ထုံးစံအတိုင်း ဧပရယ်လ် ၁၃ မှာ သင်္ကြန် ကျတယ်။ ထုံးစံအတိုင်း ကောင်လေးက ကားနဲ့ သင်္ကြန် ထွက်လည်တယ်။ ကောင်မလေးက ထုံးစံအတိုင်း မဏ္ဍပ် ထိုင်တယ်။ ထုံးစံအတိုင်း ကောင်လေး လည်တဲ့ကားက ကောင်မလေးရဲ့ မဏ္ဍပ်ရှေ့ကို ရောက်လာတယ်။ ထုံးစံအတိုင်း ကောင်မလေးက ရေပက်တယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို စိတ်ဝင်စား သွားတယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို ရေသွား လောင်းတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း ကောင်လေး ရေလောင်း တာကို ငြိမ်ပြီးခံတယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း အဲဒီ မဏ္ဍပ်နားက မခွာတော့ဘူး။ ထုံးစံအတိုင်း ကောင်မလေး ကလည်း ကောင်လေးကို ခိုး, ခိုးကြည့်တယ်။ ထုံးစံအတိုင်း ကောင်လေးရဲ့ ရောဂါက ပိုဆိုး သွားတယ်။
သင်္ကြန်တွင်း လေးရက်လုံး ထုံးစံအတိုင်း ကောင်မလေးရဲ့ မဏ္ဍပ်မှာပဲ တဝဲလည်လည် လုပ်နေတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း သတိထားမိတယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း မချင့်မရဲ ဖြစ်လာတယ်။ အဲဒီတော့ ထုံးစံအတိုင်း ကောင်မလေးဆီ သွားပြီး မိတ်ဆက်တယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း ကောင်လေးကို အသိအမှတ်ပြုတဲ့ ပုံစံ ပြတယ်။ ကောင်လေး ကလည်း အားတက်သွားပြီး ကောင်မလေးကို ထုံးစံအတိုင်း နာမည်တွေမေး၊ ဖုန်းနံပါတ်တွေ တောင်းတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း နာမည် အမှားတွေ၊ ဖုန်းနံပါတ် အမှားတွေ ပေးလိုက်တယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း အမှားတွေ ချည်းပဲ ပေးလိုက်မှန်း သိတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင် နေလိုက်တယ်။ ထုံးစံအတိုင်းပဲ လေးရက် ပြည့်တော့ သင်္ကြန် ပြီးသွားတယ်။
ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို သတိရနေတယ်။ အဲဒီတော့ ထုံးစံအတိုင်း လိုက်ရှာတယ်။ ထုံးစံ အတိုင်းပဲ မတွေ့ဘူး။ ဒါပေမဲ့ လုံးဝ မတွေ့တော့ရင် ဘာမှ ဆက်ရေးလို့ မရတော့ တဲ့အတွက် ထုံးစံအတိုင်း မထင်မှတ်ဘဲ ပြန်တွေ့ပေး လိုက်ရတယ်။ တနေ့တော့ ကောင်လေး အလုပ်, လုပ်နေတဲ့ အင်တာနက် ဆိုင်ကို ထုံးစံအတိုင်း ကောင်မလေးက လာထိုင်တယ်။ ထုံးစံအတိုင်းပဲ ကောင်လေး သိပ်ပျော် သွားတယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း အံ့ဩ သွားတယ်။ ကောင်မလေးက ထုံးစံအတိုင်းပဲ မသိချင်ယောင် ဆောင်နေတယ်။ ကောင်လေး ကလည်း ထုံးစံ အတိုင်းပဲ သွားပြီး နှုတ်မဆက် ရဲဘူး။ အဲဒီတော့ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေး ထိုင်တဲ့ စက်နားမှာပဲ ယောင်ပေပေ လုပ်နေတယ်။
ကောင်မလေး ကလည်း ထုံးစံအတိုင်း ကောင်လေးကို စကားပြောချင် လာတယ်။ ခုနက မသိချင်ယောင် ဆောင်ထားရတော့ ထုံးစံအတိုင်း သူကစပြီး ခေါ်လို့ မရဘူး။ အဲဒီတော့ ထုံးစံအတိုင်း GTalk Account တစ်ခု ဖွင့်ပေးဖို့ ကောင်လေးကို ပြောတယ်။ ကောင်လေး ကလည်း ထုံးစံအတိုင်း အားရဝမ်းသာ ဖွင့်ပေးလိုက်တယ်။ အဲဒီ Account က သူ့အတွက်ပဲ ဖွင့်တယ် ဆိုတာ ထုံးစံအတိုင်း ကောင်လေးက သိလိုက်တယ်။ ထုံးစံအတိုင်းပဲ ကောင်မလေးရဲ့ Account ကို ချက်ချင်း Invite လုပ်လိုက်တယ်။ ထုံးစံအတိုင်း ကောင်မလေးရဲ့ Account သစ်လေးမှာ Invite Message တစ်ခု ချက်ချင်း ရောက်လာတယ်။ ထုံးစံအတိုင်း ကောင်မလေးက ကောင်လေး လက်ချက်မှန်း သိလိုက်တယ်။ ထုံးစံ အတိုင်းပဲ တစ်ချက် ပြုံးပြီးတော့ Accept ပြန်လုပ် လိုက်တယ်။
အဲဒီ နောက်ပိုင်းမှာ ကောင်လေးနဲ့ ကောင်မလေးနဲ့ ထုံးစံအတိုင်းပဲ GTalk ထဲကနေ စကားတွေ အများကြီး ပြောဖြစ် လာကြတယ်။ ထုံးစံအတိုင်း အပြန်အလှန် Mail တွေ ပို့ကြတယ်။ ထုံးစံအတိုင်း တနေ့မှာ ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ ဖွင့်ပြော လိုက်တယ်။ ကောင်မလေး ကလည်း ထုံးစံအတိုင်း စဉ်းစားမယ်လို့ ပြောတယ်။ နှစ်ပတ်လောက် ကြာတော့ ထုံးစံအတိုင်း ကောင်မလေးက ကောင်လေးကို အဖြေပေး လိုက်တယ်။ ရည်းစား စဖြစ်တဲ့ အထိမ်း အမှတ်နဲ့ အဲဒီနေ့မှာ ထုံးစံအတိုင်း ကောင်လေးနဲ့ ကောင်မလေး ကန်ဘောင်မှာ သွားထိုင်ကြတယ်။ ထုံးစံအတိုင်း ဘူးသီးကြော် မှာစားကြတယ်။ ထုံးစံအတိုင်းပဲ သိပ်မစားဖြစ် ကြဘူး။ ကန်ဘောင်မှာ ထုံးစံအတိုင်း ထီးလေးကွယ်ပြီး ထိုင်ဖြစ်ကြတယ်။ ညနေ စောင်းတော့ ထုံးစံအတိုင်း မပြန်ချင် ပြန်ချင်နဲ့ နှစ်ယောက်လုံး ထပြန်လာ ခဲ့ကြတယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို လမ်းထိပ် အထိ လိုက်ပို့တယ်။ ထုံးစံအတိုင်း တစ်ယောက်ကို တစ်ယောက် မခွဲနိုင် မခွာရက် ကြည့်တယ်။ ကောင်မလေးက ထုံးစံအတိုင်း လှည့်ကြည့် လှည့်ကြည့်နဲ့ ပြန်သွားရှာတယ်။ ကောင်လေး ကလည်း ကောင်မလေး နောက်ကျောကို ထုံးစံအတိုင်း ရပ်ကြည့်နေတယ်။ ထုံးစံအတိုင်း ကောင်မလေးတောင် အိမ်ပြန် မရောက်သေးဘူး၊ ကောင်လေးက ဖုန်းဆက် နှင့်ပြီးပြီ။ အဲလို နေရင်းနဲ့ပဲ ထုံးစံအတိုင်း သင်္ကြန် ရောက်မယ့် ရက်တွေ နီးလာပြန်တယ်။ ထုံးစံအတိုင်း ကောင်လေးနဲ့ ကောင်မလေး သင်္ကြန်အတူ လည်ဖို့ စီစဉ်ကြတယ်။
ထုံးစံအတိုင်း သင်္ကြန် အကြိုနေ့ကို ရောက်လာတယ်။ ကောင်လေးနဲ့ ကောင်မလေး ထွက်လည် ကြတယ်။ အကြိုနေ့ ဆိုတော့ ထုံးစံအတိုင်း သိပ်မစည်ဘူး။ ဒါပေမယ့် ထုံးစံအတိုင်း ကောင်လေးရော၊ ကောင်မလေးရော ပျော်နေကြတယ်။ အကျနေ့လည်း ထုံးစံအတိုင်း ထွက်လည် ကြတယ်။ ထုံးစံအတိုင်း ကောင်လေးနဲ့ ကောင်မလေး အရမ်း ပျော်ကြပြန်တယ်။ စည်ကားတဲ့ မဏ္ဍပ်တွေ ကိုလည်း ထုံးစံအတိုင်း ရောက်တယ်။ ညနေအထိ လည်ကြပြီးတော့ ထုံးစံအတိုင်း အကြိုနေ့ ကုန်သွားပြန်တယ်။ အကြတ်နေ့ကို ထုံးစံအတိုင်း ရောက်လာ ပြန်တယ်။ ရန်ကုန် တစ်မြို့လုံး ကလည်း ထုံးစံအတိုင်း အရင်နေ့ တွေထက် ပိုစည်ကား လာတယ်။ သင်္ကြန် လည်နေကျ ထုံးစံအတိုင်း အဲဒီနေ့မှာ တက္ကသိုလ် ရိပ်သာလမ်းကို ဝင်တိုးမိ ကြတယ်။ ထုံးစံအတိုင်း အဲဒီလမ်းထဲ မှာတင် နေ့တဝက် ကျိုးသွားတယ်။ ထုံးစံအတိုင်း ရေစိုလိုက်၊ နေပူရင် ခြောက်သွားလိုက်နဲ့ အဲဒီထဲ မှာပဲ သောင်တင် နေကြတယ်။
မနက်က ရေတွေစိုပြီး နေ့လယ် ကျတော့ နေပူပူကြောင့် ခြောက်သွေ့လာတဲ့ အချိန်မှာ ထုံးစံအတိုင်း ကောင်လေး ခေါင်းတွေ တရိပ်ရိပ် မူးလာတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ဂရုမစိုက်မိဘူး။ ညနေ ကျတော့ ထုံးစံအတိုင်း ရေတွေ စိုပြန်တယ်။ ကောင်လေးနဲ့ ကောင်မလေး လည်တဲ့ ကားလည်း ထုံးစံအတိုင်း ခြောက်နာရီ မထိုးခင်မှာ မဏ္ဍပ်တွေ ရှေ့ကို ရောက်အောင် တိုးလာ နိုင်ခဲ့တယ်။ ထုံးစံအတိုင်း ရေပက်ခံပြီး ထုံးစံအတိုင်း ကကြတယ်။ ကောင်လေး ကတော့ ကောင်မလေးကို ထုံးစံအတိုင်း သူ့ရင်ခွင်ထဲ ထားပြီး မအီမသာနဲ့ ငြိမ်နေတယ်။ ရေစက် ရေပေါက်တွေ.. လူသံ ကားသံတွေ ကြားမှာ ထုံးစံ အတိုင်းပဲ ကောင်မလေးက ကောင်လေး အဖျား တက်စ ပြုနေတာကို မသိရှာဘူး။ ကောင်လေး ကလည်း ထုံးစံအတိုင်း ကောင်မလေး စိတ်ပူမှာစိုးလို့ မပြောပြဘူး။ အဲဒီလိုနဲ့ပဲ ထုံးစံအတိုင်း အကြတ်နေ့ ပြီးသွားပြန်တယ်။ ထုံးစံအတိုင်း ကောင်လေးဟာ ညဘက်မှာ အဖျားတွေ သိပ်တက် လာတယ်။ ထုံးစံအတိုင်းပဲ ဂရုစိုက်မယ့်သူ မရှိဘူး။ ပေကပ်ကပ် ကောင်လေး ကလည်း ထုံးစံအတိုင်း ဆရာဝန် မပြဘူး။ အိမ်မှာရှိတဲ့ ပါရာစီတမောလ် ကိုပဲ ထုံးစံအတိုင်း သောက်ထား လိုက်တယ်။
ထုံးစံအတိုင်း သင်္ကြန် အတက်နေ့ မနက် ရောက်လာ ပြန်တယ်။ ကောင်လေး ညက အိပ်လိုက်တော့ ထုံးစံအတိုင်း အဖျား နည်းနည်း ကျသွားတယ်။ ထုံးစံအတိုင်း သင်္ကြန် အတက်နေ့ကို နွှဲဖို့ ထွက်လာခဲ့တယ်။ ထုံးစံအတိုင်း ကောင်မလေးနဲ့ လည်ဖို့ပဲပေါ့။ သင်္ကြန် နောက်ဆုံးနေ့ဟာ ထုံးစံအတိုင်း တခြားနေ့ တွေထက် စည်ကား သက်ဝင် နေတယ်။ ရေပက် ခံနေရင်း ကနေပဲ ထုံးစံအတိုင်း ခဏ ငုပ်နေတဲ့ အဖျားက ပြန်တက် လာတယ်။ ကောင်လေး ကတော့ ထုံးစံအတိုင်း ကောင်မလေးကို မပြောပြဘူး။ သိပ်ချစ်တဲ့ ကောင်မလေးကို ထုံးစံအတိုင်း တချိန်လုံး ရင်ခွင်ထဲမှာ ထားတယ်။ နေ့လယ်ကျတော့ ကန်တော်ကြီးထဲမှာ ထုံးစံအတိုင်း နားကြတယ်။ ထုံးစံအတိုင်းပဲ နေ့လည် ၁ နာရီ လောက်မှာ ရေပက် ခံဖို့ ပြန်ထွက် လာကြတယ်။ သူတို့ လည်ကြတဲ့ ကားလေးက ထုံးစံအတိုင်း မဏ္ဍပ်တွေ စီတန်းနေရင်း ဖြည်းဖြည်းချင်း လှိမ့်တယ်။ ရှေ့ကားနဲ့ နောက်ကား ထုံးစံအတိုင်း စကြ နောက်ကြတယ်။ ထုံးစံအတိုင်း ရေတွေလည်း ရွှဲရွှဲစို နေတာပဲ။
ကောင်လေး ထုံးစံအတိုင်း နှုတ်ခမ်းတွေ ပြာလာတယ်၊ တုန်ယင် လာတယ်။ သူတို့ ကားလေးက ထုံးစံအတိုင်း မဏ္ဍပ် ရှင်းတဲ့နေရာ ရောက်ရင် အရှိန်နဲ့ မောင်းတယ်။ ကောင်လေးက ထုံးစံအတိုင်း လေစိမ်းတွေ ကြားမှာ ခန္ဓာကိုယ်ကပါ စိမ့်ပြီး အေးလာတယ်။ ထုံးစံအတိုင်း ကိုယ်တွေ လက်တွေပါ ကျဉ်လာတယ်။ ကောင်မလေး ကိုတော့ ထုံးစံအတိုင်း လုံးဝ မပြောဘူး။ သင်္ကြန် နောက်ဆုံး နေ့ဟာ ထုံးစံ အတိုင်းပဲ ခြောက်နာရီ ကျော်တဲ့အထိ ရေပက်တာ မရပ်ကြသေးဘူး။ သူတို့ ကားလေး ကတော့ ထုံးစံအတိုင်း ခြောက်နာရီခွဲ ကျော်ကျော်လောက်မှာ အိမ်ပြန်လမ်း ပေါ်ကို ဦးတည် မောင်းလာတယ်။ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေးကို ပြန်ပို့ဖို့ စီစဉ်တယ်။ ထုံးစံအတိုင်း ဝေဒနာကို ကြိတ်မှိတ် ခံရင်းနဲ့ပေါ့။
အဲဒီအချိန်မှာ ကောင်မလေး စိတ်ထဲမှာ ဆန်းဆန်း ကြယ်ကြယ် ဖြစ်လာတယ်။ ထုံးစံအတိုင်း ကောင်လေး မျက်နှာကို ချစ်ချစ် မက်မက် ကြည့်မိတယ်။ ပြီးတော့ ထုံးစံအတိုင်း အိမ်မပြန် ချင်သေးတဲ့ စိတ်တွေ ပေါ်လာတယ်။ အဲဒါနဲ့ ထုံးစံအတိုင်း ကောင်လေးကို ကော်ဖီဆိုင် သွားကြ ရအောင်လို့ ပြောတယ်။ ထုံးစံ အတိုင်းပဲ ထိုင်နေကျ ကော်ဖီ ဆိုင်လေးကို ရောက်သွားတယ်။ ကော်ဖီ ဆိုင်လေး ထဲမှာလည်း ထုံးစံအတိုင်း သင်္ကြန် သီချင်းလေး တွေကို နှုတ်ဆက်တဲ့ အနေနဲ့ ဖွင့်နေတယ်။ သင်္ကြန်ကို ချစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးလည်း ထုံးစံအတိုင်း ကြည်ကြည်နူးနူးလေး နားထောင်ရင်း တစ်ယောက် လက်ကို တစ်ယောက် ဆုပ်ကိုင် ထားကြတယ်။ ကော်ဖီဆိုင်လေး ကလည်း ထုံးစံအတိုင်း မီးမှိန်ဖျော့ဖျော့လေးပဲ ထွန်းထားပြီး စိတ်လှုပ်ရှားစရာ ဖြစ်အောင် ဆွဲဆောင် ထားတယ်။ တစ်ယောက်ကို တစ်ယောက် ထူးထူးခြားခြား စကားမပြော မိကြဘဲ ငြိမ်သက် နေမိတယ်။ အချစ်ရဲ့ အရိပ်အငွေ့ အောက်မှာ ထုံးစံအတိုင်း ကောင်လေးက သူ့ဖျားနာမှုကို လျစ်လျူရှု ထားလိုက်တယ်။ ညရှစ်နာရီ ကျော်ကျော်လောက်မှာ ထုံးစံ အတိုင်း ပြန်လာ ခဲ့ကြတယ်။
ကောင်မလေး လမ်းထိပ်အထိ ထုံးစံအတိုင်း ကောင်လေးက လိုက်ပို့တယ်။ လမ်းထိပ် ရောက်တော့ ကောင်လေးက ထုံးစံအတိုင်း ကောင်မလေး နဖူးကို ဖွဖွလေး နမ်းတယ်။ ပြီးတော့ ထုံးစံအတိုင်း နှုတ်ဆက်ပြီး လက်ပြတယ်။ ကောင်မလေးလည်း ထုံးစံအတိုင်း ပြန်ပြီး လက်ပြလိုက် ပေမယ့် စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတယ်။ လှည့်ပြန်သွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကို မျက်စိတဆုံး လိုက်ငေး နေမိတယ်။ ပြီးတော့မှ စိတ်လေးလေးနဲ့ အိမ်ကို ထုံးစံအတိုင်း ပြန်သွား ရှာတယ်။ အိမ်မှာ တစ်ယောက်တည်း နေတဲ့ ကောင်လေးက ထုံးစံအတိုင်း အိမ်ကို ပြန်ရောက် လာတယ်။ အဝတ်အစား လဲပြီး ကော်ဖီပူပူ တစ်ခွက်ကို ထုံးစံအတိုင်း ဖျော်လိုက်တယ်။ အဲဒီအချိန် မှာပဲ အဖျားတွေ တက်လာတော့တယ်။ အရမ်းကို နာကျင် လေးလံ နေတယ်။ ခေါင်းတွေလည်း တရိပ်ရိပ် မူးဝေလာတယ်။ အိမ်ခန်းထဲမှာ ထုံးစံအတိုင်း လှဲပြီး မှိန်းနေဖို့ စိတ်ကူးလိုက်တယ်။ စောင်ခြုံပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တဲ့ အချိန်မှာပဲ ကောင်လေးရဲ့ အသိစိတ်တွေ လုံးဝ မှောင်မည်း သွားတော့တယ်။
မနက်ကျတော့ ကောင်မလေးက ထုံးစံအတိုင်း ကောင်လေးဆီကို ဖုန်းဆက်တယ်။ ကောင်လေးရဲ့ အခန်းထဲမှာ ထုံးစံအတိုင်း ဖုန်းခေါ်သံက အော်မြည် နေတယ်။ တစ်ယောက်တည်း နေတဲ့ ကောင်လေး အတွက် ထုံးစံအတိုင်း သူ့ဆီလာတဲ့ ဖုန်းသံကို သူကလွဲပြီး ဘယ်သူမှ မကြား နိုင်ခဲ့ဘူး။ သတိပြန် လည်မလာ တော့တဲ့ ကောင်လေးရဲ့ အခန်းထဲ မှာတော့ ခြောက်ခြောက်ခြားခြား ဖုန်းသံက တစ်နေ့လုံးလိုလို အော်မြည် နေရှာတယ်။ ထုံးစံအတိုင်း ကောင်မလေးရဲ့ ဖုန်းခေါ်သံ ကလွဲပြီး တခြား ဘာမှ မဖြစ်နိုင်ပါဘူး။
အဲဒီလိုနဲ့ပဲ အချိန်တွေ ထုံးစံအတိုင်း တဖြည်းဖြည်း ကုန်လွန်လာ ပြန်တယ်။ တဖြည်းဖြည်း လောင်မြိုက် ဝါထိန်တဲ့ နေရဲ့အပူကို တုပမယ့် ပိတောက်ပန်း ထိန်ထိန်ဝါဝါ တွေလည်း ထုံးစံအတိုင်း လင်းလင်းစွေစွေ ပွင့်လာကြတယ်။ နေရာအနှံ့မှာ သင်္ကြန် သီချင်းတွေ ထုံးစံအတိုင်း မြူးမြူးသွင်သွင် လွင့်ပျံ လာတယ်။ အဲဒီ သီချင်းတွေကို နားထောင်ရင်း ညိုမှိုင်း ကြေကွဲနေတဲ့ ကောင်မလေး ကတော့ ထုံးစံအတိုင်း ကောင်လေးကို ပြင်းပြင်းရှရှ သတိရ နေဆဲပဲ။ အဲဒီ သင်္ကြန် သီချင်းတွေ ထဲကနေ ကောင်လေးနဲ့ သူတို့ရဲ့ နေ့ရက် တွေတိုင်းကို ထုံးစံအတိုင်း သတိရ နေခဲ့တယ်။ ထုံးစံအတိုင်း ကောင်မလေး မျက်ရည်တွေ ကျလာပြန်တယ်။ ချစ်သူနဲ့ ပတ်သက်တဲ့ မျက်ရည်စက် တွေက ထုံးစံအတိုင်း မကုန်ခမ်း နိုင်ခဲ့ပါဘူး။ ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ ထုံးစံအတိုင်း ပင်အို ရွက်ကြွေ တွေပေါ်မှာ ဥဩလေး တစ်ကောင်က ဆွေးဆွေးနင့်နင့် အော်မြည်နေတယ်။ ထုံးစံ အတိုင်းပဲ သင်္ကြန် သီချင်းတွေ ကတော့ လွင့်ပျံနေတယ်။
ထုံးစံအတိုင်း.. အကြိုနေ့
ထုံးစံအတိုင်း.. အကျနေ့
ထုံးစံအတိုင်း.. အကြတ်နေ့
ထုံးစံအတိုင်း.. အတက်နေ့..
ထုံးစံအတိုင်း ရာသီ စက်ဝိုင်းရဲ့ လည်ပတ်မှု ကြားမှာ သင်္ကြန်ပွဲ ရက်တွေလည်း ထုံးစံအတိုင်း ပေါ်လာလိုက် ပျောက်သွားလိုက်။ အဲဒီ သင်္ကြန်ရက် တွေထဲက မထူးဆန်းပေမယ့် ကြေကွဲစရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ဟာလည်း ထုံးစံအတိုင်း လူမသိ သူမသိ နစ်မြုပ် သွားခဲ့ပါပြီ။ ထုံးစံအတိုင်း သင်္ကြန်ကတော့ ထုံးစံအတိုင်း လည်ပတ် နေဆဲပါပဲ။
သူရဿဝါ
၂၉ - မာ့ချ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment