“ဆက်ထုံးသည် ဖြတ်စနှစ်ခုဘဝမှ ရွေ့လျားလာ”
နင်ကလည်းနင်ပဲ
ငါကလည်းငါပဲ
တစ်ယောက်နဲ့တစ်ယောက်မတူကြ၊
ဘဝဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့
ငါက ကမူးရှူးထိုးလျှောက်ပြောတဲ့အချိန်မှာ
နင်က ဘဝကိုစိတ်တိုတိုနဲ့
(အရွဲ့တိုက်ပြီး) နေပူပူထဲလျှောက်ပြေးပစ်တယ်
ငါသိတာတချို့ကို နင်လည်းအသိ
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပုံသိနည်းချင်းမတူတာကိုလည်း
နှစ်ယောက်လုံးအသိပဲ
နင့်ကိုငါချစ်တာနဲ့ ငါ့ကိုနင်ချစ်တာတောင် မတူဘူးလေ
ဖြတ်စနှစ်ခုဟာ အရောင်မတူတော့
ငါတို့ဆက်ထုံးကလည်း
နှစ်ရောင်စပ်ထားတဲ့ ခပ်မိုက်မိုက်ဖက်ရှင်တစ်မျိုးဖြစ်နေတယ်
အခုတလော နင်ကြိုက်တယ်ဆိုတဲ့သီချင်းကို
ဂစ်တာတီးပြီးတော့ နင့်ကိုငါ ဆိုပြချင်နေတယ်
နင်ကလည်း အခုတလော ခဏခဏကို တစ်ခုခုဖြစ်ချင်နေတယ်
အဲဒါဘာလဲဆိုတာတော့ ငါမသိဘူး
ငါ့ပြောစကားဆို နင်ဘယ်တော့မှ နားမထောင်တတ်ပေမယ့်
ငါကတော့ နင့်ကိုပြောဖူးသလို ….
နင်ရုပ်ဆိုးသွားလည်းချစ်မှာပဲ
မပြောကောင်းမဆိုကောင်း၊ နောက်ဆုံး
နင် ဟစ်တလာဖြစ်သွားရင်တောင် ငါက ချစ်မှာပဲ
နင်ဆိုးသလိုမျိုး ငါလည်းဆိုတာပဲလေ အချစ်ရဲ့
ငါမဖြေရှင်းပေးနိုင်တဲ့ကိစ္စတချို့အတွက် ငါက လိပ်ပြာမလုံဖြစ်နေတတ်သလို
နင့်စိတ်ထဲမှာလည်း ငါနဲ့ပတ်သက်တဲ့သံသယနည်းနည်းရှိရင်ရှိလိမ့်မယ်
ထားလိုက်ပါ၊ ဒါ အမှားအယွင်းမဟုတ်ဘူး
အပျောက်အရှများတဲ့နားလည်မှုမဟုတ်ဘူး
ကြိုးစနှစ်စ ချည်ဖို့ထုံးဖို့ကြိုးစားနေတာ
ကွန်ယက်နှစ်ခုအဆက်အသွယ်ရဖို့ကြိုးစားနေတာ
ဒီလိုပဲပေါ့လေ …. အရေပြားတွေတောင် အရောင်မတူဘူးဆိုတော့
စိတ်ချင်းဆက်နိုင်ဖို့က ပိုခက်တယ်မဟုတ်လား
အခုထိ … နင်ကလည်းနင်ပဲ၊ ငါကလည်းငါပဲ
ဖြတ်စနှစ်ခုဟာ ဆက်ထုံးတစ်ခုဖြစ်ဖို့လည်း နီးကပ်လာနေ ….. ။
သူရဿဝါ
မေ ၁၉ ရက် ၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment