Monday, February 11, 2008

၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
- ၁ -

သူတရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသော ငြိမ်းအေးမှု တစ်မျိုးကို ခံစားနေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်း မရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်း ထဲကို ဒီလေယာဉ်က ဘာစိတ်ကူး ပေါက်ပြီး ရောက်လာပါလိမ့်။ အိုး၊ ၂၁ ရာစုတောင် ရောက်နေမှပဲ၊ တောထဲ လေယာဉ် ရောက်တာလောက် ကတော့ မဆန်း လှပါဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့် လိုက်မိသည်။ အလို၊ လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့် ဘာမှန်း မသိသော အရာဝတ္ထုလေး မြေပေါ်ကျ အလာကို စောင့်နေလိုက်သည်။ ထိုအရာဝတ္ထုလေး ကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာ ကျလာ၏။

 

“ဪ စာရွက်တစ်ရွက်ပဲ”

တစ်ယောက်တည်း ရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူ ကြည့်လိုက်သည်။

 

“အိုး..”

စူးစူးနစ်နစ် ရေရွတ်ရင်း ချာလည်သွားသော စိတ်နှလုံးကို မနည်း ပြန်ထိမ်းယူ လိုက်ရ၏။ ဒါတောင်၊ ခုနက တရားမှတ် ထားတဲ့အခံ ရှိပေလို့ဟုလည်း တွေးမိသေး၏။ သူ ကောက်ယူကြည့် လိုက်မိသော စာရွက်ထဲမှာက လှပ ပြေပြစ်လွန်းသော မိန်းမငယ် တစ်ဦး၏ ဓာတ်ပုံ။ အောက်ဖက်မှာက ကွန်ပျူတာ စာစီထားသော စာလုံးအချို့။ “ရွှီး”ခနဲ လေတစ်ချက် ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။

“ကြင်ယာတော်ရွေး လေးတင်ပွဲ”

အထက်ပါ ဓာတ်ပုံရှင် ဘုရင့်သမီးတော်လေး သီတာဒေဝီ၏ ကြင်ရာတော်ရွေး လေးတင်ပွဲကို အောက်ပါ အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်ပါ၍ ဖိတ်စာနှင့်တကွ ကြွရောက်ပါရန် ဖိတ်ကြား အပ်ပါသည်။

 

နေ့ရက် - ၁၄. ၂. ၂၀၀၈
အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီ
နေရာ - နန်းရင်ပြင်တော်ရှေ့
လမ်းညွှန် - ရှိသမျှလိုင်းကား အကုန်ရောက်သည်

 

“အဟိ”

အဲဒီ လေးရွင်ပွဲ၊ အဲလေ အဲဒီ လေးတင်ပွဲကို ကိုယ်ရောက်အောင် လာခဲ့မယ် အချစ်ရယ်။ မင်းရဲ့ နှလုံးသား နန်းဆောင်မှာ နေခွင့်ရဖို့ ကိုယ့်ရဲ့ လက်ရုံးရည်ကို ပြသလှည့်မယ်ကွဲ့။ ကိုယ့်ရဲ့ အောင်နိုင်ပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ မင်းရဲ့ အပြုံးတွေကို နန်းရင်ပြင် ရှေ့မှာ အပြည့် ခင်းကျင်းထားပါ။ အပြန်ခရီးမှာ မင်းရဲ့ လက်ကလေးကို ဆုပ်ကိုင်လို့ တို့ရဲ့ အနာဂတ်ကို ရဲရင့်စေကြမယ်။ အခုတော့ အလောတကြီး ရင့်မှည့်လာတဲ့ ရင်ခုန်သံကို ပြန်လည် ထိန်းညှိဖို့ ကိုယ့်ကို ကဗျာတစ်ပုဒ် ရွတ်ခွင့်ပြုပါ ချစ်သူ။

 

ဖြစ်တည်ခဲ့
ရင်မှာပျိုးတဲ့သစ်သီး
စားသုံးချိန်နီးတဲ့အခါ

ခရီးပြင်းနှင်ခဲ့မယ် မင်းဆီ
ပျိုမြစ်စွာ ကြိုဆိုလှည့်။

တစ်ယောက်တည်း အူမြူးစွာဖြင့် တောင်စဉ်ရေမရ လျှောက်ပြောရင်းမှ ခေတ်ပေါ်ကဗျာ တစ်ပုဒ်ကိုပါ ခပ်တည်တည် ရွတ်ချ လိုက်သေး၏။ သူကား အားလုံးသိပြီး ဖြစ်ကြသည့် အတိုင်း ဒဿဂီရိ (ဒါမှမဟုတ်၊ သူ့အပြောအရ “၂၁ ရာစု ဒဿဂီရိ”) ပင်ဖြစ်လေသည်။

 

- ၂ -

နန်းရင်ပြင် ပတ်ပတ်လည်တွင် ခုနစ်ပြည်ထောင် မင်းညီမင်းသားများနှင့် လူသူ ပရိသတ်များ လျှံကျနေသည်။ နန်းရင်ပြင် အလယ်တွင်တော့ ဗိုလ်ခြေတစ်ထောင် မ,မှကြွသည်ဟု နာမည်ကြီးသော လေးကိုင်းကြီးကို စင်မြင့်ပေါ်တွင် တင်ထား၏။ ထိုလေးစင်၏ ခပ်လှမ်းလှမ်းတွင် ဘုရင့် အကိုးကွယ်ခံ ဆရာရသေ့ကြီး၊ ရာမမင်းသားနှင့် လက္ခဏ မင်းသားတို့ တန်းစီ ထိုင်နေကြသည်။ အခမ်းအနား ကလည်း မစသေးသဖြင့် အသံဗလံ ပေါင်းစုံတို့ တွတ်စီ ညံဆူနေ၏။

 

“တို့ဘုရင်ကြီးက သူ့သမီးတော်လေးကို အပျိုကြီး ဖြစ်စေချင်တယ် ထင်ပါ့ ကိုရင်ရယ်”

“ဟ.. ဘာလို့လဲ ရှင်မရ”

“အိုတော်၊ ဗိုလ်ခြေတစ်ထောင် မ,မှ ဒီလေးက ကြွပါတယ်ဆို ဘယ်သူက တစ်ယောက်တည်း မ,နိုင် မှာလဲတော်”

လူသူ ပရိသတ်များထဲမှ အချီအချ ငြင်းခုန်သံများ၊ အမျိုးမျိုးသော ထင်ကြေးပေးချက် များကပင် အခမ်းအနားကို ပိုပြီး အသက်ဝင် စေသလို ထင်ရလေသည်။

 

ထိုအချိန်မှာပင် ငြိမ့်ညောင်းလှသော စက်သံနှင့်အတူ အမည်းရောင် ပြောင်လက်နေသော “ပါဂျဲရိုး” ကားကြီးတစ်စီး ထိုးစိုက်လာသည်။ ထို့နောက်၊ ကားတံခါး ဖြည်းညင်းစွာ ပွင့်လာပြီး ကားပေါ်မှ စမတ်ကျကျ၊ ကိုယ်လုံးကိုယ်ထည်ကြီးကြီး လူတစ်ယောက် ဆင်းလာသည်။ မျက်နှာ ကိုလည်း ဖုန်မှုန်နေအောင် ဘာတွေ လိမ်းလာသည်မသိ။ အစွမ်းကုန်ကို ရူပါကျွေး လာပုံရသည်။ တာဝန်ကျ မှူးမတ် တစ်ဦးက သူ့အနား ကပ်သွားပြီး

 

“ဖိတ်စာပြပါ”

ဒါကိုပင် သူက လှည့်မကြည့်ဘဲ ဘောင်းဘီ အိတ်ထဲမှ ဖိတ်စာကို ဖျတ်ခနဲ ဆွဲထုတ်လိုက်ပြီး ဖိတ်စာပေါ်ရှိ ဓာတ်ပုံကို စိတ်မချသလို တစ်ချက် ကြည့်လိုက်သေးသည်။ ပြီးမှ မပေးချင် ပေးချင် ပုံစံမျိုးဖြင့် ပေးလိုက်သည်။ အားလုံးသော ပရိသတ်ကလည်း သူလုပ်သမျှကို ပါးစပ် အဟောင်းသား ငေးကြည့် နေကြ၏။ သူက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အောင်မြင် ထည်ဝါသော အသံနှင့်

 

“ကျုပ်က ဒဿဂီရိ၊ သိန်းဃိုရ်ပြည်က လာတာ၊ လာတဲ့ ကိစ္စကတော့ လေးတင်ပွဲမှာ ဝင်ပြိုင်မလို့”

အားလုံး မင်တက်မိသလို ခဏ ကြောင်ငေး သွားကြသည်။ ခဏနေတော့မှ အားလုံး လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာ၏။ တီးတိုး ဝေဖန်သံများ၊ ဝေခွဲမရသည့် အကြည့်များ၊ ပြီးတော့ ဟုတ်ပါ့မလား ဆိုသည့်အသံများ ညံလာပြန်သည်။ စပ်စုတတ်ပုံ ရသော မင်းသား တစ်ပါးက မရဲတရဲ ထပြီး မေးသည်။

 

“ခင်.. ခင်ဗျားက ဒဿဂီရိသာ ဆိုတယ်၊ ဘယ်မှာလဲ နောက်ထပ် ခေါင်းကိုးလုံး၊ ခုတော့ မျက်နှာပြဲကြီး တစ်ခုပဲ တွေ့တယ်”

ဒါကိုသူက တုံးလှချည်လား ဟူသော အကြည့်မျိုးဖြင့် စောင်ပေပေ ပြန်ကြည့် လိုက်သေးသည်။ ပြီးမှ ထိုမင်းသား ပခုံးကို ဟန်ပါပါ တစ်ချက်ပုတ်ပြီး

 

“ဒီမယ်.. ကိုယ့်လူ၊ အခု ၂၁ ရာစုပဲ ရောက်နေပြီ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိတော့ဘူး၊ ကျန်တဲ့ ခေါင်းကိုးလုံးက ဘတ်လပ် ဘတ်လပ်နဲ့ အနေအထိုင် ကျဉ်းကျပ်လွန်းလို့ ဆာဂျရီ လုပ်ပြီး ခွဲစိတ် ပစ်လိုက်ပြီ၊ ကျန်တဲ့ ခေါင်းတစ်လုံးတောင် အဆစ် ခွဲစိတ်ပေးပါ့မယ် လုပ်နေလို့ မနည်း တောင်းပန် လာခဲ့ရတာ”

“ဒါဖြင့် ခင်ဗျား စီးနေကျ ပန်းရထားကြီးကရော”

ကျေနပ်ပုံ မရသေးသော မင်းသားက ထပ်မေးပြန်သည်။ သူ စိတ်တိုသွားပြီး

 

“ကျွတ်စ်၊ ခက်တော့နေပြီ၊ ၂၁ ရာစု ရောက်နေပြီလို့ ကိုယ့်လူကို ဘယ်နှခါ ပြောရမလဲဗျ ဟင်၊ ပန်းရထား စီးရတာ မငြိမ့်လို့ ပါဂျဲရိုး ငြိမ့်ငြိမ့်လေး ဝယ်စီးတယ်လေ၊ ဘာဖြစ်လဲ၊ ပိုက်ဆံရှိရင် ဘရစ်တနီ စပီးယားကိုတောင် ခေါ်ပြီး ကလော်ခိုင်းလို့ ရတယ်.. နဖာချေး၊ သိပ်မပိန်းစမ်းပါနဲ့ ကိုယ့်လူရာ”

ထိုအခါကျမှ အားလုံး ဘဝင်ကျ သွားသလို ခေါင်းတညိတ်ညိတ် ဖြစ်ကုန်၏။ သူက ထပ်မံပြီး အားလုံးကို ဝေ့ကြည့် လိုက်သည်။ ပြီးမှ

 

“ကဲ.. ကဲ၊ အချိန် သိပ်မရှိဘူး၊ အရင် ရောက်တဲ့သူတွေ လေးတင်ကြပါလေ၊ ကျုပ်ကတော့ နောက်ဆုံးမှ လေးတင်ပါ့မယ်၊ ဟဲဟဲ”

သူ့စကား အဆုံးမှာ မင်းသားတစ်ပါး ပြုံးဖြဲဖြဲနှင့် ထပြီး

 

“အဟီး၊ ညီ မတင်တော့ပါဘူး ကိုကြီးရာ၊ မ,နိုင်မှာလည်း မဟုတ်ပါဘူး၊ ကိုကြီး အစွမ်းကိုပဲ ညီ ထိုင်ကြည့်တော့မယ် လေနော်.. အဟဲ”

“ဟုတ်တယ်.. ဟုတ်တယ်၊ သားတို့လည်း နိုင်မှာ မဟုတ်တဲ့ အတူတူ ကိုကြီးကိုပဲ ထိုင်ကြည့် တော့မယ်”

ဟု ကျန်မင်းသား တွေကပါ ပြာပြာသလဲ ထောက်ခံကြသည်။ ဒါကို သူက

 

“အာ.. မဟုတ်သေးဘူးလေ၊ ကျုပ် တစ်ယောက်တည်း လေးတင်ရင် မတရားရာကျ နေမှာပေါ့၊ နောက်မှ ကိုလူဆိုးကြီးလို့ အပြော မခံနိုင်ပေါင်”

ဟုပြောပြီး ရာမနှင့် လက္ခဏတို့ ထိုင်နေရာသို့ လှမ်းကြည့်လိုက်သည်။ တဆက်တည်းမှာပဲ လက္ခဏကို လက်ညှိုးထိုးပြီး

 

“ဟောဟိုက မျက်နှာ ရွှေသွင်းထားတဲ့ ညီတော်လေး ကရော.. အစွမ်းပြဖို့ စိတ်ကူးလေးများ မရှိဘူးလား”

“ဟင့်အင်း.. ဟင့်အင်း”

လက္ခဏ ကလည်း ချက်ချင်းပင် သွက်သွက်ခါအောင် ငြင်း၏။ သူက စိတ်ပျက်သလို ပုံစံမျိုးနှင့် ခေါင်းတစ်ချက် ခါလိုက်ပြီး

 

“မဖြစ်သေးဘူး လေဗျာ၊ တစ်ယောက်တည်း ပြိုင်ပြီး ဆုရတယ်ဆိုရင် ကျုပ်က ငပေါကြီး ဖြစ်သွားမှာပေါ့၊ ဒီလိုလုပ်မယ်၊ ကျုပ်ကပဲ ယှဉ်ပြိုင်ဖက်ကို ရွေးလိုက်မယ်လေ၊ အဲဒီ ပြောင်ပြောင် လက်လက် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်တော့ လေးတော် တင်ကြည့်ပါ၊ ကျုပ်ဖက် ကတော့ ယုံကြည် စိတ်ချမှု အပြည့် ရှိနေတာ၊ နာမည်ကိုက အီဗာ၊ အဲလေ.. ဒဿဂီရိတဲ့”

ဟုဆိုပြီး ရာမနှင့် လက္ခဏကို လှမ်းပြီး စိန်ခေါ်၏။ လက္ခဏက မျက်နှာငယ်လေးနှင့် ရာမကို ကြည့်ပြီး ပြောသည်။

 

“ကိုကိုပဲ တင်လိုက်ပါ ကိုကိုရယ်၊ ညီညီမနေ့က အစား မှားပြီးတော့ ဝမ်းလျှောနေလို့ အားမရှိဘူး”

ရာမ ကလည်း အကြောက်အကန် ပြန်ငြင်းသည်။

 

“အွန်၊ မင်း လည်သလိုလို အိမ်မကပ် သလိုလို မလုပ်နဲ့လေ၊ အဲဒီလို ပြောကြေးဆို ငါလည်း နေမကောင်း ဖြစ်နေတာ ကြာပြီ၊ ကြည့်ပါလား.. မျက်နှာလေးကိုက နွမ်းဖတ်ဖတ်နဲ့ အစိမ်းရောင် သန်းနေတဲ့ ဟာကို၊ အမလေး.. သနားစရာ ကောင်းလိုက်တဲ့ လူမမာ ရာမလေးရယ်.. ကျွတ်.. ကျွတ်”

ဟုဆိုပြီး မျက်နှာကို အိုချပစ် လိုက်သည်။ လက္ခဏ ကလည်း အားကျမခံ

 

“ဟင်၊ ခင်ညားကြီးလည်း ဂေါ်လီလိုလို လောက်စာလုံးလိုလို မလုပ်နဲ့လေ၊ ကျားဗိုလ်ဆွဲမယ်၊ ရှုံးတဲ့သူ သွားကြေး၊ လာ.. သွားဆွဲမယ်”

ဟုဆိုပြီး ရာမကို ဆွဲခေါ်သွားသည်။ ခဏနေတော့ ရာမမင်းသား မျက်နှာကြီး ရှုံ့မဲ့ကာ ပြန်ထွက်လာ၏။ ပါးစပ်ကလည်း ကြိတ်မနိုင် ခဲမရနှင့် ပွစိပွစိ ရေရွတ်လာသည်။

 

“ဟင်း၊ အလကား ချဉ်ပေါင်ရိုးကောင် တုတ်ထိုးကောင် ပိန်တာရိုးကောင် တေညှင်းဇိုးကောင် ဖေတစ်ရာ မောင်တစ်ကျိပ် ဦးလေးအစိတ်နဲ့ ..င်ပြတ် သေမယ့် မသာကောင်”

ဆဲဆိုသံ ပေါင်းစုံနှင့် လေးစင်ရှိရာသို့ လျှောက်သွား၏။ ထို့နောက် မျက်နှာကြီး နီတွတ်လာ သည်အထိ လေးကိုင်းကို ဆွဲမသည်။ လုံးဝမကြွ။ ထိုအခါမှ စိတ်အေး သွားပုံနှင့်

 

“ဟူး.. တော်ပါသေးရဲ့ အဟီး”

ဟုဆိုကာ ပြန်လှည့်လာသည်။ သူကတော့ အဲဒီ အဖြစ်အပျက်တွေကို ကြည့်ပြီး နားမလည် နိုင်အောင် ဖြစ်နေ၏။ ဒီလို ဘုရင့်သားမက် ဖြစ်ရမှာ ကိုတောင် ဘာဖြစ်လို့ အကြောက်အကန် ငြင်းနေ ကြပါလိမ့်၊ အို.. ဒါတွေ ထားပါလေ၊ အရေးကြီးတာက ငါပဲ။ မင်းသမီးလေးကို ပိုင်ဆိုင်ရမယ့် ဖူးစာရှင်က ငါမို့လို့ပဲ နေမှာပေါ့။ ဟိုဟိုဒီဒီ လျှောက်တွေး မနေတော့ဘဲ လေးစင် ရှိရာသို့သာ တစ်လှမ်းချင်း သွားလိုက်သည်။ ပြီးတော့ ပရိသတ် အားလုံးကို လှမ်းကြည့် လိုက်သေး၏။ အားလုံး၏ အာရုံတွေ သူ့ဆီမှာပဲ ကျရောက် နေသဖြင့် ကျေနပ်သွားသည်။

 

ပထမဆုံး အာရုံ မပျံ့လွင့်အောင် ထိန်းလိုက်သည်။ ပြီးနောက် ရှိသမျှအားကို အကုန်စုစည်း ထားလိုက်၏။ ဒီလောက် အလေးကြီးကို မ,ဖို့ ဒီလို နည်းလမ်းကောင်းတွေ လိုသည်လေ။ ထို့နောက် လေးကိုင်းကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အသက်ကို ဝအောင် ရှူသွင်း လိုက်သည်။ နောက်ဆုံးအဆင့် အနေနဲ့ လေးကိုင်းကို ရှိသမျှ အားသုံးပြီး ဆွဲမလိုက်သည်။

 

“ဟင်”

“ချိန်ခွင်လောက်တောင် မလေးဘူး”

ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။ လူကလည်း နောက်သို့ လန်သွား၏။ လက်ထဲမှာက ရှိသမျှ အားနဲ့ မ,လိုက်ရသော ချိန်ခွင်လောက်တောင် မလေးလှသည့် လေးကိုင်းကြီး။ ကြောင်စီစီနှင့် ခဏလောက် မင်တက် မိနေသည်။ ပြီးမှ

 

“မဟုတ်သေးပါဘူး”

ဟုဆိုကာ လေးကိုင်းကို စင်ပေါ် ပြန်တင်လိုက်၏။ ပြီးနောက် လေးကိုင်းကို နောက်တစ်ခါ ပြန်မ, ကြည့်သည်။ အလွယ်တကူ ပါလာပြန်၏။ သူလည်း ကိုယ့်ကိုယ်ကိုယ် မယုံနိုင်သလို သူ့လက်ထဲတွင် ရှိသော လေးကိုင်းကိုတလှည့် ကြည့်လိုက်၊ လူပရိသတ်များကို တလှည့် ကြည့်လိုက် လုပ်နေ၏။ ထိုစဉ်မှာပင်

 

“လူစွမ်းကောင်း ဒဿဂီရိဟာ လေးတော်ကို နှစ်ထပ်ကွမ်း တင်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဘုရင့် သမီးတော် သီတာဒေဝီ မင်းသမီးလေးရဲ့ ကြင်ယာတော် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်”

ဟု မှူးမတ် တစ်ဦးက ကြေညာ လိုက်လေသည်။

 

“ဟေး..”

“ဖြောင်း.. ဖြောင်း”

“ရွှီ.. ရွှီ.. ဒတ်ကြီးကွ”

လက်ခုပ်သံတွေ အားပေးသံတွေ။ ဒါ ဒါ ငါ့ကို ဂုဏ်ပြုကြတဲ့ အသံတွေပဲ။ ရင်မှာ လှိုက်ခနဲကို ကြည်နူး ရပါလား။ အားလုံးက ဝိုင်းပြီး ချီးမြှောက် ခံလိုက်ရလို့ ဝမ်းသာပီတိ ဖြစ်မှုတွေ။ ချစ်သူကို ပိုင်ဆိုင်ခွင့် ရပြီဆိုတဲ့ အသိတွေ။ အို.. ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့မှ နှိုင်းလို့ မရပါလား။

 

သူ ဘဝင်ကျသွားပြီး အားလုံးကို လက်ဝှေ့ယမ်း ပြလိုက်၏။ ရာမမင်းသား ကလည်း ထိုင်နေရာမှ ထလာပြီး သူ့အတွက် ဂုဏ်ယူပါတယ် ဆိုသော ပုံစံမျိုးဖြင့် လက်ကမ်း ပေးလာ၏။ သူ ဝမ်းသာအားရပဲ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ထို့နောက်မှ

 

“ကဲ.. သီတာကို ကျုပ် ခေါ်သွားလို့ ရပြီလား၊ ရရင်လည်း ခေါ်သွားတော့မယ်လေ၊ ကျုပ် တိုင်းပြည်မှာ ပြန်ပြီး ဧည့်ခံပွဲ လုပ်ရဦးမှာ”

တချိန်လုံး ငြိမ်နေသော ရသေ့ကြီးက ဝင်ပြောသည်။

 

“လာမှာပါလေ၊ သိပ်မလောပါနဲ့၊ သွားခေါ်နေပါပြီ”

ခဏနေတော့ အဖြူဆွတ်ဆွတ် ဝတ်စုံနှင့် မင်းသမီးလေး အခြွေအရံများနှင့် ရောက်လာ၏။ မျက်နှာကိုလည်း ပဝါဖြင့် အုပ်ထားသေးသည်။ အို.. မမြင်ရလည်း လှတာ ပါပဲလားကွယ်။ မင်းသမီးလေး သူ့အနား လာရပ်တော့ ရင်ခုန်သံက ပိုမြန်လာ၏။ သူ ကတုန်ကယင်နှင့် မျက်နှာကို အုပ်ထားသော ပဝါစကို ဖယ်ရန် လက်လှမ်း လိုက်သည်။ ဒါကို မင်းသမီးလေးက လက်ဖြင့် ဖမ်းထားပြီး တိုးညင်းသော လေသံဖြင့် ပြောသည်။

 

“အို.. ရှက်ပါတယ်”

ဟုတ်သားပဲလေ။ သူ ရှက်ရှာပေမပေါ့။ ခုလောလောဆယ်တော့ မကြည့်တော့ပါဘူး။ အိမ်ရောက်မှပဲ.. အဟိ။ သူ အူမြူးစွာ တွေးရင်း မင်းသမီးကို လှမ်းပြောသည်။

 

“ဒါဆိုလည်း သွားကြရအောင်နော်”

မင်းသမီးလေးက ညင်သာစွာ ခေါင်းညိတ် လိုက်သည်နှင့် ကားနားကို အပြေးအလွှား သွားပြီး ကားတံခါး ဖွင့်ပေးလိုက်၏။ မင်းသမီးလေးက အိန္ဒြေရစွာ ဝင်ထိုင်သည်။ သူလည်း အားလုံးကို နှုတ်ဆက် လက်ပြပြီး ကားထဲ ဝင်ထိုင်ကာ ညင်သာစွာ ကားကို မောင်းထွက်လိုက်၏။ အော်ဟစ် အားပေးသံ များက အနောက်တွင် တဖြည်းဖြည်း ဝေးကျန်ခဲ့ပြီ။

 

- ၃ -

အခန်းထဲမှာ သူ့ရဲ့ ကြင်ယာတော် အသစ်စက်စက် ကလေးက ငြိမ်သက်စွာ ထိုင်နေ ပေလိမ့်မည်။ သူကတော့ အထဲ မဝင်ရဲသေးဘဲ အခန်းဝမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ရင်တွေ ခုန်ကာနေ၏။ အချစ်ဟာ အရာရာကို ကြောက်စိတ် ဝင်စေနိုင် တာပဲလေ။ ဟိုဟိုဒီဒီ တွေးနေရင်းမှ ဒီနေ့ ဖြစ်ပျက်ခဲ့ ပုံတွေကို ပြန်စဉ်းစားမိသည်။ ငါ့အတွက် အရာရာဟာ ဘာလို့များ လွယ်ကူနေ ခဲ့ပါလိမ့်။ အို.. မလိုပါဘူးလေ။ ငါက၂၁ ရာစု ဒဿဂီရိပဲ။ ငါ့ရဲ့စွမ်းရည်ကိုက သူများတွေထက် ပိုသာနေတာ ဖြစ်မှာပေါ့။ အတွေးစက ကြင်ယာတော်လေးဆီ ပြန်ရောက်သွား၏။

 

အချစ်ဆိုတဲ့ အရာဟာ ဒီလောက်ပဲ တန်ခိုးကြီးသလား မိသီတာ။ ဒါ့ကြောင့်လည်း ချစ်ခြင်း တရားရဲ့ ရှေ့မှောက်မှာ ခေတ်အဆက်ဆက်က လူတွေ ဒူးထောက်ခဲ့ ကြရတာပဲ။ ငါ့ရဲ့ ရင်တစ်ခုလုံး ဟုန်းဟုန်းတောက် နေအောင် ပြုစားရက်တယ် မိသီတာ။ နင့်အတွက်ပဲ ဝေမြနေခဲ့တဲ့ ရင်ခုန်သံကို တဆိတ်လေး နားစွင့်ကြည့်ပါ။ ပြီးရင် ကောင်းကင်ကို ကြည့်ပါဦး အချစ်။ လမင်းဟာ ငါ့ရဲ့ နတ်သမီး ပြပွဲကို ဂုဏ်ယူစွာ ပြုံးကြည့် နေလိမ့်မယ်။ ကြယ်အစုံတို့ရဲ့ ကောင်းချီး ဩဘာသံ ဟာလည်း ငါတို့ နှစ်ယောက် အတွက် နားဝင်ချိုတဲ့ တေးသွားတစ်ခု ဖြစ်နေလိမ့်မယ်။ ငါ့ရဲ့ အချစ်တွေကို နင်မြင်နိုင်ဖို့ အတွက် နင့်မျက်နှာလေး ပေါ်မှာ ဖုံးအုပ်ထားတဲ့ ပဝါစကို ငါဖယ်ရှား ပစ်ပါရစေ မိသီတာရယ်။

 

ရင်ခုန်သံတွေ ကျယ်လွင့်လာသည့် ကြားမှပင် အခန်းထဲသို့ အရဲစွန့်ပြီး ဝင်လိုက်၏။ ထို့နောက် သူမ အနားသို့ ကပ်သွားပြီး မျက်နှာပေါ်ရှိ ပဝါစကို အသာ “မ” ကြည့်လိုက်သည်။ တလောကလုံး ဆိတ်ငြိမ် သွားသလို ထင်လိုက် ရပြီးနောက်

တစ်စက္ကန့်..

နှစ်စက္ကန့်..

သုံးစက္ကန့်..

“အား.. .. .. ..”

အော်သံတစ်ချက် ကြားလိုက်ရပြီး ခဏအကြာတွင် သတိလက်လွတ် ဖြစ်နေသော ရုပ်အသေကြီးနှင့် သူ ထွက်လာလေသည်။ သူ့ မျက်လုံးအစုံ ထဲတွင်တော့ ပုံရိပ်များ။ ရာမနှင့် လက္ခဏတို့ အပြန်အလှန် ငြင်းခုံ နေကြပုံများ။ လေးကိုတင်လို့ မရသဖြင့် စိတ်အေးသွားသော ရာမ မင်းသား၏ ပုံရိပ်များ။ ချိန်ခွင်လောက်တောင် မလေးသော လေးကိုင်း အကွေးကြီး ပုံများကို အစီအရီ မြင်ယောင် နေလေသည်။

 

- ၄ -

သီတာဒေဝီ၏ ခမည်းတော် ဘုရင်ကြီးက အထူးဧည့်ခံသော ညစာ စားပွဲတွင် ရာမမင်းသား၊ လက္ခဏ၊ ဆရာရသေ့ကြီးနှင့် ဘုရင်ကြီးတို့ စားရင်းသောက်ရင်း စကားပြော နေကြသည်။ ဘုရင်ကြီးက

 

“ကျုပ် သမီးတော်လေး လင်ကောင်း သားကောင်း ရသွားတဲ့အတွက် ဝမ်းသာတယ်ဗျာ၊ ဒဿကြီးရှိတဲ့ တောထဲကို လေယာဉ်နဲ့ စာရွက်သွား ပစ်ချပေးတဲ့ လက္ခဏ မင်းသားကိုလည်း ကျေးဇူးတင် ပါတယ်”

ရာမမင်းသား ကလည်း ဝင်ပြောသည်။

 

“ကျွန်တော်တောင် ကံကောင်းလို့ဗျို့၊ သူက အတင်း လေးတင် ခိုင်းတာလေ၊ တော်သေးတာပေါ့၊ မ မ,နိုင်တဲ့ ပုံစံမျိုး လုပ်တာ ပီပြင်သွားလို့၊ နို့မို့ ဆိုရင်တော့ အဟီး”

လက္ခဏက

 

“ဘာပဲ ပြောပြောလေ၊ နောက်ဆုံးတော့ ဒဿဂီရိဟာ ကျွန်တော်တို့ ဆင်ထားတဲ့ အကွက်ထဲ ရောက်လာ ရတာပဲ မဟုတ်လား”

ဘုရင်ကြီးက စာရွက်ပေါ်မှ ဓာတ်ပုံကို သေချာကြည့်ပြီး

 

“ကျုပ် နားမလည်တာ တစ်ခုပဲ ရှိတယ်၊ ဒီလောက် ရုပ်ဆိုးတဲ့ ကျုပ်သမီးတော်ကို ဓာတ်ပုံ ထဲမှာ လှသွားအောင် ဘယ်လို လုပ်ပစ် လိုက်သလဲ ဆိုတာကိုပါပဲ”

ထိုအခါမှ ရသေ့ကြီးက ပြုံးစစနှင့် ဂုဏ်ယူသလို ဝင်ပြောသည်။

 

“ဘာခက်တာ မှတ်လို့ ဘုရင်ကြီးရယ်၊ ဒဿဂီရိ ပြောသလိုဆို ၂၁ ရာစုလေဗျာ၊ ၂၁ ရာစု၊ ကျုပ် တပည့်လေး မောင်ရာမက ဖိုတိုရှော့ ဆိုတာကို အလွန်ကျွမ်း ဆိုကိုးဗျ၊ ဘုရင်ကြီး သမီးတော်လေး ပုံကို ဒစ်ဂျစ်တယ် ကင်မရာနဲ့ရိုက်၊ ပြီးတော့ ကွန်ပျူတာ ထဲမှာ လိုသလို ပုံပြောင်း လိုက်တာပါ၊ ဟားဟား”

“ဪ၊ ၂၁ ရာစု ဒဿဂီရိလည်း ၂၁ ရာစုနည်းပညာနဲ့ ထိပ်တိုက်တိုး သွားတာပေါ့လေ၊ ဟား ဟား ဟား”

အားလုံးဝိုင်း၍ ရယ်မောသံက ကောင်းကင်သို့ပင် လျှံတက် သွားသလို ထင်ရလေသည်။

 

(နောက်ဆက်တွဲအသိပေးချက်)

“အဲဒီ လူကြီးတွေ မကောင်းဘူး၊ လောကကြီးမှာ ဘီလူးလောက် ကြောက်စရာ ကောင်းတာ ဘီလူးပဲ ရှိတယ်၊ ခုတော့ ဘီလူးတောင် ပြန်ကြောက်ရတဲ့ ဟာကြီးကို ထည့်လွှတ် ပေးလိုက်တယ် ဆိုကတည်းက အဲဒီလူကြီးတွေ ကောင်းမကောင်း စဉ်းစားသာ ကြည့်တော့၊ ဘယ့်နှယ့်ဗျာ.. ကျုပ် အဖြစ်က “တစ်ခါတည်းပါ မောင်ရယ်.. သံစုံတီးဝိုင်းနဲ့” ဆိုသလို ဖြစ်နေတယ်၊ ရာဇဝင်ထဲက ဒဿဂီရိက အသည်းပဲ ကွဲတာ၊ ကျုပ်ကွဲတာ နှစ်ခုတောင်.. အသည်းတင် မဟုတ်ဘူး၊ အရှက်ပါ ကွဲတာ၊ အမျိုးတူ ဘီလူးတွေ ကလည်း ကျုပ်ကို လက်မခံ ကြတော့ဘူးဗျာ၊ နှင်လွှတ် လိုက်ကြပြီဗျ၊ အီး.. ဟီး.. စိတ်နာလွန်းလို့ သီချင်းတောင် ရေးထားသေးတယ်၊ ခင်ဗျား နားထောင်ကြည့်”

သင် လက်ဖက်ရည်ဆိုင် ထိုင်နေချိန်တွင် သော်လည်းကောင်း၊ သင် လမ်းလျှောက်နေစဉ် သော်လည်းကောင်း၊ သင့်ကို အထက်ပါ စကားများပြောပြီး အောက်ပါ သီချင်း တစ်ပုဒ်ကို ဆိုပြသည့် သူတစ်ယောက်နှင့် တွေ့သည် ဆိုပါစို့။ သူ့လက်ထဲကို လှမ်းကြည့်လိုက်ပါ။ လက်ထဲတွင် ချိန်ခွင် လောက်တောင် မလေးသော သံကိုင်း အကွေးကြီး တစ်ခုကိုလည်း ကိုင်ထားသည်ကို တွေ့ပါက သူသည် ခင်ဗျားတို့ သိပြီး ဖြစ်ကြသည့် အတိုင်း ၂၁ ရာစုဒဿဂီရိသာ ဖြစ်ပါသည်။

 

“မယ်သီတာကို သုံးပိုင်း,ပိုင်းပြီး ခေါင်းပိုင်း မီးဖုတ်စား၊ ကျန်တာတွေကို ဆားနနွင်းရောပြီး ဖုတ် သုပ် ပြုတ်ကာစား အချစ်ရှုံးသမား ဒဿဂီရိ အီး ဟီး ဟီး”

 

သူရဿဝါ
၁၁၊ ဖေဖော်ဝါရီ၊ ၂၀၀၈
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၇

No comments:

Post a Comment