Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Monday, March 09, 2009

တစ်ကြောင်းဆွဲနှင့် စူပါကြီးများ အားပြိုင်ပွဲ

စုဘူး ဟောစာတမ်းတွင် ရေးသားခဲ့သော နှစ်ပေါင်းများစွာ ကြာပြီးသည်၏ တစ်နေ့။ 
 
ပြိုင်ပွဲ ကျင်းပမည့် ခန်းမကြီးထဲတွင် စုဘူးသုံးစွဲသူ ယူဇာများ အုံနှင့်ကျင်းနှင့် အစုအဖွဲ့ အလိုက် ရောက်ရှိနေ ကြလေသည်။ ယူဇာအဟောင်းအသိုးကြီး များကတစ်ဖွဲ့၊ ယူဇာအသစ်လေး များကတစ်ဖွဲ့၊ စာရေး အလွန်ကောင်းသည်ဟု သတ်မှတ်ခြင်း ခံထားရသော ယူဇာများကတစ်ဖွဲ့၊ တစ်ကြောင်းတည်းသာ ရေးလေ့ရှိကြသော ယူဇာများကတစ်ဖွဲ့ စသည်ဖြင့် အဖွဲ့ဖွဲ့ အစုစုဖြင့် ယခုကျင်းပ ပြုလုပ်မည့် ပြိုင်ပွဲအကြောင်းကို အာပေါင် အာရင်းသန်သန် ဆွေးနွေး ငြင်းခုံလျှက် ရှိနေကြလေ၏။

စုဘူးဟောစာတမ်း

ကျွန်ုပ်သည်ကား ရှေ့မီနောက်မီ အပေါ်မီ အောက်မီရုံသာမက အလွန်တရာ ဉာဏ်ပညာ အမြော်အမြင် ကြီးမားလှသော ပညာရှိတစ်ဦး ဖြစ်ရကား တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ ဖွံ့ဖြိုး တိုးတက် စည်ပင်ပြန့်ပွား ကြီးမားလာနေပြီ ဖြစ်သော စုဘူးတို့၏ ရှေ့ရေးကို တွေးဆဆင်ခြင် တွက်ချက် ကြည့်ပြီးသကာလ ဤစုဘူးဟောစာတမ်း အမည်တွင်သော ရှေ့ဖြစ် ကျမ်းကြီးအား ဟောကြား ထုတ်ဝေ လိုက်ရခြင်းသာ ဖြစ်ပေတော့သည် တမုံ့။

ယခု အချိန်တွင် စုဘူး ယူဇာပေါင်း တစ်သောင်းနီးပါး ဖြစ်လာခြင်းကို ထောက်ရှု၍ နောင်လာမည့် နှစ်အနည်းငယ် အတွင်း အင်္ကျီပေါ်တွင် စွဲကပ်သော ဖားဥများပမာ မရေမတွက် နိုင်အောင်ပင် စုဘူး သုံးစွဲသူများ တိုးပွားလတ္တံ့။