Sunday, February 10, 2008

ကြိုတင်မမြင်နိုင်ခဲ့သော


 

 

 

 

 

 

 

 

 

- ၁ -

ရန်ကုန်မြေပေါ်ကို ပြန်ပြီး ခြေချမိတာနဲ့ ကိုယ့်အတွေးတွေဟာ ပိုပြီး လတ်ဆတ်လာတယ်။ လေအဝေ့မှာတောင် ကိုယ်နဲ့ ရက်အတော်ကြာ ဝေးကွာနေခဲ့တဲ့ သနပ်ခါးနံ့လေးကို ရလိုက်သလိုပဲ။ အပြန်လမ်း တလျှောက်လုံး ကိုယ့်ကို နှုတ်ဆက်နေခဲ့ကြတဲ့ အေးမြမြ တောင်ပေါ်လေတွေ၊ ကြည့်လို့ မဆုံးတဲ့ တောင်တန်း အလှတွေ။ အို၊ အားလုံးကို မေ့လျော့နေ စေခဲ့တဲ့သူမဟာ အခု ပိုပြီးတော့တောင် ကိုယ့်ရဲ့ အာရုံထဲမှာ လင်းဝေလာတယ်။ “မကြာခင်” ဆိုတဲ့ သူမနဲ့တွေ့ရမယ့် အချိန်ကို ကိုယ်ရက်ပေါင်း အတော်ကြာအောင် မွတ်သိပ် နေခဲ့ရတာပဲလေ။ သူ့အရှိန်နဲ့သူ လည်နေတဲ့ နာရီလက်တံ တွေကိုတောင် နှေးကွေး လွန်းလှတယ်လို့ ထင်နေမိတဲ့အထိ သူမရဲ့ ရှေ့မှောက်ကို သွားဖို့ ကိုယ်စိတ်စော နေမိတယ်။

 ကိုယ့်ကိုတွေ့ရင် အံ့ဩတဲ့မျက်နှာနဲ့ ဆီးကြိုရမယ့် သူမကို ကိုယ်ကစပြီး ခပ်နွေးနွေးလေး ပြုံးပြမယ်။ သူမကို စနောက်နေကျ ပုံစံအတိုင်း သူမရဲ့ နဖူးလေးကို ညင်ညင်သာသာ တောက်မယ်။ ပြီးရင် “ကိုယ့်ကို သတိမရဘူး မဟုတ်လား” လို့ သူမ စိတ်ကောက်သွားအောင် မေးဦးမယ်။ သူမ စိတ်ကောက်ရင် သိပ်ကို ချော့ရခက်ပါတယ်။ ဒါပေမဲ့၊ မိန်းကလေး တစ်ယောက်ဟာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ချစ်သူကို ဘယ်လောက် ကြာကြာများ စိတ်ကောက် နိုင်မှာတဲ့လဲကွယ်။ တွေးကြည့် မိရုံနဲ့တင် ကိုယ့်ရင်ဟာ ကြည်နူးမှုတွေနဲ့ စိုနွေးလာတယ်။ ဒါပေမဲ့၊ သူမကို သတိရလွန်းလို့ ပြန်လာခဲ့တာပါလို့ ဝန်ခံဖို့ကိုတော့ ထုံးစံအတိုင်း ကိုယ် ရှက်ရွံ့ နေမိဦးမှာ အမှန်ပါပဲ။

 

- ၂ -

“မလေးတို့ ဘယ်သွားကြမလဲဟင်”

အအေးဆိုင် တစ်ခုမှာ အချိန်အတော်ကြာ ထိုင်ကြပြီးတဲ့နောက် သူမက ကိုယ့်ကို မေးတာပါ။ ကိုယ် စဉ်းစားကြည့်မိတယ်။ တိရစ္ဆာန်ရုံသွားရင် ကောင်းမလား၊ ရုပ်ရှင် သွားကြည့်ရင် ကောင်းမလား၊ ဒါမှမဟုတ်၊ အို.. ချစ်သူနဲ့အတူ လက်တွဲပြီး လမ်းလျှောက် နေရတာလောက်တော့ ဘယ်အရာကမှ ကောင်းမယ် မထင်ပါဘူးလေ။ နောက်ထပ် တစ်ချက်က သူမရဲ့ လမ်းလျှောက်ပုံကို မြင်ချင်လို့ပါ။ သူမရဲ့ ကလေး တစ်ယောက်လို လမ်းလျှောက်ပုံကို ကိုယ်က သိပ်ချစ်တာလေ။ သူမကို ကိုယ် ပြောလိုက်တယ်။

 

“အေးအေးဆေးဆေး လမ်းလျှောက်ကြမယ်ကွာ”

သူမ မျက်နှာက နည်းနည်းတော့ ရှုံ့မဲ့မဲ့ ဖြစ်သွားတယ်။ သူမက လမ်းလျှောက် ရတာကို သိပ်ပျင်းတဲ့သူလေ။ ဒါပေမဲ့၊ သူမက ကိုယ်ပြောတာကို သဘောတူ လိုက်ပါတယ်။ သူမကတော့ အဲဒီလိုပါပဲ။ သာမန်အချိန် အတော်များများမှာ ကိုယ့်ကို အတိုက်အခံ လုပ်တတ်ပေမယ့် သူမနဲ့ကိုယ် ရန်ဖြစ်ပြီး ပြန်တည့်စ အချိန်တို့ (သူမနဲ့ ကိုယ်က အမြဲတမ်းပဲ ကလေးတွေလို ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်ချင် ဖြစ်နေတတ်ပါတယ်)၊ ရက်အတော်ကြာ မတွေ့ကြဘဲနဲ့ ပြန်စတွေ့တဲ့ အချိန်တို့မှာ ကိုယ် ပြောသမျှ အကုန်လုံးလိုလိုကို လိုက်လျော တတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကိုယ်ကလည်း ပေကပ်ကပ်နဲ့ ပေါက်ကရတွေပဲ လျှောက်ပြောတတ်ပါတယ်။ ဥပမာ၊ သူမကို စက်ဘီး နင်းခိုင်းပြီး ကိုယ်က နောက်က ထိုင်စီးတာတို့ ဘာတို့ပေါ့လေ။ ဒါပေမဲ့၊ အဲဒီအခါမှာတော့ သူမနဲ့ ထပ်ပြီး ရန်မဖြစ်ရအောင် ကိုယ်ကြိုးစား ရတာလည်း ပါတာပေါ့။

 

- ၃ -

ကိုယ်တို့နှစ်ယောက် စကားတပြောပြောနဲ့ လမ်းလျှောက် လာရင်းကပဲ လမ်းမှာ ကိုယ့် အမေနဲ့ တွေ့ပါတော့တယ်။ အမေက ကိုယ့်လက်ထဲ ပိုက်ဆံ ထည့်ပေးပြီးတော့

 “ကောင်လေး နင့်အဖေအတွက် ဆေးသွားဝယ်ပေးစမ်းပါ”

“အာ.. အမေကလည်းဗျာ”

ကိုယ်ညည်းတွား လိုက်တာကို မကြားချင်ယောင်ဆောင်ပြီး ဆက်ပြောသေးတယ်။ အဲဒီ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကိုယ် သိပ်ကို စိတ်ဓာတ်ကျ သွားတော့တာပါပဲ။

 

“တခါတည်း ကားဂိတ်ဝင်ပြီး ကားလက်မှတ်ပါ ဖြတ်ခဲ့၊ နင့်အဖေ တောင်ကြီးကို ပြန်ရင် နင် လိုက်သွားရမယ်”


- ၄ -

“ရောက်တာမှ မကြာသေးဘူးကွာ.. ပြန်သွားရမယ်တဲ့။ ဒီမှာ ကိုယ့်ရည်းစား မျက်နှာတောင် ကိုယ် မှတ်မိအောင် မကြည့်ရသေးဘူး၊ ဟာကွာ.. အမေတို့ကလည်း ငယ်ရာက ကြီးလာတာ မဟုတ်တဲ့ အတိုင်းပဲ”

စိတ်ညစ်ညစ်နဲ့ ကိုယ် တလမ်းလုံး ပွစိပွစိ ပြောလာတာပါ။ သူမကလည်း ကိုယ့်ကို ပွစိပွစိ ပြန်နှစ်သိမ့်ပါတယ်။ အဖေနဲ့ အဖော်အဖြစ် နေပေးသင့်ကြောင်း၊ စိတ်ညစ် မနေဖို့အကြောင်း၊ စုံလို့ပါပဲ။ ကိုယ်ကတော့ သိပ်ကို စိတ်ရှုပ်သွားပါပြီ။

 “ဟာ..”

ကိုယ့်ကို တတွတ်တွတ် နှစ်သိမ့်လာတဲ့ သူမဟာ ဒီတခါတော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပါတယ်။

 

“ဟို.. ဟိုမှာ.. မလေးအိမ်က တွေ့သွားပြီ”

ကိုယ်ဘာမှ စဉ်းစား မနေတော့ဘူး။ သူမလက်ကို ဆွဲပြီး ပြေးထွက် ခဲ့ပါတော့တယ်။ ဆိုးပြီးရင်း ဆိုးနေတဲ့ ကံတရားနဲ့ ဝေးရာကိုပေါ့။ တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး ပြေးကြတာပါ။ စားသောက်ဆိုင်တွေ၊ လှေကားထစ်တွေ၊ မြင်မြင်သမျှ အကုန်လုံးကို ဖြတ်ကျော်ပြီး ပြေးကြပါတယ်။ ကိုယ်တို့နှစ်ယောက် ပြေးခဲ့ကြတယ်။ ပြေးနေကြပါတယ်။

 ဘယ်လောက်ကြာအောင် ပြေးနေမိကြတယ် မသိဘူး။ ကိုယ် သူမကို ကြည့်မိတဲ့ အခါမှာတော့ သူမ အတော်ကို မောဟိုက် နေပါပြီ။ မျက်နှာမှာလည်း ချွေးသီးချွေးပေါက်တွေ စုပြုံတိုးဝှေ့ နေကြတယ်။ ခဏနားပြီး အမောဖြေဖို့ ကိုယ် ဆုံးဖြတ်လိုက်တယ်။ မျက်စိလေးမှိတ်၊ လျှာလေးထုတ်ပြီး သူမ အမောဖြေ နေရှာတယ်။ ချွေးစို့နေတဲ့ သူမရဲ့ နဖူးလေးကို ချစ်မြတ်နိုးမှုတွေ အပြည့်နဲ့ ကိုယ်ငုံ့နမ်း လိုက်မိတယ်။ ချစ်သူရယ်၊ ကိုယ် သနားလိုက်တာကွယ်။ အဲဒီနောက်တော့ ည ၈ နာရီထိုးရင် တွေ့ဖို့ချိန်းပြီး သူမ ပြန်သွားပါတော့တယ်။

 

- ၅ -

စိတ်လိုလက်ရ ဂစ်တာထိုင်တီး နေရာကနေ သတိရလို့ နာရီ ကြည့်လိုက်တော့ ည ၈ နာရီ ခွဲနေပြီ။ သေလိုက်ပါတော့။ ချစ်သူနဲ့ ချိန်းထားတာကို ဘာလို့ မေ့နေပါလိမ့်။ ကိုယ် ပြူးပြူးပြာပြာနဲ့ ထွက်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင် နေမိတယ်။ သူမကတော့ ကိုယ့်ကို စိတ်တို နေတော့မှာပဲ။ စိတ်ဆိုးပြီး ပြန်သွားတာထက် စာရင်တော့ စိတ်တိုတိုနဲ့ ထိုင်စောင့် နေပါစေလို့ပဲ မျှော်လင့် လိုက်မိတယ်။

 ချိန်းထားတဲ့ နေရာရောက်တော့ ချစ်သူကို ကိုယ် မတွေ့တော့ဘူး။ သူမ ပြန်သွားပြီလား။ အထိတ်တလန့်နဲ့ သူမကို လိုက်ရှာရင်းကနေ စိတ်ထဲကလည်း တဖွဖွ တောင်းပန် နေမိတယ်။ မပြန်ပါနဲ့ဦး ချစ်သူရယ်။ တချိန်လုံး လင်းနေခဲ့တဲ့ ကောင်းကင်ဟာ တဖြည်းဖြည်း မှောင်အို လာသလိုပဲ။ အဲဒီ အခိုက်အတန့်မှာပဲ ထူးဆန်းတဲ့၊ ပြီးတော့ သိပ်ကြောက်စရာ ကောင်းတဲ့ ခံစားမှု တစ်မျိုး ကိုယ့်ရင်ထဲကို စိမ့်ဝင်လာတယ်။ သူမကို ရှာလို့ မတွေ့ခင်မှာ မှောင်အတိ ကျသွားခဲ့ရင် ကိုယ်ဟာ ဒီလောကထဲကနေ ပျောက်လွင့် သွားလိမ့်မယ် ဆိုတာ အလိုလို သိလာတယ်။ အရမ်း မတ်စောက်တဲ့ ချောက်ကမ်းပါးထဲကို ထိုးကျသွားသလို ရင်တလှပ်လှပ်နဲ့ တမ်းတ နေမိပြန်တယ်။ မလေးရေ၊ ကျွန်တော့်ကို ကယ်ပါဦး။

 အမှောင်ဟာ ပိုသိပ်သည်း လာတာနဲ့အမျှ ကိုယ်လည်း လှိုက်လှိုက်မောမောနဲ့ အသက်ကို ခဲခဲယဉ်းယဉ်း ရှူနေရတယ်။ ချစ်သူကိုလည်း ပိုပြီး တမ်းတမ်းမက်မက် တောင့်တ လာမိတယ်။ ချစ်သူရေ၊ ကျွန်တော် မောလိုက်တာကွယ်။ ကျွန်တော်တို့ ဘယ်တော့မှ ပြန်တွေ့ ကြတော့မှာ မဟုတ်ဘူး။ ပိုပြီး မှောင်လာပြန်ပြီပဲ။ ညရဲ့သဘာဝ မှောင်ပုံမျိုးနဲ့ မတူတဲ့ စုန်းနစ်မှုဟာ ပိုပြီး၊ ပိုပြီးတော့ကို မှောင်လာနေတယ်။ ကြိုးစား ရှူသွင်းတဲ့ လေကလည်း လည်မျိုဝမှာတင် နင့်အစ် နေတယ်။ ကျွန်တော် မောလှပြီကွယ်။ ကျွန်တော့်နားကို လာပါဦး မလေးရယ်။ ကျွန်တော့်ကို နှုတ်ခမ်းစူပြီး စိတ်ကောက်ဖို့၊ ကျွန်တော် မခံမရပ်နိုင်အောင် စကားနာတွေ ထိုးဖို့၊ ဒါမှမဟုတ် ကျွန်တော့် အတွက် အားပေးစကားတွေကို လူကြီးတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ ပြောဖို့၊ ဖြစ်နိုင်ရင် တစ်မိနစ် လောက်ပဲဖြစ်ဖြစ် ကျွန်တော့် အနားကို လာပါဦးကွယ်။ မကောင်းဆိုးဝါး မှောင်မဲမှုတွေ ကျွန်တော့်ကို ခေါ်ဆောင် မသွားခင် ခဏလေးပဲ ဖြစ်ဖြစ် မလေးကို မြင်သွား ပါရစေ။

 ဟာ၊ ဘာကိုမှ ကျွန်တော် သဲသဲကွဲကွဲ မမြင်ရတော့ပါလား။ ကျွန်တော် အရမ်း ကြောက်တာပဲ။ စိတ်လျှော့ လိုက်တော့မယ် မလေးရယ်။

 

ပင်ပန်းလှပြီကွယ်။
ကျွန်တော်.. အနားယူပါရစေတော့။
ငြိမ်းအေးတဲ့နေရာမှာ
ကျွန်တော်..
ထာ ဝ ရ
ကျွန်တော်.. ..။

 

- ၆ -

ဒီနေရာမှာ ကျင်းပတဲ့
ငါ့ဈာပန အခမ်းအနားမှာ
ဒါမှမဟုတ်
ဟိုးအဝေးက ကောင်းကင်တနေရာရာမှာ
ငါရှိချင်လည်း ရှိနေပါလိမ့်မယ်
နောက်ဆုံးပဲဖြစ်ဖြစ်ပေါ့
ငါ့ရဲ့ ငြိမ်းအေးရာအတွက်
မငိုပါနဲ့ ချစ်သူရယ်
မငိုလိုက်ပါနဲ့ကွယ်။

 

သူရဿဝါ
၁၀၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:

Post a Comment