(၁)
နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းတဲ့ မနက်ခင်း တစ်ခုမှာပဲ ကောင်လေးဟာ သူ့အတွက် “နှင်းမှုန် အိပ်မက်လေး” လို့ နောင်တချိန် နာမည်ပေး ထားမိမယ့် နှင်းဖြူ နတ်သမီးလေးကို ဝိုးဝိုးဝါးဝါး နှင်းပြောက်တွေ ကြားမှာ စတွေ့ခဲ့တယ်။ မြင်မြင်ရာ မှုန်မှိုင်း စိုစွတ်ပြီး ချမ်းစိမ့်စိမ့် တိုက်ခတ်တဲ့ ဟူးဟူးရားရား လေညင်းတွေ ကြားမှာ ကောင်မလေးဟာ နှင်းမှုန်တွေ နဲ့အပြိုင် ပျိုပျိုမြစ်မြစ်လေး သိပ်ကိုလှပ နေခဲ့တယ်။ အလင်း မပွင့်သေးတဲ့ ဆောင်း နံနက်ခင်းရယ်၊ ကောင်မလေးရယ်၊ သူ့ကိုယ်ပေါ်က အားကစား ထရက်စု ဝတ်စုံလေး ရယ်ဟာ ကောင်လေး အတွက်တော့ ပြီးပြည့်စုံတဲ့ တွယ်ဆက် ပနံရမှု တစ်ခု ဖြစ်နေခဲ့ ပါတယ်။
ချစ်တဲ့ ဆောင်းပျိုမလေးရဲ့ အလှကို မြင်နေရရုံနဲ့ ရောင့်ရဲ နေတတ်တဲ့ ကောင်လေးဟာ ကောင်မလေး ထိုင်ပြီး အနားယူနေကျ ခုံတန်းလေး နားမှာ မနက်တိုင်း စောင့်ရှောက် ကြည့်ငေး နေဖို့ ကလွဲပြီး တခြား ဘာကိုမှ မကြိုးစား ခဲ့ပါဘူး။ ကောင်မလေးရဲ့ အိမ်နေရာကို မသိဘူး၊ ဖုန်းနံပါတ်ကို မသိဘူး၊ နာမည် ကိုတောင် မသိခဲ့တဲ့ ကောင်လေးဟာ သူ့ရဲ့ ကြမ်းရှရှ ကဗျာ စာအုပ်လေးထဲ မှာတော့ ပါဒတွေ၊ ကာရန်တွေ၊ စကားလုံးတွေ အများကြီး သုံးပြီး သူ့ချစ်သူလေးကို ချင်းချင်းနင်းနင်း လိုက်ရှာနေ ခဲ့ပါတယ်။ ကောင်လေးဟာ ကောင်မလေးကို သိပ်ချစ်နေ ခဲ့ပါပြီ။
(၂)
ပိုမို အေးစိမ့် လာတဲ့ မနက်ခင်း တွေကို သယ်ဆောင်ပြီး ဆောင်းရာသီဟာ သူ့သရုပ်ကို ပီပြင်လာ စေသလိုပဲ၊ ကောင်မလေး အတွက်လည်း ထူးဆန်းတဲ့၊ အမျိုးအမည် မသိတဲ့ အဖြစ်တွေ ကြုံတွေ့လာ ခဲ့ရပါတယ်။ ထိုင်ပြီး အနားယူ နေကျ နေရာကို ရောက်လာတာနဲ့ ခုံတန်းပေါ်မှာ တင်ထား တတ်တဲ့ လက်ရေး စောင်းစောင်း လေးတွေ ပါတဲ့ စာရွက်တွေကို မနက်တိုင်း မပျက်မကွက် မြင်လာ ရပါတယ်။ အဲဒီ လက်ရေး စောင်းစောင်း ကဗျာတို လေးတွေ ဟာလည်း ကောင်မလေးရဲ့ မနက်ခင်း တိုင်းအတွက် အဖော်သဟဲ တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာ ခဲ့ပါတယ်။ ခုံတန်း လေးနား မရောက်ခင် အဝေးက နေပြီးတော့ ကဗျာ စာရွက်လေး ရောက်နေ ပြီလားလို့ မျှော်ရည် တမ်းတတတ် လာပါတယ်။ ဆောင်း နံနက်ခင်းရဲ့ ကဗျာတို လေးတွေဟာ ကောင်မလေး အတွက်တော့ မီးလင်းဖို တစ်ခုလို နွေးထွေးစေ ခဲ့ပါတယ်။ အဲဒီ လက်ရေး စောင်းစောင်း ပိုင်ရှင်ကို ဟိုဟိုဒီဒီ လိုက်ရှာကြည့် မိတိုင်းလည်း ပန်းခြံထောင့်မှာ အလုပ် တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေ တတ်တဲ့ ပန်းခြံစောင့် လူငယ်လေး ကလွဲပြီး တခြား မတွေ့ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ နေသားကျ လာတဲ့ နောက်မှာ ကောင်မလေး ဟာလည်း ကဗျာ စာရွက်လေး တွေကိုသာ သိမ်းဆည်း ထားလိုက်ပြီး ပိုင်ရှင်ကို မရှာတော့ပါဘူး။
(၃)
နံနက်ခင်းနှင်းမှုန်တွေကိုလည်း
မြတ်နိုးကြည့်ပါကွယ်
သီဝေမှုန်ဝါး
ဝေးလံခေါင်းပါးမှုတွေကလွဲရင်
ဆောင်းရဲ့မျက်နှာထားက
အဆုံးမရှိလှနေတတ်ပါတယ်။
အဲဒီလို ခေါင်းစဉ်တပ် မထားတဲ့ ကဗျာတို လေးတွေကို ငုံ့ပြီးဖတ် နေတတ်တဲ့ ချစ်သော မိန်းမပျို လေးကို ကောင်လေး ကတော့ ခိုးခိုးကြည့် နေမြဲပါပဲ။ ပန်းပွင့်မယ်လေး၊ နတ်သမီးလေးရယ်၊ ရင်ထဲ မှာတော့ ခပ်ဖွဖွ ရွတ်ဆိုနေ ခဲ့မိပါရဲ့။ “ဒီကဗျာ တွေရဲ့ ပိုင်ရှင်ဟာ ဘယ်လို ချမ်းသာ ကြွယ်ဝမှု မျိုးကိုမှ မပိုင်တဲ့ ခပ်နွမ်းနွမ်း ပန်းခြံစောင့်လေး တစ်ယောက် မှန်းသာ သိသွားခဲ့ရင်” ဆိုတဲ့ အတွေးက ကောင်လေး အပေါ် အုပ်မိုးထားတဲ့ အရိပ်၊ ကောင်လေးကို ခြောက်လှန့်တဲ့ တစ္ဆေပါပဲ။ အငုံ့စိတ် တွေနဲ့ ခေါင်းငုံ့ နေခဲ့တဲ့ ကောင်လေးဟာ သူ့ကဗျာ တွေအပေါ် သစ္စာ စောင့်သိထား ခဲ့ပါတယ်။ အဲဒီ ကဗျာလေး တွေအပေါ် ကောင်မလေး ထားတဲ့ တန်ဖိုးနေရာ၊ ကောင်မလေး မျက်ဝန်းထဲက ကြည်ကြည်မွေ့မွေ့ ကဗျာ၊ အဲဒါတွေ အတွက် မသေချာလှတဲ့ သူ့နေရာကို ဝင်မယူဘဲ ဖျောက်ဖျက် နေခဲ့ပါတယ်။
ကုမုဒြာ ကြာဟာ သူ့ရဲ့ ဖူးငုံပွင့်အာခွင့် အတွက် လရောင်မြမြကို လှမ်းပြီး ခွင့်တောင်းစရာ မလိုတဲ့ နားလည်မှု တစ်မျိုး လိုပါပဲ။ ကောင်မလေး အတွက်တော့ ကဗျာတို လေးတွေရယ်၊ ဘယ်တုန်းကမှ မမြင်ဖူး ခဲ့တဲ့ လက်ရေး စောင်းစောင်း ပိုင်ရှင် ကောင်လေး ရယ်ဟာ သူမရဲ့ နားလည်မှု တွေထဲမှာ ချစ်သူအဖြစ် တည်ရှိနေ ခဲ့ပါပြီ။ ချစ်သူတွေ အတွက် နှလုံးသားမှာ ပေါ်ပေါက်တဲ့ နားလည် ခံစားမှု ကလွဲရင် ဘာမှလည်း မလိုအပ် ခဲ့ဘူးလေ။ ကောင်မလေး သိနေ ခဲ့ပါတယ်။ ကောင်လေးဟာ သူ့ကို တနေရာရာ ကနေ ကြည်နူးတဲ့ မျက်လုံး အစုံနဲ့ ကြည့်နေ လိမ့်မယ်။ ဘယ်တော့မှ ရိုးအီပြီးဆုံး မသွားနိုင်တဲ့ ချစ်စကား တွေကိုလည်း ခွန်းချီသီသီ ပြောနေရှာ လိမ့်မယ်။ ကောင်လေးရဲ့ ကဗျာတွေ အကြောင်းကို ကောင်မလေး အသိဆုံး ဖြစ်နေ ခဲ့ပါတယ်။
(၄)
ဒီလိုနဲ့ပဲ နာရီတွေ လည်နေခဲ့..။ ရာသီ တွေလည်း လည်လာ ခဲ့ပါတယ်။ နွေက သူ့ရဲ့ ရနံ့ကို ကမ္ဘာ လောကဆီ ပို့လွှတ်စ ပြုနေပြီ။ ကျေးငှက်သံ တကျီကျီ ကိုလည်း အရင်ကထက် ပိုပြီး ကြားလာ ရပြီ။ ကောင်လေးရဲ့ ကဗျာတွေ ကလည်း နွေရဲ့ ဒဏ်ကြောင့် တဖြည်းဖြည်း နွမ်းရိ ကြေကွဲသံတွေ ပါလာသလို ပါပဲ။ ရှေ့ဆက် ရင်ဆိုင်ရမယ့် ရက်တွေ အတွက် ကြိုပြီး ကြေကွဲနေ ခဲ့တာပဲ ဖြစ်ပါ လိမ့်မယ်။ အဲဒီနှစ် ဆောင်းတွင်းရဲ့ နောက်ဆုံးသော မနက်ခင်းမှာပဲ ကောင်မလေး ဟာလည်း နောက်ဆုံးရက် အနေနဲ့ ခုံတန်းလေးဆီ ရောက်လာ ခဲ့တယ်။ ဒါပေမဲ့ သူမ မျှော်လင့်ထား သလိုမျိုး ကောင်လေးရဲ့ ကဗျာ စာရွက်လေး ကိုတော့ နောက်ဆုံး လက်ဆောင် အဖြစ် မတွေ့ရ တော့ပါဘူး။ နွေဟာ နွေပါပဲ လားကွယ်။ ကောင်မလေးရဲ့ ရင်အစုံဟာ မီးပူရှားခဲ အဟပ်ခံရ သလိုမျိုး ချက်ခြင်းပဲ ပူလောင် ကွဲရှလာ ခဲ့ပါတယ်။ ခါတိုင်းလိုပဲ ပန်းခြံထောင့်မှာ အလုပ် လုပ်နေတဲ့ ပန်းခြံစောင့် လူငယ်လေးကို မေးကြည့်ဖို့ စိတ်ကူးပြီးမှ လက်လျှော့ လိုက်တယ်။ မထူးလှ တော့ပါဘူးကွယ်။
အားလျှော့ ညှိုးချုန်းစိတ်နဲ့ ကောင်မလေး ပြန်လာခဲ့တယ်။ ဒီနေ့ ပူလောင် လွန်းလှချည်ရဲ့ လို့လည်း အထပ်ထပ် မြည်တမ်းနေ မိပြန်တယ်။ သူမကသာ ပြန်နေပေမယ့် စိတ်အစဉ် ကတော့ ခုံတန်းလေး နားကနေ တဖဝါးမှ ခွာနိုင်သေးတာ မဟုတ်ပါဘူး။ ဖျတ်ခနဲ အသိတစ်ချက် အပွင့်မှာ ကောင်မလေး ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ ရှေ့ကို သွားနေတိုင်း မရောက်နိုင်တဲ့ ခရီးတွေ အကြောင်းကို သဘောပေါက် သွားသွားချင်းပဲ ခုံတန်းလေး ဆီကို ပြန်လှည့် လာမိတယ်။ ခုံတန်းလေးနား အရောက် မှာတော့ ကောင်မလေး သိပ်ကို အံ့ဩရပါပြီ။ ချစ်ကြသူ တိုင်းမှာ စိတ်အာရုံ တလှိုင်းတည်း တူညီ နေကြတယ် ဆိုတာကိုလည်း ယုံကြည် လာတယ်။ ခုံတန်း ပေါ်မှာက သူမ အတွက် တန်ဖိုး မဖြတ်နိုင် လောက်တဲ့ ကဗျာ စာရွက်လေး..
ဘယ်ရသတ္တပတ်မှာပဲဖြစ်ဖြစ်
တနင်္ဂနွေဟာ နားရက်မရှိခဲ့ပါဘူးကွယ်
အလွမ်းစိတ်တွေလည်း
ရာစုအသင်္ချေ ရှည်ကြောလွန်းဦးမယ်
ဖြစ်နိုင်မယ်ဆိုရင်
ဝတ်ရုံအမည်းကြီးသာ ခြုံထားလိုက်ချင်တော့တယ်
ဆယ်ကမ္ဘာ.. နွေ။
တကယ့်ကို ကြေကွဲစရာ ကောင်းတဲ့ နှုတ်ဆက် ကဗျာကို ဖတ်နေခဲ့ တာတောင်မှ ကောင်မလေးဟာ ဝမ်းသာ ကြည်နူးနေ ခဲ့ပါတယ်။ ကောင်လေးဟာ သူမရဲ့ စိတ်အစဉ်ကို ဘာကြောင့်များ ဒီလောက်ထိ ဖတ်ရှုကြည့်မြင် တတ်ခဲ့တယ် ဆိုတာ မသိနိုင်ပါဘူး။ ဒီကဗျာ လေးဟာ၊ ပြီးတော့ အရင်က သိမ်းထားခဲ့တဲ့ ကဗျာလေး တွေဟာ နောင်နှစ် ဆောင်းဦးပေါက် ရက်တွေကို စောင့်ကြိုငံ့လင့် နေရှာမယ့် ကောင်မလေး အတွက် ခွန်အားဖြစ် စေခဲ့ပါတယ်။ လာမယ့် ဆောင်းဦးပေါက် ရက်တွေဆီ သွားဖို့ နေပူပူ နွေတွေ.. စွတ်စို ထိုင်းမှိုင်းတဲ့ မိုးစက် တွေကို ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း စတင် ဖြတ်သန်းလာ ပါတော့တယ်။
(၅)
ကောင်လေး အတွက် ကတော့ နွေနေ့တွေဟာ သူ့ကျောပြင် ပေါ်ကို ပူလောင်စွာ စီးကျခြင်း နဲ့ပဲ စတင် ထိတွေ့လာ ကြပါတယ်။ နောက်ဆုံး ဆောင်းမနက်ခင်း နေ့က သူ့ရဲ့ နှင်းဖြူမ လေးကို လွမ်းတဲ့ အလွမ်းတွေ ကိုပဲ လာမယ့် ဆောင်းဦးရက် တွေဆီ သယ်ပိုး ခေါ်ဆောင်သွား ရတော့မယ်။ တောင်းပန် ပါတယ် နွေရယ်။ ငါ့နှလုံးသား ကလွဲရင် ငါ့ကျောပြင်ပေါ်၊ ငါ့ဦးခေါင်းပေါ်၊ အို.. ကြိုက်တဲ့ နေရာကို ပူလောင်စေလို့ ရပါတယ်။ ကောင်လေးဟာ အဲဒီလိုပဲ ဆုတောင်း နေတတ် ခဲ့ပါတယ်။ ကောင်မလေးရဲ့ နေရာကို မသိခဲ့တဲ့ အတွက် တစ်ခါတရံ ခပ်ပါးပါးလေး နောင်တရ နေတတ်တာ ကလွဲပြီး နွေရက်တွေကို ကောင်လေး သတိရ စိတ်နဲ့ပဲ ဖြတ်ကျော်လာ ခဲ့ပါတယ်။
သူမရဲ့ မျက်နှာကလေး၊ သူမရဲ့ ခြေဖမိုးလေး၊ သူမရဲ့ အမောဖြေဟန်လေး တွေက အချိန် တော်တော် များများကို ခြူဆွတ် ယူနေခဲ့ သလိုပါပဲ။ တဖြည်းဖြည်းနဲ့ နွေရဲ့ ပူလောင် အက်ကွဲမှုတွေ လျော့ပါး လာပြီး ကောင်လေးရဲ့ မျက်နှာပေါ် မိုးစက်လေးတွေ ညင်ညင်သာသာ ထိခတ်လာ ကြပြန်ပါ တော့တယ်။ မိုးရဲ့ ရနံ့ကို သယ်ဆောင် လာတဲ့ မြောက်ပြန် လေတွေ၊ တစက်စက် ကျလာ တတ်တဲ့ မိုးစက် တွေဟာ ကောင်လေး အတွက်တော့ အထိမ်းအမှတ် တစ်ခုခုကို သယ်ဆောင် နေတာပါပဲ။ နွေရဲ့ အပူကို ခါးစည်း ရင်စည်း ခံရင်း မိုးရာသီ ရောက်တဲ့ အထိ သူ့အလွမ်း တွေကိုပါ တခုတ်တရ သယ်ဆောင် လာခဲ့တယ်။ အရင်ကထက် ပိုပြီး သစ်ပင် ပန်းမာလ်တွေ စိမ်းစိုလန်းဆန်း လာကြတယ်။ ထီးရောင်စုံတွေ အောက်က လူရောင်စုံတွေ၊ စိုစွတ်စွတ် လမ်းမပေါ်က ကားရောင်စုံတွေ၊ ပြီးတော့ တက်ကြွ လန်းဆတ် နေတဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံ လေးတွေ၊ သာယာ နာပျော်စရာ ခေါင်းလောင်းသံ တွေကြားမှာ ကောင်လေးဟာ နည်းနည်းတော့ သက်ဝင် လှုပ်ရှားမှုတွေ ပြန်ရလာခဲ့ သလိုပါပဲ။ မိုးစက်တွေ အောက်မှာ ထိုင်ရင်း ဆောင်းကို မျှော်နေခဲ့တယ်။
တစ်စုံတရာ ကိုပဲ မျှော်လင့်ရင်း၊ စောင့်စားရင်း တွေးနေတတ် သူအတွက် အဲဒီ မျှော်လင့်ခြင်းဟာ တဖြည်းဖြည်း လင်းလာ ခဲ့ပါတယ်။ ကောင်လေးဟာ သူ့ရဲ့ အချစ်ကို သူဖြတ်သန်း ခဲ့တဲ့ ရာသီတွေနဲ့ ယှဉ်ပြီး စဉ်းစားမိတယ်။ ဆောင်းကို ရောက်ဖို့ နွေဦးကို သူ ဖြတ်သန်းတယ်။ နွေလယ်၊ နွေနှောင်း သူ ဖြတ်သန်း လာခဲ့တယ်။ နွေကုန်တော့ မိုးနဲ့ထိတွေ့ ရပြန်တယ်။ ဒီလိုပဲ မိုးစက်တွေ အောက်က သူ့ရဲ့ စိုစွတ်ခြင်း ကိုပဲ ကြိုးစား ဖြတ်သန်း ပြီးတဲ့အခါ သူ မျှော်လင့်တဲ့ ဆောင်းကို မလွဲမသွေ ရောက်လိမ့်ဦးမယ်။ အဲဒီလိုပါပဲ။ ကောင်မလေးကို သူချစ်နေခဲ့ တဲ့အကြောင်း ကောင်မလေး သိလာအောင်၊ လက်ခံ လာအောင်၊ နောက်ဆုံး အဲဒီအချစ်နဲ့ ညီမျှတဲ့ ရလဒ် တစ်ခုခု တုံ့ပြန် လာအောင် သူကြိုးစား ဖြတ်သန်းသွား သင့်တယ်လို့ ကောင်လေး တွေးမိ လာတယ်။ ကောင်လေး ဆုံးဖြတ် လိုက်တယ်။ ဒီတခါတော့ ဆောင်းတွင်း နတ်သမီးလေးကို သူဖွင့်ပြော တော့မယ်။
အနာဂတ်မှာ ပွင့်မယ့် ပန်းအတွက် ပစ္စုပ္ပန် ကတည်းက ရနံ့တွေ လှိုင်နေ ခဲ့ပါတယ်။ “အဲဒီ အချိန်ကျရင်” ဆိုတာကို ကြိုတွေးရင်း ကုန်ခဲလှတဲ့ မိုးစက် မိုးပေါက်တွေ ကြားထဲမှာ သူ့ မျှော်လင့်ချက် တွေကို စိုစွတ် ယိမ်းပျိုနေ စေခဲ့တယ်။ နင့်နင့်ပိုးပိုး ထမ်းထားရ ပေမယ့်လည်း အဲဒီ မျှော်လင့်ချက် တွေက ကောင်လေးကို မလေးပင်စေ ခဲ့ပါဘူး။
(၆)
မမြန်ဆန်လှ ပေမယ့်လည်း ဆောင်းရဲ့ ရနံ့ကတော့ အသစ်တဖန် သင်းပျံ့လာ ခဲ့ပြန်တယ်။ နှင်းပြောက် မြူမှုန်တွေ ပြန်ပြီး ဖြူလွလာ ခဲ့တယ်။ မနက်ခင်း စောစော ပန်းရုံလေး တွေပေါ်မှာ၊ မြက်ပင် ထိပ်ဖျား လေးတွေ ပေါ်မှာ၊ နှင်းစက် နှင်းသီး လေးတွေ တွဲခိုစုရုန်း လာကြတယ်။ “ငါ့အိပ်မက် တွေကို ငါ့ သွေးခုန်နှုန်းနဲ့ တဂျုံးဂျုံး ခုတ်မောင်း နိုင်တော့မယ်” လို့ တွေးရင်း ကောင်လေး ပျော်နေ ခဲ့ပါတယ်။
နောက်တခါ
နှင်းဖြူတပ်ဦးလေး ချီကြွလာပြီကောကွယ်။
ကိုယ့်စာကြောင်းထဲမှာတော့
ဆောင်းဟာ ဟောင်းတယ်လို့ကိုမရှိခဲ့
နှင်းနတ်သမီးကို ကိုးကွယ်ခြင်းဆိုပြီး
ရူးရူးရဲရဲခေါင်းစဉ်ပြောင်းပစ်
ဆောင်းခေတ်ထဲမှာပဲ ကိုယ်နေထိုင်ပါတယ်။
အတန်အသင့် ချမ်းခိုက် မှုန်ဝေတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ အဲဒီ ကဗျာလေးကို ယူပြီး ခုံတန်း လေးပေါ် တင်ထားခဲ့ဖို့ ကောင်လေး ရောက်လာ ခဲ့တယ်။ ဟိုအရင် ကလိုပဲ ခုံတန်း လေးနားကို ရင်ခုန်သံ တဒုတ်ဒုတ်နဲ့ ချဉ်းကပ်ပြီး ကဗျာ စာရွက်လေး တင်ထားခဲ့ဖို့ ကြည့်လိုက်တယ်။ အိုး.. ကောင်လေး အံ့ဩသွား ပါတယ်။ ခုံတန်းပေါ်မှာ သူ့ထက်အရင် ရောက်နေတဲ့ စာရွက်လေး တစ်ရွက်။ ဝေခွဲ မရခြင်း နဲ့အတူ စာရွက်လေးကို ကောင်လေး ကောက်ယူကြည့် လိုက်မိတယ်။
ဝေးကြပြီ ကဗျာလေးတို့ရေ..
ဒီမနက်ခင်းတွေကိုပဲ မျှော်နေတတ်ခဲ့ပေမယ့်
ဒီမနက်ခင်းတွေ ရောက်မလာနိုင်တော့ဘူး
ခုံတန်းလေးရယ်.. ကဗျာလေးတွေရယ်အစား
ဘူတာရုံထဲက
ခြောက်ခြောက်ခြားခြား မနက်ဖြန်မနက်ခင်းကိုပဲ
သယ်ယူသွားရတော့မယ်
နှုတ်ဆက်ပါတယ်ကွယ်။
ဝိုင်းစက် လှပတဲ့ စာလုံးတွေ တိုင်းဟာ ကောင်လေး အတွက်တော့ ပူလောင် တောက်ရှတဲ့ မျက်ရည်စတွေ ဖြစ်လာ ခဲ့ပါပြီ။ နှင်းဖြူ နတ်သမီး လေးရယ်၊ ချစ်ရသူ လေးရယ်၊ မင်းလည်း ငိုနေခဲ့တယ် မဟုတ်လားကွယ်။ ထူးခြားတဲ့ စေ့ဆော်မှု တစ်မျိုးနဲ့ပဲ ကောင်လေး သိလိုက် ရတယ်။ ကောင်မလေး ကလည်း သူ့ကို ချစ်နေခဲ့တာ ပါလား။ ကျန်ရစ်ခဲ့မယ့် ဆောင်းမနက်ခင်း တွေကို ကျန်ရစ်ခဲ့ ရမှာချင်း တူတဲ့ ကိုယ်ကရော ဘယ်လို နာသာ ခံခက်မှု မျိုးနဲ့ နှစ်သိမ့်လို့ ရနိုင်ပါ့မလဲ။ ဒါဟာ နွေနဲ့မိုးကို ခက်ခဲ ကြမ်းရှမှု အပြည့်နဲ့ ဖြတ်လာ ခဲ့ရတဲ့ ကိုယ့်အတွက်.. ကိုယ်မျှော်တဲ့ ဆောင်းတဲ့လား။ အစိတ်စိတ် ကွဲကြေသွားတဲ့ ပန်းအိုးလေး တစ်လုံးလိုပဲ ကောင်လေးဟာ သူ့ရဲ့ စိတ်ဝိညာဉ်ကို သူ့ကိုယ်နဲ့ ပြန်မဆက် တတ်တော့ဘူး။ မနက်ဖြန် မနက်ရဲ့ နှင်းပျောက် နှင်းစက်တွေ အောက်မှာ.. ကိုယ့်ရဲ့ ကဗျာတို လေးတွေကို ကောက်ယူမယ့်သူ မရှိတော့တဲ့ ခုံတန်းလေး အနား။ မနက်ဖြန် အကြောင်းတောင် ကောင်းကောင်း မတွေးတတ်ခဲ့ သူအတွက် ရှေ့ဆက်ရမယ့် ရက်တွေက ကန္တာရဆူး တွေလိုပဲ ကြမ်းခက် ရင့်အိုနေ ကြတော့မှာ ပေါ့ကွယ်။ မနက်ဖြန် နံနက်ရဲ့ ခုံတန်းလေး အနား၊ ဟင့်အင်း.. ဟင့်အင်း.. ကိုယ်မနေဘူး။ မနက်ဖြန် မနက် အရုဏ်တက်မှာ ကိုယ် ဘူတာရုံ လေးထဲ အရောက် လာပြီး မင်းကို နှုတ်ဆက် ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက် ကြချိန်ဟာ ပူလောင် လွန်းရမယ် ဆိုတာ သိပေမယ့် တသက်စာ သိမ်းထား ရတော့မယ့် မျက်နှာထား လေးနဲ့ အလဲအထပ် လုပ်ယူမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရှိနေမယ့် ဝန်းကျင်မှာ ကိုယ်လည်း ရှိနေရမယ်။ အဆုံးစွန်.. ကြွေလွင့်ပါ စေတော့ကွယ်။
(၇)
နံနက်ခင်း.. နှင်းတွေ ဝေသီဖြူဝါး နေတဲ့ အဲဒီ မနက်ခင်းမှာ သူတို့ မြို့လေး ထဲက တစ်ခု တည်းသော ဘူတာရုံ လေးထဲမှာ ကောင်လေး ရောက်နေ ခဲ့တယ်။ ဘယ်လောက်ပဲ ချမ်းခိုက် သုန်မှုန် နေပါစေ.. ရင်ထဲမှာ မီးတွေ မြိုချထား ခဲ့ရတဲ့ ကောင်လေး ကိုတော့ နှင်းတွေဟာ မအေးချမ်း စေနိုင် ခဲ့ပါဘူး။ ဘူတာရုံ ထောင့်က ခုံလေး ပေါ်မှာ ထိုင်ရင်း ကဗျာတိုလေး တစ်ပုဒ်ကို ရွတ်ဆိုမိမှန်း မသိ ရွတ်ဆို နေခဲ့တယ်။
ခရီးပြင်းနှင်ခဲ့တာပဲကွယ်
ဒါပေမဲ့
မြို့ရိုးတံခါးကိုက
မှုန်ပျပျသာမြင်နေရ။
မြင်နေရတယ်။ မြင်နေ ခဲ့ရတယ်။ ဘူတာရုံ ထောင့်မှာ ထိုင်နေတဲ့ ကောင်လေးကို ဒီမနက်ခင်း မှာမှ မဟုတ်ဘူး။ ကောင်မလေး.. အမြဲ မြင်နေ ခဲ့ရပါတယ်။ ကဗျာလေး တွေထဲက ချစ်ရသူဟာ ပန်းခြံစောင့် ကောင်လေး ပါလားလို့ သိလိုက် ရပေမယ့် ကောင်မလေး အတွက် ထူးပြီး အံ့ဩစရာ တစ်ခု ဖြစ်မနေ ခဲ့ပါဘူး။ စိတ်.. စိတ်ချင်း ရင်းနှီး ကျွမ်းဝင်ခဲ့ ကြပြီးသား ပဲကွယ်။ နာမည်တွေ၊ ဂုဏ်ဒြပ် တွေလည်း မလိုတော့ ပါဘူး။ ကောင်လေးဟာ သူ့ကို နှုတ်ဆက်ဖို့ လာခဲ့တာ ပါလား ဆိုတဲ့ အသိကို လက်ခံ လိုက်ရ ပြီးတဲ့နောက်.. တလောကလုံး မှိုင်းညို့ အုပ်ဆိုင်းသွား ခဲ့ပါတယ်။ ကောင်မလေး ဟာလည်း ကောင်လေးကို ကြေကြေကွဲကွဲ နှုတ်ဆက်နေ ခဲ့ပါတယ်။ သူ့ နှုတ်ဆက်ခြင်းကို ကောင်လေး သိမယ် ဆိုတာ ကောင်မလေး ယုံကြည်နေ ခဲ့သလို ကောင်လေးရဲ့ နှုတ်ဆက် စကား တွေကိုလည်း ကောင်မလေး အလိုလို သိနေခဲ့ ရပါတယ်။ သွားတော့မယ် ကောင်လေးရယ်။
ဒါ… ကဗျာလား
မဟုတ်ဘူး
တေးသံတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
နှုတ်ဆက်ရာဂီတကိုပဲ
ခရီးဆောင်အိတ်လို လွယ်ပါတော့ကွယ်
ထွက်ခွာတော့မယ့်ရထားဟာ
ဆောင်းရာသီကို ပြန်မလာပါစေနဲ့။
ရထားပေါ်က သူမ ထိုင်မယ့် ထိုင်ခုံလေး ပေါ်မှာ ထုံးစံအတိုင်း လက်ရေး စောင်းစောင်း ကဗျာလေး။ တစ်ခေါက် နှစ်ခေါက် သုံးခေါက်၊ အို.. ဒီကဗျာကို ကိုယ်မှတ်မိ မနေချင်ဘူးကွယ်။ ကိုယ့် နှလုံးသားထဲ ဝင်ပြီး တဆစ်ဆစ် တူးဆွ နေတော့မယ့် ကဗျာပဲလေ။ အတင်း ငြင်းဆန်နေခဲ့ ပေမယ့်လည်း မရနိုင်မှန်း ကောင်မလေး သိနေခဲ့ပါတယ်။ ကြေကွဲ ဆွံ့အနေတဲ့ မျက်ဝန်း အစုံနဲ့ ကောင်မလေးကို လှမ်းကြည့် မိတယ်။ အို.. သူလည်း ကိုယ့်ကို ကြည့်နေခဲ့တာ ပါလား။ မျက်ရည်စတွေ ကျလာ မိသလား မသိဘူး။ ကောင်မလေး စိတ်ထဲမှာ အရမ်းကို ထစ်ချုန်းပူလျ နေခဲ့ပါပြီ။ ချစ်တယ်လို့ တစ်ခွန်းတည်းပဲ လာပြောလှည့်ပါ ကောင်လေးရယ်။ အရာရာကို နောက်မှာ ပစ်ချ.. အဲဒီလို ရဲရင့်မှု မျိုးတောင် ထုတ်ပြလိုက် ချင်ပါတယ်။ ရထား ထွက်မယ့် အချိန်လည်း တဖြည်းဖြည်း နီးကပ်လာ နေပါပြီ။
ကောင်မလေးကို ငေးငေးမှုန်မှုန် ကြည့်နေရင်းနဲ့ပဲ ကောင်လေး ကိုယ်တိုင်လည်း ကြေကွဲ ရစ်သီနေ ခဲ့ပါတယ်။ သူ့ကဗျာ လေးကို ငုံ့ဖတ် နေရှာတဲ့ ကောင်မလေး မျက်နှာ၊ ပြီးတော့ နှုတ်ဆက် စကား တွေကို ပို့လွှတ် နေတဲ့ သူမရဲ့ မျက်ဝန်း၊ သူမရဲ့ ပူလောင် စီးကျ မျက်ရည်စတွေ၊ အစအဆုံးကို ကောင်လေးရဲ့ စိတ်ထဲမှာ မှတ်သားနေ ခဲ့ပါတယ်။ အံ့ဩစရာကောင်း လောက်အောင် ကောင်လေးသာ စကားတစ်ခွန်း ပြောလိုက်ရင် အရာရာကို ရင်ဆိုင်နိုင်တဲ့ ဖျိုးဖျတ်စူးရှ မျက်ဝန်း တွေကို ကောင်မလေး ဆီမှာ သွားတွေ့ လိုက်တယ်။ ဟား.. ဒါ အခွင့်အရေးပဲ။ ငါတို့ ချစ်သူ နှစ်ဦး အတွက် ဘယ်တော့မှ မဝေးကြ တော့မယ့် အခွင့်အရေး မျိုးပဲလေ.. ငါ.. ငါ..။ တကယ့်ကို ခဏလေး ပါပဲ။ ကောင်လေး သူ့စိတ်ကို ထိန်းချုပ်ပစ် လိုက်တယ်။ ကောင်မလေးရယ်.. မင်းရဲ့ ရဲရင့်မှုကို ကိုယ် မိုက်ရူးမှု အသွင် ပြောင်းမပစ် ပါရစေနဲ့ကွယ်။ မင်း နားလည်ပါစေ ကောင်မလေးရယ်။ အချစ်ဟာ ကဗျာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကဗျာ ကတော့ ဘဝ တစ်ပုဒ်မှ မဟုတ်ခဲ့ နိုင်တာ။ ကိုယ်တို့.. မမိုက်မဲ ကြပါစေနဲ့ တော့ကွယ်။
စိတ်ကို ထိန်းချုပ် ကွပ်ကဲ နေရင်းကပဲ ကောင်လေး ရထား ရပ်ထားတဲ့ နေရာကို လှမ်းလာ မိတယ်။ အိုး.. နှင်းတွေ ကလည်း ထူးထူးခြားခြား ထူထပ် ဖျောက်ကြွေ နေကြပါ ရောလားကွယ်။ ဒါဟာ.. ဘာဖြစ်လို့ ဇာတ်ဝင်ခန်း တစ်ခု မဖြစ်ခဲ့တာ ပါလိမ့်။ ရထားနားကို လျှောက်လှမ်းလာ မိရင်းကပဲ ကောင်လေးဟာ ကောင်မလေး မျက်နှာကို မေ့မေ့မောမော မြတ်နိုးမှု အပြည့်နဲ့ ကြည့်နေ ခဲ့ရှာတယ်။ ဒါပဲ.. ကိုယ့်ရဲ့ အတတ်နိုင်ဆုံး စွန့်စားမှု ဖြစ်ပါလိမ့်မယ်။ နောက်.. ကောင်လေး ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ အဲဒီ ဆုံးဖြတ်ချက် နဲ့အတူ မျက်ရည် တစ်စလည်း ခိုတွဲပါလာ ခဲ့ပါတယ်။ အတတ်နိုင်ဆုံး အားတင်းပြီး ကောင်မလေးကို တစ်ချက် ပြုံးပြ လိုက်တယ်။ ကောင်မလေးရယ်.. နှင်းမှုန် အိပ်မက် လေးရယ်.. အဲဒီ အပြုံးဟာ လက်ဆောင် တစ်ခုပါပဲ။ ဒါကိုပဲ ဒါကိုပဲ.. နင် သယ်ဆောင် သွားတော့ကွယ်.. သွားတော့.. ဝေးကြ ပါစေတော့။ နှင်းတွေ ကလည်း ဝေလိုက်တာ.. ကြွေလိုက်တာ။ ကောင်လေး မျက်နှာလွှဲလိုက် ပါတော့တယ်။
နှင်းပြောက် နှင်းစက်တွေ အိုမင်း ရင့်ရော်စွာပဲ ကောင်လေး မျက်နှာပေါ် လွင့်ဝေ ကြွေကျ နေခဲ့ကြ.. ရထားထွက် သွားတဲ့အထိ လက်ကျန် အင်အားနဲ့ပဲ ကောင်လေး မျက်နှာလွှဲ ထားပစ်ခဲ့ ရပါတယ်။
(၈)
အဲဒီလိုနဲ့..
အဲ ဒီ လို နဲ့ ..
အဲ ဒီ လို နဲ့..
နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းလောက်အောင် နှင်းပြောက် ဝိုးဝါးတွေ ပြိုင်းရိုင်း ဖွာကျဲနေတဲ့ ခုံတန်းလေး တွေပေါ်မှာ၊ အဲဒီ.. အထီးကျန် ခုံတန်းလေး တွေပေါ်မှာပဲ.. လက်ရေး စောင်းစောင်းနဲ့ “နှင်းမှုန်အိပ်မက်” ကဗျာတို လေးတွေ လွင့်ကျနေ ခဲ့ပါတယ်။
သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; 123rf.com
ဖတ်ဖူးတယ်...ထပ်ဖတ် ထပ်လွမ်းသွားတယ်..
ReplyDelete