Thursday, March 20, 2008

မှောင်မိုက်နာကျင်ခဲ့သော လမ်းများ


ရထားပေါ် မတက်ခင် ဘေးမှာ လွယ်ထားသော စလင်းဘက်ထဲမှ မိတ်ကပ်ဘူး အသေးလေးကို ထုတ်လိုက်သည်။ တို့ဖတ်နဲ့ တစ်ချက် အထူအပါး ပြန်ညှိ.. ပြီးတော့ နှုတ်ခမ်းနီကို နည်းနည်း အရောင်ထပ် တင်လိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ လူများ သူ့အပေါ် တွင်သာ အာရုံရောက် နေကြမှာ သေချာပါသည်။ ပြီးတော့ သူ့ကို ရယ်ဟဟနှင့် ကြည့်နေ ကြလိမ့်မည်။ ရထားပေါ် တက်လိုက်သည်။ ကိုယ်နေဟန်ထား ကအစ မျက်နှာ အမူအယာကိုပါ ပြင်ဆင် ပြုပြင်လိုက်သည်။

 

“ကဲ.. တို့များ လာပြီနော်.. ကိုကိုတို့ ချစ်တဲ့တို့များ.. မမတို့ခင်တဲ့ တို့များ.. ခါတိုင်းလိုပဲ သီချင်းလေးတွေ ဆိုပြမယ်.. ဘလိတ်ဒန့် ဆွဲပြမယ်.. ဆက်ဆီဒန့်စ် ကပြမယ်.. တို့များကို အားပေး ကြဦးနော့”

အသံကို အညုဆုံး ထားပြီး ခပ်ချွဲချွဲလေး ပြောလိုက်တာနဲ့ ရထားပေါ်က ခရီးသည်အပေါင်း သူ့ကို လှည့်ကြည့်ကြသည်။ ရထား စီးနေကျ ခရီးသည် ယောက်ျားလေး တွေက သံသေးသံကြောင် ပေါင်းစုံနှင့် အော်ကြသည်။ ကလေးတွေ ကတော့ ဘာရယ်မဟုတ် “ဟေး”ခနဲ အော်ပြီး လက်ခုပ်တီး ကြသည်။ ခရီးသည် မိန်းမတွေ ကတော့ သူ့ကို ပြုံးစိစိနဲ့ ကြည့်ငေးနေ ကြလေသည်။

 

“ကိုကို.. များကို ချာတိတ်လို့ ခေါ်နဲ့.. နာမည်ရှိတယ် ကြိုက်ဘူး သိရဲ့လား..”

ခပ်မြူးမြူး သီချင်း တစ်ပုဒ်ကို ဆိုပြလိုက်သည်။ အသံတင် မဟုတ်.. မျက်နှာ အမူအယာ ကိုပါ အညုအခရာ ပိုပိုနှင့် ဆိုပြရ၏။ အားလုံး ကတော့ ပွဲကျ နေကြပြီ။ ကြားဖူးသော ဒန်စ့်သီချင်း တီးလုံးကို ပါးစပ်ဆိုင်းဖြင့် ဒါဒါဒီဒီ ရွတ်ရင်း တကိုယ်လုံး ခါညွတ် ကပြရ သေးသည်။ ထို့နောက် အနောက်တိုင်း မိန်းကလေးတွေ ကသော ဆက်ဆီဒန်စ့် ဆိုတာကို သိပ်မရိုင်းအောင် ကလိုက် ပြန်သည်။ အသံက ပေါင်းစုံ ထွက်လာ၏။ သဘောတကျ ချီးကျူးသံ တွေရော... လှောင်ပြောင် အော်ဟစ်ချင် ဟန်တူသော သံသေးသံကြောင် တွေရော။ သူ့အတွက် ကတော့ ဒါတွေက ရိုးအီနေပြီ ဖြစ်သည်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့က အဓိကပါပဲ။ ဘေးမှာ လွယ်ထားသော စလင်းဘက် ထဲက ဆီးယိုထုပ်တွေ ထုတ်လိုက်သည်။

 

“ကဲ.. တို့များ ကိုကိုတို့ မမတို့ သဘောကျ ကပြပြီးပြီ ဆိုပြပြီးပြီ.. တို့များကို သဘောကျတယ် ချစ်တယ် ဆိုရင်.. တို့များရဲ့ ဆီးယိုလေး တွေလည်း အားပေး ကြပါလား.. သိပ်သိပ်ပြီး ကျေးဇူး တင်မှာ သိလား.. တို့များ..”

ပါးစပ်ကလည်း ပြောပြောဆိုဆို တွန်းတွန်းထိုးထိုးနှင့် ရောင်းရေး ဝယ်တာကို စရသည်။ အင်း.. ဟိုပြေး ဒီပြေးနှင့် တော်တော်တော့ ပင်ပန်းသွား၏။ ဒါပေမဲ့ တော်တော်လေး ရောင်းလိုက် ရ၏။ စိတ်ကို နှစ်ထား လိုက်လို့လား တော့မသိ။ ညနေ‌စောင်းလို့ မိုးချုပ်ခါနီး ဖြစ်သွား တာတောင် မသိလိုက်။ အပြင်ကို လှမ်းကြည့်တော့ မှောင်ရီပျိုး နေပြီ။ ရှေ့ဘူတာမှာ ဆင်းပြီး တည့်တည့် တက်သွားရင် ရပ်ကွက်ထဲသို့ ရောက်သည်။ ရှေ့ဘူတာမှာ ဆင်းပြီး လမ်းလျှောက် မည်ဟု တွေးလိုက်၏။

ဘူတာက ဆင်းပြီး လမ်းလျှောက်ရင်း ရောင်းရသော ပိုက်ဆံကို ရေတွက် လာလိုက်သည်။ ဒီနေ့ မဆိုး.. တော်တော် ရောင်းရသည်။ တစ်ခါတလေ တနေကုန်လို့မှ နှစ်ထုပ်၊ သုံးထုပ် လောက်ပဲ ကုန်တာမျိုး ကြုံဖူးသည်။ လူရော စိတ်ရော ပင်ပန်းသည်။ အင်း.. ရှေ့မှာ ဆေးဆိုင် ရှိသည်။ ဆေးဝင်ဝယ် ရဦးမည်။ ခပ်သွက်သွက် လျှောက်မှ။ မိုးလည်း အတော် ချုပ်နေပြီ။ အမေ စိတ်ပူ ရော့မည်။

 

“ဟ ဟ ဂျော်ကစ်လေးပါလား.. မိုက်တယ်ဟေ့ ကြည့်ကြစမ်း”

“ဟား ဟား ဟား”

ထိုအသံတွေ နှင့်အတူ အမူးသမား တွေလား၊ လမ်းသရဲ တွေလားမသိ.. အော်ဟစ် ဆူညံပြီး အနားရောက် လာကြသည်။ ဘာလုပ်ရမည် မသိ။ လမ်းမီးလည်း မရှိတော့ အတော် မှောင်သည်။ လူကလည်း ပြတ်လှ၏။ ဒီလမ်းက ဖြတ်လာ မိတာ မှားပြီ ထင်သည်။

 

“ဟေ့ ချော်ကောက်လေး.. ချစ်လို့ ရမလားဟေ့.. ဟား ဟား မင်းက ချောတယ်ကွ”

သူ ဘာလုပ် ရမလဲ။ အများနှင့် တစ်ယောက်။ ပြီးတော့ သူ့ အသွင်အပြင်က မိန်းမလျာ ပုံစံ။ ဒီကောင်တွေ ပုံကြည့်ရတာ ဒါမျိုးလည်း ရှောင်မယ့်ပုံ မဟုတ်။ အလိမ္မာ သုံးကြည့်ရမည်။

 

“တို့များ နောက်ကျနေပြီ.. ကိုကိုတို့.. မောင်မောင်တို့ရဲ့.. ပြန်ပါရစေဟယ်.. နော်..”

“ဟား ဟား ဘယ်ရမလဲ.. ဒီလို..”

“အဲလို မလုပ်ပါနဲ့ ကိုကိုတို့ရယ်.. တို့များ သီချင်း ဆိုပြမယ် လေနော်.. ပြီးရင်တော့ ပြန်ပါရစေ ဟယ်”

“အာ.. မင်းကတာများ မကြည့်ချင်ပါဘူး.. ငါတို့က မင်းကို ချစ်ချင်တာကွ ဟဲဟဲ”

ပြောပြောဆိုဆို သူ့နားကို ဝိုင်းအုံကပ် လာကြ၏။ ထို့နောက် တစ်ယောက်က စပ်ဖြဲဖြဲ မျက်နှာနှင့် ကြည့်ပြီး သိုင်းဖက် လိုက်၏။ ပြီးတော့.. လက်တွေက သူ့လက်မောင်းကို ပွတ်သပ် လာ၏။ ပျော့နွဲ့ ချင်ယောင် ဆောင်နေ၍ မရတော့။ တို့များ ဘဝကနေ သက်စိုး ဘဝကို ပြန်ရောက် လာသည်။

 

“ဟာ.. အဲလို မလုပ်ကြ ပါနဲ့ကွာ.. ငါ.. ငါ.. ယောက်ျားလေးပါကွ..”

အဲဒီတော့မှ ပိုဆိုးတော့သည်။ ခပ်အစ်အစ် ရယ်သံ လှောင်သံတွေ ထွက်လာသည်။ ပြီးတော့..

 

“နေစမ်းပါကွာ.. အခြောက်က အခြောက်ပေါ့ကွ... ငါတို့ကို အေးအေးသက်သာ ပြန်ချစ် လိုက်စမ်း ပါကွာ၊ မင်းက မိန်းမလို ဝတ်ထားပြီး ငါတို့ကိုကျမှ ယောက်ျားပါလို့ ပြောရအောင် နှစ်ဖက်ချွန်လား.. ဟား ဟား..”

ပိုမို လွန်ကဲလာသော ဖက်နှောင်မှု များကြားမှ အားရှိသလောက် ရုန်းထွက်မိသည်။ မထူးခြား။ ဒေါသက ထွက်လာ၏။ ပါးစပ်ဖျားမှ ဒေါသသံ စွက်သော စကားလုံးများ ထွက်ကျ လာသည်။

 

“ဟေ့ကောင်တွေ.. မင်းတို့ မယုံချင်လည်း နေကွာ.. ငါက ဈေးရောင်းလို့ ခြောက်ချင်ယောင် ဆောင်တာ.. ငါ အခြောက် အစစ် မဟုတ်ဘူးကွ.. လွှတ်ကြကွာ.. ငါပြန်မယ်..”

“ဘာ.. မင်းက ငါတို့ကို ဘယ်လို လေသံမျိုးနဲ့ ပြောတာလဲ.. အခြောက်က အခြောက်ပေါ့ကွ.. မင်းတော့ နာတော့မယ်”

“ဟာကွာ.. မင်းတို့တော့ကွာ.. တောက်”

“ဟင်.. တောက်ခေါက် ရအောင် မင်းက ဘာကောင် မို့လို့လဲ.. ဒီလောက်တောင် အကြော တင်းတဲ့ ဟိုမရောက် ဒီမရောက်ကောင်.. ကဲကွာ..”

သုံးလေးယောက် ဝိုင်း၍ ထိုးနှက်မှုကို ခံနိုင်ရည်မရှိ။ အပြိုပြို အလဲလဲ..။ ဒီကောင်တွေ အရမ်း မိုက်ရိုင်းသည်။ လွန်ကျူးသည်။ အများနှင့် တစ်ယောက်မို့ ပြန်လည် တုံ့ပြန်ရန် အခွင့်အရေး မရ။ လွယ်ထားသော ဆလင်းဘက်အိတ်က လွင့်ထွက် သွား၏။ တစ်ကောင်က ပြေးကောက်ပြီး ဖွင့်ကြည့်သည်။ ဆီးယိုထုပ် တွေကို သရော်တော်တော် ပုံမျိုးဖြင့် ဖွင့်ကြည့်ပြီး လွှင့်ပစ် လိုက်သည်။ ထွက်ကျ လာသော ပိုက်ဆံတွေကို ခပ်ဆဆ ကြည့်သည်။ ပြီးတော့ ဘောင်းဘီ နောက်အိတ်ထဲ ထိုးထည့် လိုက်၏။ အလွန် နာကျင်နေသော ကြားမှ တုန်တုန်ယင်ယင် အော်ဟစ် လိုက်မိသည်။

 

“ဟာ.. မလုပ်ကြပါနဲ့ကွာ.. ငါ ဈေးရောင်း ထားတာ တွေကွ..”

“နေစမ်းကွာ.. မင်းကို ပညာ ပေးတယ်လို့ သဘောထား လိုက်ပေါ့ကွ.. မင်း ပိုက်ဆံတွေ ယူတယ်ကွာ၊ မင်းဘာလုပ်မလဲ.. ဟား ဟား ဟေ့ကောင်တွေ.. ဒီကောင်မကို ထားခဲ့တော့.. ငါတို့ အရက် သွားသောက်မယ်.. ဟား ဟား ဟား”

သူ့ဂုတ်ကို ဆွဲမ၍ လမ်းသရဲကောင် တစ်ကောင်က ပြောပြီး သူ့ကို တွန်းလွှတ် လိုက်၏။ သူ့ကို ကြည့်၍ ရယ်ကြသည်။ လှောင်ပြောင် ရယ်မောပြီး ပြန်လှည့်ထွက် သွားကြသည်။ ကိုင်ရိုက် ထားသလို နာကျင် နေသော ဒဏ်ရာများ ကြားမှ မျက်ရည်တွေ စီးကျ လာသလား မသိ။ ဘယ်သူမှ မရှိတော့ သည့်တိုင်အောင် စကားတွေ တတွတ်တွတ် ပြောပြီး လှမ်းတောင်းပန် နေမိသည်။ သို့သော် အသံက လည်ချောင်းဝ မှာတင် နင့်အစ် ကြေကွဲ နေ၏။

မလုပ်ကြ ပါနဲ့ကွာ.. ငါ တနေ့လုံး ဈေးရောင်း ထားတဲ့ ပိုက်ဆံတွေပါ.. အိမ်မှာ ငါ့အမေက နေမကောင်းတဲ့ ကြားက ငါ့ကို ပူပန် နေတော့မှာ.. ငါ့အမေ နေမကောင်းဘူး.. ငါ့အမေ အတွက် ငါ ရှေ့နားမှာ ဆေးဝင်ဝယ်ရမှာ.. တစ်နေ့ ဆေးဝယ်ဖို့ တစ်နေ့ ငါမနည်း ချန်ရတာ ပါကွာ.. အနိုင်မကျင့် ကြပါနဲ့.. ငါ့အမေ တကယ် နေမကောင်းဘူး.. ငါတတ်နိုင်တာနဲ့ ငါ့အမေကို ဆေးကုနေ ရတာပါ.. ဆရာဝန် မပြနိုင်ဘူး.. အမေ သောက်ဖို့ ဆေးကို တစ်နေ့စာ တစ်နေ့ ငါဝယ်ရတာပါ.. တစ်ခါတလေ ပိုက်ဆံ မလောက်ရင် ငါ ထမင်း မစားရဘူး.. မင်းတို့မှာလည်း အမေ ရှိမှာပါကွာ.. ငါ့ကို စာနာကြပါ.. မင်းတို့ အကုန် ပြန်မပေး ချင်ရင်တောင် ဆေးဝယ်ဖို့ ပိုက်ဆံလေးပဲ ပြန်ပေး ကြပါကွာ.. ငါ့အမေဖို့ ဆေးဝယ်လို့ ရရင် တော်ပါပြီ.. မင်းတို့.. မင်းတို့.. ပြန်ပေး ကြပါကွာ..။

သူ့လို မပြည့်စုံသော ဘဝတွေ ဘယ်လောက်တောင် ဝေဝါးခဲ့ ကြဖူးပြီလဲ..။ သိချင်လှပါသည်။

 

သူရဿဝါ
၂၀ - မာ့ချ် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment