှိ ပါဘူးလေ။ တို့ဒယ်ဒီက သူဌေးပဲဟာကို။ ဟိုတယ်ချည်းပဲ ဆယ့်ခုနစ်လုံး လောက်ပိုင်တာ။ တို့အတွက် ဒီလောက်ကတော့ နိုးပဒေါ်ဘလမ်ပဲ။ အရေးကြီးတာက ကောင်လေးရဲ့ အချစ်ကို ရဖို့ပဲလေ ဟင်း ဟင်း။

 

“သမီးရေ.. အဘ ဖုန်းဆက်ချင်လို့ကွယ်..”

Monday, February 11, 2008

၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
- ၁ -

သူတရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသော ငြိမ်းအေးမှု တစ်မျိုးကို ခံစားနေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်း မရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်း ထဲကို ဒီလေယာဉ်က ဘာစိတ်ကူး ပေါက်ပြီး ရောက်လာပါလိမ့်။ အိုး၊ ၂၁ ရာစုတောင် ရောက်နေမှပဲ၊ တောထဲ လေယာဉ် ရောက်တာလောက် ကတော့ မဆန်း လှပါဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့် လိုက်မိသည်။ အလို၊ လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့် ဘာမှန်း မသိသော အရာဝတ္ထုလေး မြေပေါ်ကျ အလာကို စောင့်နေလိုက်သည်။ ထိုအရာဝတ္ထုလေး ကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာ ကျလာ၏။

 

“ဪ စာရွက်တစ်ရွက်ပဲ”

တစ်ယောက်တည်း ရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူ ကြည့်လိုက်သည်။

 

“အိုး..”

စူးစူးနစ်နစ် ရေရွတ်ရင်း ချာလည်သွားသော စိတ်နှလုံးကို မနည်း ပြန်ထိမ်းယူ လိုက်ရ၏။ ဒါတောင်၊ ခုနက တရားမှတ် ထားတဲ့အခံ ရှိပေလို့ဟုလည်း တွေးမိသေး၏။ သူ ကောက်ယူကြည့် လိုက်မိသော စာရွက်ထဲမှာက လှပ ပြေပြစ်လွန်းသော မိန်းမငယ် တစ်ဦး၏ ဓာတ်ပုံ။ အောက်ဖက်မှာက ကွန်ပျူတာ စာစီထားသော စာလုံးအချို့။ “ရွှီး”ခနဲ လေတစ်ချက် ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။

Sunday, February 10, 2008

ကြိုတင်မမြင်နိုင်ခဲ့သော


 

 

 

 

 

 

 

 

 

- ၁ -

ရန်ကုန်မြေပေါ်ကို ပြန်ပြီး ခြေချမိတာနဲ့ ကိုယ့်အတွေးတွေဟာ ပိုပြီး လတ်ဆတ်လာတယ်။ လေအဝေ့မှာတောင် ကိုယ်နဲ့ ရက်အတော်ကြာ ဝေးကွာနေခဲ့တဲ့ သနပ်ခါးနံ့လေးကို ရလိုက်သလိုပဲ။ အပြန်လမ်း တလျှောက်လုံး ကိုယ့်ကို နှုတ်ဆက်နေခဲ့ကြတဲ့ အေးမြမြ တောင်ပေါ်လေတွေ၊ ကြည့်လို့ မဆုံးတဲ့ တောင်တန်း အလှတွေ။ အို၊ အားလုံးကို မေ့လျော့နေ စေခဲ့တဲ့သူမဟာ အခု ပိုပြီးတော့တောင် ကိုယ့်ရဲ့ အာရုံထဲမှာ လင်းဝေလာတယ်။ “မကြာခင်” ဆိုတဲ့ သူမနဲ့တွေ့ရမယ့် အချိန်ကို ကိုယ်ရက်ပေါင်း အတော်ကြာအောင် မွတ်သိပ် နေခဲ့ရတာပဲလေ။ သူ့အရှိန်နဲ့သူ လည်နေတဲ့ နာရီလက်တံ တွေကိုတောင် နှေးကွေး လွန်းလှတယ်လို့ ထင်နေမိတဲ့အထိ သူမရဲ့ ရှေ့မှောက်ကို သွားဖို့ ကိုယ်စိတ်စော နေမိတယ်။

 ကိုယ့်ကိုတွေ့ရင် အံ့ဩတဲ့မျက်နှာနဲ့ ဆီးကြိုရမယ့် သူမကို ကိုယ်ကစပြီး ခပ်နွေးနွေးလေး ပြုံးပြမယ်။ သူမကို စနောက်နေကျ ပုံစံအတိုင်း သူမရဲ့ နဖူးလေးကို ညင်ညင်သာသာ တောက်မယ်။ ပြီးရင် “ကိုယ့်ကို သတိမရဘူး မဟုတ်လား” လို့ သူမ စိတ်ကောက်သွားအောင် မေးဦးမယ်။ သူမ စိတ်ကောက်ရင် သိပ်ကို ချော့ရခက်ပါတယ်။ ဒါပေမဲ့၊ မိန်းကလေး တစ်ယောက်ဟာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ချစ်သူကို ဘယ်လောက် ကြာကြာများ စိတ်ကောက် နိုင်မှာတဲ့လဲကွယ်။ တွေးကြည့် မိရုံနဲ့တင် ကိုယ့်ရင်ဟာ ကြည်နူးမှုတွေနဲ့ စိုနွေးလာတယ်။ ဒါပေမဲ့၊ သူမကို သတိရလွန်းလို့ ပြန်လာခဲ့တာပါလို့ ဝန်ခံဖို့ကိုတော့ ထုံးစံအတိုင်း ကိုယ် ရှက်ရွံ့ နေမိဦးမှာ အမှန်ပါပဲ။

 

- ၂ -

“မလေးတို့ ဘယ်သွားကြမလဲဟင်”