- ၁ -
အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တနေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တနေ့တာလုံး၏ အလှဆုံး အချိန်ဟုပင် ပြော၍ ရလောက်အောင် အားပျော့နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့ လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက် နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက် အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တနေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေ ဆည်းဆာကို ခံစားကြ သူများနှင့် ခါတိုင်းလိုပင် စည်ကားနေ၏။
ထိုအချိန်မှာပင် ကလေးများထံမှ “ဟေး”ခနဲ အော်လိုက်သံကို ကြားရသည်။ ရှိသမျှ ကလေးများ အကုန်လုံး ဆော့ကစား နေရာမှ ရပ်တန့်ပြီး လမ်းအဝင်ဝ ဖက်ကို ပြေးသွား ကြသည်။ လမ်းထဲရှိ လူများ ကတော့ မြင်နေကျ မြင်ကွင်းမို့ မအံ့ဩကြ။ ရောင်စုံ မီးလုံးများ သွယ်တန်း ထားပြီး ပတ်ပတ်လည်မှာ “လမင်းဝေဖာ ရေခဲမုန့်” ဟု ဆေးရောင်စုံ ရေးထားသော ကားတစ်စင်း လမ်းထဲကို ဝင်လာခြင်း ဖြစ်၏။ ထိုကားက လမ်းထဲသို့ လေးရက် တစ်ခါလောက် လာနေကျ။ ထိုကား လာတိုင်းလည်း လမ်းထဲ ရှိရှိသမျှ ကလေးများ အကုန် ပြေးလိုက်နေကျ ဖြစ်သည်။
“ကလေးတွေ လာကြ.. စားကြနော်.. ခဏချင်းမှာ လမင်း ဝေဖာက ကုန်တော့မှာ.. ဝေဖာ ရေခဲမုန့်တွေ.. တစ်ခုမှ ငါးဆယ်တည်း.. အလှစားရင် တန်အောင်ကောင်း.. အဝစား ရင်တော့ မကျန်အောင် ရောင်းပေးမယ့် လမင်းဝေဖာ တွေပါ”
ကားပေါ်မှ ရောင်းသူက ထိုသို့ ဝေဝေဆာဆာ အော်လိုက်သည်နှင့် ကလေးများ ကလည်း ထိုကား နားတွင်သာ ဝိုင်းအုံနေ ကြတော့သည်။ ကလေးများ ဖြစ်နေကြ တော့လည်း ဝယ်စားနိုင် သည်ဖြစ်စေ၊ ဝယ်မစားနိုင် သည်ဖြစ်စေ၊ ထိုကား ပြန်မထွက်မချင်း တဝဲလည်လည် ဖြစ်နေကြ၏။ ခဏနေတော့ ဖိုးအောင်၏ စူးစူးဝါးဝါး ငိုသံ နှင့်အတူ ရုန့်ရင်း ကြမ်းတမ်းသော ကြိမ်းမောင်းသံများ ထွက်ပေါ် လာသည်။ ထုံးစံအတိုင်း ဖိုးအောင် အရိုက်ခံရ ပြန်ပြီပေါ့။ ကျွန်တော် နေထိုင်သော လမ်းကလေး၏ စရိုက် သဘာဝကို သေချာ စဉ်းစားနေ မိပြန်သည်။
- ၂ -
ကျွန်တော် နေထိုင်သော လမ်းကလေးက လူတန်းစား စုံသည်။ လူနေမှု အဆင့်အတန်း မညီမျှ ဟုလည်း ပြော၍ရသည်။ ကျွန်တော့် အိမ်၏ မျက်နှာချင်းဆိုင်က ဆရာဝန်ကြီးအိမ်။ ဒေါက်တာ မြင့်မောင်နှင့် ဒေါ်ထားထား ဟုဆိုလျှင် တလမ်းလုံး သိကြသည်။ လင်မယား နှစ်ယောက်လုံး ရုပ်ရည် သန့်ပြန့်ပြီး စိတ်သဘောထားလည်း ကောင်းကြသည်။ သူတို့၏ သားလေး မျိုးဇော် ကလည်း တစ်လမ်းလုံး၏ အချစ်တော်။
သူတို့ ဘေးက အိမ်မှာတော့ ပွဲစား ကိုခင်တင့် နေသည်။ လူပျိုကြီး ဖြစ်ပြီး သူ့အလုပ် သဘာဝနှင့် မညီမျှစွာ ခပ်အေးအေးပင် နေတတ်သူ ဖြစ်၏။ ကျွန်တော့် ဘေးအိမ် ကတော့ ဖိုးအောင်တို့ မိသားစု နေသော အိမ်ဖြစ်သည်။ တလမ်းလုံးမှာ အနွမ်းပါးဆုံး မိသားစုဟု ပြော၍ ရသလို တလမ်းလုံးတွင် ပူညံပူညံ အဖြစ်ဆုံး အိမ်ဟုလည်း ပြော၍ရသည်။ ဖိုးအောင်၏ အဖေ လွင်မောင်က ဆိုက်ကား နင်းသည်။ ညနေစောင်း လောက်ဆိုလျှင် ဆက်မနင်းတော့။ ညဘက် ရောက်မှ မူးမူးရူးရူးနှင့် သိုင်းကွက် နင်းပြီး ပြန်လာသည်။ လမ်းထဲမှာတော့ အော်ဟစ် ရမ်းကားခြင်း မပြု။ လွင်မောင် အိမ်ထဲ ရောက်ပြီ ဆိုလျှင် သူ့မိန်းမ မခင်အေးက သောင်းကျန်းပြီ။ သူကလည်း မူးမူးနှင့် ပြန်အော်သည်။ သူတို့ လင်မယား နှစ်ယောက် ရန်ဖြစ်ပြီ ဆိုလျှင်တော့ တော်ရုံလူပင် နားမခံ နိုင်တော့ပေ။ ရုန့်ရင်းသော အဆဲအဆို မှန်သမျှကို အိမ်နီးနားချင်းများ နားဆင်ကြ ရတော့၏။ အဲဒီ အဖြစ်က နေ့တိုင်းလိုလို ဆိုတော့ လမ်းထဲမှာ အဆူပူဆုံး အိမ်အဖြစ် တလမ်းလုံးက တပြိုင်နက် သတ်မှတ် ထားကြ၏။
ထိုသို့ လူတန်းစား မညီမျှလှသော လမ်းကလေး အတွင်းမှာ နေသည့် ကျွန်တော်က စာရေးဆရာ ပီပီ အမြဲတမ်း အကဲခတ် နေမိ၏။ ထိုအထဲမှာ ကျွန်တော် စိတ်ဝင်စား တာက ဖိုးအောင်။ ဖိုးအောင်လေးက ခြောက်နှစ်သား လောက်ရှိပြီ။ သွက်လက် ချက်ခြာသော ကလေး ဖြစ်၍ ကျွန်တော်က ချစ်သည်။ စကားလည်း တတ်၏။ တခါက ကျွန်တော့်ကို မေးဖူးသည်။
“ဦးဦးက ဘာအလုပ် လုပ်တာလဲဟင်” တဲ့။
“ဦးဦးက စာရေးဆရာ ပေါ့ကွ” ဆိုတော့ သူက ထပ်မေးပြန်သည်။
“ဘာအကြောင်းတွေ ရေးတာလဲ” တဲ့။ ကျွန်တော် ကလည်း ကလေး မေးတာပဲ ဆိုပြီး
“သူများတွေ ပြောပြ တာကို မှတ်ထားပြီး ဦးဦးက ပြန်ရေးတာ ပေါ့ကွ”
ဟု ပြီးစလွယ်ပင် ဖြေလိုက်မိသည်။ အဲဒါကို သူက မှတ်ထား ပုံရ၏။ နောက်နေ့ ကစပြီး ကျောင်းက ပြန်ရောက် သည်နှင့် ကျွန်တော့် အိမ်ဖက် ကူးလာကာ သူ သိထားသော ပုံပြင်တွေ အကြောင်း ပြောကာ စာရေးခိုင်း တော့သည်။ တစ်နေ့တည်း မဟုတ်။ သူစိတ်ကူး ပေါက်တိုင်း ကျွန်တော့်ကို ပုံပြင်တွေ လာပြော ပြသည်။ ပုရွက်ဆိတ်နှင့် နှံကောင် အကြောင်းလည်း ပါ၏။ စနှိုးဝှိုက်နှင့် လူပုလေး များလည်း ပါ၏။ ဖိုးအောင်ကို ကြည့်ရတာ ကျွန်တော့်ကို အတော် ခင်တွယ်ပုံ ရသည်။ ကျွန်တော် ကလည်း ထိုကလေးကို သံယောဇဉ် ဖြစ်နေမိ၏။
အစပိုင်းက ကျွန်တော် ပြောခဲ့သလို “လမင်း ဝေဖာ ရေခဲမုန့်” ရောင်းသည့် ကားလာတိုင်း ဖိုးအောင် အရိုက် ခံရသည်။ ဖြစ်ပုံက ထိုကား ရေခဲမုန့် လာရောင်းတိုင်း ကလေးတွေက ထိုကား နားမှာ အုံဖွဲ့ပြီး ရေခဲမုန့် ဝယ်စား ကြသည်။ ဖိုးအောင် ကလည်း ကလေးပီပီ စားချင်ရှာတော့ သူ့အမေကို ရေခဲမုန့် ဝယ်ကျွေးဖို့ ပူဆာသည်။ မိဘ ဆိုသည် ကလည်း ကိုယ့်သားသမီး ဆန္ဒကို ဖြည့်ဆည်း ပေးချင်ကြ သူတွေချည်းပဲ ဖြစ်၏။ သို့သော် တနေ့စားဖို့ တနေ့ အနိုင်နိုင် ရှာဖွေ နေရသော ဘဝပေး အခြေအနေအရ ဝယ်မကျွေးနိုင်။
ဖိုးအောင် ကလည်း မုန့်မစား ရတော့ ကလေးပီပီ ဂျီကျသည်။ ထိုအခါ သူ့အမေက ပြော၍မရ ကောင်းလား ဆိုကာ ဖိုးအောင်ကို တုတ်တစ်ချောင်း ဆွဲပြီး ရိုက်တော့သည်။ ပညာတတ် လူတန်းစား ဖြစ်သော မိဘ ဆိုလျှင်တော့ ကလေးကို ရိုက်ချင်မှ ရိုက်ပေလိမ့်မည်။ “အမေတို့မှာ တနေ့ စားဖို့တောင် တနေ့ မနည်း ရှာရတာ.. သားကို ဘယ်ဝယ်ကျွေး နိုင်ပါ့မလဲ သားရယ်.. အမေတို့လည်း ဝယ်ကျွေးချင် တာပေါ့” စသည်ဖြင့် ကလေး နားဝင်အောင် ပြောဆို ဆုံးမမည် ဖြစ်သည်။
ဖိုးအောင်၏ မိဘတွေ ကတော့ ဘဝပေး အခြေအနေ အရပင် ပညာမသင် ခဲ့ရတော့ သူတို့၏ ဘဝပေး အသိကလည်း ဆုံးမခြင်း ဆိုသည်မှာ ရိုက်နှက်သော နည်းလမ်းပင် ဖြစ်မည် ဟုသာ ထင်ကြသည်။ သို့သော် ဖိုးအောင်ကို ရိုက်နှက် ပြီးတိုင်း မခင်အေး မှာလည်း ဖိုးအောင် ထက်ပင် နာကျင် ခံစားရမည် ကတော့ သေချာ ပါသည်။
- ၃ -
ဘတ်စ်ကား ပေါ်က ဆင်းပြီး ကျွန်တော် နေသော လမ်းလေးထဲ လမ်းလျှောက်ပြီး ဝင်လာ ခဲ့သည်။ ညနေ ၄ နာရီ ကျော်ကျော် ဆိုတော့ နေစောင်းစ ပြုနေပြီ။ လမ်းထဲ ရောက်တော့ လမ်းလေး၏ ထုံးစံ ယဉ်ကျေးမှု အတိုင်း စကားဝိုင်းဖွဲ့ နေကြသော လူကြီးတွေရော၊ မြူးထူး ဆော့ကစား နေကြသော ကလေး တွေရောဖြင့် စည်ကား နေသည်ကို တွေ့ရ၏။ ဖိုးအောင် လေးလည်း ကလေးအုပ် ထဲမှာ ဝင်ရောက် ရောနှောပြီး ဆော့ကစား နေသည်။
ကျွန်တော့်ကို မြင်တော့ ဖိုးအောင်က ဆော့ကစား နေရာမှ ရပ်ပြီး ကျွန်တော့်ဆီ ပြေးလာသည်။ ကျွန်တော် ကလည်း အလိုက်သင့်ပင် သူ့လက်ကို ဆွဲပြီး လမ်းလျှောက် လာခဲ့၏။
“ဦးဦး ဘယ်က
ပြန်လာတာလဲ”
“မဂ္ဂဇင်းတိုက်က ပြန်လာတာပေါ့ သားရဲ့”
“သားပြောပြတဲ့ ပုံပြင်အကြောင်းရေးပြီး သွားပို့တာလား”
“အေးပေါ့ကွ”
“ဒီနေ့လေ.. လမင်းဝေဖာ လာမှာဦးရဲ့၊ သားက စောင့်နေတာ”
မြူးမြူးကြွကြွ ပြောလိုက်သော ဖိုးအောင် စကားကြောင့် ကျွန်တော် ရင်ထဲ မောသွားရ၏။ အို.. မင်း ဒီနေ့တော့ အရိုက်ခံရဦး မှာပေါ့ ကလေးရယ်။ ဘာမှ မသိသော ဖိုးအောင်လေး ကတော့ လမင်း ဝေဖာကား လာမှာကို ပျော်နေ၊ မျှော်နေလေသည်။
အိမ်ထဲဝင်၊ ခဏနားပြီး ရေမိုးချိုးဖို့ ပြင်ဆင်နေ တုန်းမှာပင် ဖိုးအောင်တို့ အိမ်က “စီ”ကနဲ အသံကြား လိုက်ရသည်။ ဒါက ပထမပွဲ ဖြစ်လိမ့်မည်။ လွင်မောင်နှင့် မခင်အေး ထုံးစံအတိုင်း ရန်ဖြစ်နေ ကြပြန်ပြီ။ ခါတိုင်းထက် ပိုမိုရုန့်ရင်း ကြမ်းတမ်းသော ဆဲဆိုသံများကို ကြားလိုက်ရ ကတည်းက အရင်နေ့ တွေထက် ပိုဆိုးသော ရန်ပွဲမှန်း ကျွန်တော် သိလိုက်သလို ဖိုးအောင်လေး အတွက်လည်း စိုးရိမ်နေ မိပြန်သည်။ ယနေ့ လမင်း ဝေဖာကား မလာပါစေနဲ့၊ ဒါမှမဟုတ် ဖိုးအောင် မုန့်ဝယ် ကျွေးဖို့ မခင်အေးကို မပူဆာ ပါစေနဲ့ဟု ကျွန်တော် ဆုတောင်း နေမိ၏။
ကျွန်တော် အဝတ်အစား လဲပြီး အိမ်ရှေ့ထွက် လာခဲ့သည်။ ရန်ပွဲက မပြီးသေး။ အမြဲ ဖြစ်နေကျ ကိစ္စတွေမို့ ကျွန်တော်လည်း အထူး ဂရုစိုက် မနေတော့ဘဲ ဆည်းဆာ အလှကိုသာ ခံစားနေ လိုက်တော့သည်။ ဝင်လုဆဲဆဲ နေ၏ ဖျော့တော့တော့ အရောင်က လမ်းကလေးပေါ် ညွှတ်ကျ နေပုံမှာ အလွန်ပင် ကြည့်ကောင်း၏။ ဆည်းဆာရောင် ထဲတွင် ဘယ်လောက် အထိ နစ်မြော နေမိသည် မသိ။ သံစုံတီးလုံး များဖြင့် ခန့်ခန့်ညားညား ဝင်လာသော “လမင်းဝေဖာ ရေခဲမုန့်” ကားကို မြင်မှ စိတ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်သည်။
“ကလေးတွေ လာကြ.. စားကြနော်.. ခဏချင်းမှာ လမင်းဝေဖာက ကုန်တော့မှာ.. ဝေဖာ ရေခဲမုန့်တွေ.. တစ်ခုမှ ငါးဆယ်တည်း.. အလှစားရင် တန်အောင်ကောင်း.. အဝစား ရင်တော့ မကျန်အောင် ရောင်းပေးမယ့် လမင်းဝေဖာ တွေပါ”
ကားပေါ်မှ လူက မိုက်တစ်လုံးဖြင့် ဝေဝေဆာဆာ မြူးမြူးသွက်သွက် အော်လိုက်သည်နှင့် ကလေးတွေ အကုန်လုံး ထိုကားနားမှာ စုပြုံ တိုးဝှေ့ကုန် ကြတော့သည်။ ဖိုးအောင်လည်း ထိပ်ဆုံးမှ ပါ၏။ ခဏနေတော့ ဖိုးအောင်က ရေခဲမုန့် ဝယ်ကျွေးဖို့ ပူဆာရန် သူ့အိမ် ရှိရာသို့ ပြေးလာ လေသည်။ သူ အရိုက်ခံရ တော့မည်မှန်း ကျွန်တော် သိသည်။ မခင်အေး ခုနက ရန်ဖြစ် ထားသော အရှိန်ဖြင့် ဒေါသ ပြေဦးမည် မဟုတ်။ ဖိုးအောင် အရိုက်မခံ ရစေရန် သူ့ကို ကျွန်တော် မုန့်ဝယ် ကျွေးရန် ဆုံးဖြတ် လိုက်သည်။
“ဖိုးအောင်.. ဖိုးအောင်”
ကျွန်တော် ဖိုးအောင်ကို ခပ်သွက်သွက် လှမ်းခေါ် လိုက်သည်။ သို့သော် သူ့ဇောနှင့်သူ၊ ကျွန်တော် အတန်တန် ခေါ်သည်ကို မကြားဘဲ ဆက်ပြေး သွားသည်။ ကျွန်တော်လည်း မတတ်နိုင် သည့်အဆုံး သက်ပြင်း တစ်ချက် ကိုသာ ခပ်တွဲ့တွဲ့ ချမိသည်။
- ၄ -
“ရွှမ်း..
ရွှမ်း”
“ကဲဟာ.. ဒီလောက်တောင် အလိုက်ကန်းဆိုး မသိတဲ့ကောင်၊ အမြဲတမ်း အရိုက်ခံ ရတာလည်း အမှတ်
မရှိဘူး”
“အီး.. အီး.. ကြောက်ပါပြီ အမေရဲ့ ဟီး”
ဖိုးအောင်၏ ကြောက်လန့်တကြား ငိုယိုသံနှင့် မခင်အေး၏ ရိုက်နှက် အော်ဟစ်သံက ဆင့်ကဲ ဆင့်ကဲ။ ကျွန်တော် ဖိုးအောင်လေးကို သနား မိသည်။
“ဒီလောက် စားချင်တဲ့ ဝေဖာကို ငါဝယ်ကျွေးမယ် ဟုတ်လား၊ စားရင်စားပေါ့.. မစားရင် ငါနဲ့ တွေ့မယ်”
ဖိုးအောင်ကို ကြိမ်းမောင်း ဆဲဆိုရင်း မှပင် မခင်အေး အိမ်ရှေ့ လမ်းမပေါ် ရောက်လာသည်။ ပြီးတော့ “လမင်းဝေဖာ” ကားရှိရာသို့ ဒေါသတကြီး လျှောက်သွား လေသည်။ မခင်အေး ပြန်လာတော့ သူ့လက်ထဲမှာ ဖိုးအောင် အလွန်စားချင် ရှာသော ဝေဖာ ရေခဲမုန့် သုံးလေးခု ပါလာ လေသည်။ အိမ်ထဲသို့ မခင်အေး ဝင်သွားပြီး မကြာခင် မှာပင် အသံများ ပြန်ထွက် လာပြန်သည်။
“စားခိုင်းနေတာ စားလေ.. ကဲဟယ် စားစမ်း.. ရော့ စား”
ဖိုးအောင်က မစား။ ကြမ်းပေါ်မှ ဝေဖာမုန့်တွေ ကိုသာ စူးစူးစိုက်စိုက် ကြည့်ရင်း ရှိုက်ငင် နေ၏။ မခင်အေးက ထပ်၍ ရိုက်သော်လည်း မငိုတော့။ သူ၏ အကြည့် မှာလည်း ဝေဖာမုန့်တွေ ပေါ်မှ လွှဲဖယ်မသွား။ ကျွန်တော် ဖိုးအောင်၏ ထူးထူးဆန်းဆန်း ပုံစံကို ကြည့်ပြီး ကြောက်လာ မိ၏။ အခြေအနေ ပိုဆိုး မသွားခင် ကျွန်တော် ဝင်ရောက် တားဆီးရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် ထင်မှတ် မထားသော အဖြစ်အပျက်က ဖြစ်လာ၏။
ဝေဖာမုန့် များကို ဝေခွဲ မရသော အကြည့်ဖြင့် ကြည့်နေရာမှ “ဝုန်း”ခနဲ ထကာ လမ်းပေါ်သို့ ဖိုးအောင် ဆင်းပြေး သွားခြင်း ဖြစ်သည်။ ကျွန်တော့် ကိုလည်း ဂရုမပြု၊ မခင်အေး၏ “ဟဲ့.. ဘယ်ကို ထသွား တာလဲ၊ သေချင် ပြန်ပြီလား” ဟူသော အသံကိုလည်း သူ ကြားတော့ပုံ မပေါ်ပေ။ ဖိုးအောင်ကို ပြန်လိုက်ခေါ်ဖို့ ကျွန်တော် လမ်းပေါ်သို့ လိုက်လာ ခဲ့၏။ မခင်အေး ကလည်း ကျွန်တော့် နောက်မှာ ပါလာသည်။
“လမင်းဝေဖာ” ကားနောက်သို့ ဖိုးအောင် ပြေးလိုက်သွားပုံ ပေါ်၏။ ဘာရည်ရွယ်ချက် မှန်းတော့ မသိ။ တရွေ့ရွေ့ ထွက်သွားသော ကားက လမ်းမဖက်သို့ ကွေ့ရန် ဟန်ပြင်နေ၏။ ပြေးလိုက် သွားသော ဖိုးအောင် ကလည်း လမ်းထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ဖိုးအောင်၏ ရည်ရွယ်ချက်ကို မသိ၍ ကျွန်တော်လည်း ဇေဝဇဝါ နှင့်ပင် အပြေးလိုက် သွားမိ၏။
လမ်းမပေါ် ကွေ့သွားသော ကားနောက်သို့ ဆက်လိုက်ရန် ဖိုးအောင် လမ်းမပေါ်သို့ ပြေးတက် လိုက်၏။ ထိုစဉ်မှာပင်
“ဝုန်း”
“အား..”
“အောင်မယ်လေး.. သေပါပြီ”
“သား.. ...”
- ၅ -
တလောကလုံး ငြိမ်သက် မှောင်မဲ။ ငိုရှိုက်သံ သဲ့သဲ့များ..။ အနားမှာ ရှိသော အနိဌာရုံ အတွက် စုတ်သပ် သံများ..။ ပြန်မပြင် နိုင်တော့သော မကောင်းဆိုးဝါး စက္ကန့် အနည်းငယ်။ မြေပြင်က စုပ်ယူ မသွားနိုင် သေးသော ရဲရဲစွေးစွေး အနီရောင်များ။ ထိုအရာများ မှအပ ကျန်သည့် အရာအားလုံး အသက်မဲ့ သွားသလို ထင်ရ၏။ မခင်အေး ကတော့ သွေးအိုင်ထဲ လဲနေသော ဖိုးအောင်ကို ပွေ့ဖက်ကာ ငိုကြွေး နေ၏။ နောက်ကျ ခဲ့သော ခြေလှမ်း အနည်းငယ် အတွက် ကျွန်တော် မျက်ရည်ဝဲ နေရုံသာ တတ်နိုင်ပါသည်။ ခံစား နာကျင်သော ဝေဒနာကို အံတု၍ ဖိုးအောင်၏ မျက်လုံး လေးတွေ ပွင့်လာ သော်လည်း မျှော်လင့်ချက် မရှိနိုင် တော့သော နောက်ဆုံး အချိန်မှန်း အားလုံး သိလိုက် ကြသည်။ ဖိုးအောင်၏ မျက်လုံးလေး တွေက နာကျည်း မုန်းတီးသည့် အရိပ်အယောင် ခပ်ဖျော့ဖျော့ ထင်နေ၏။
“သား.. သား.. လမင်းဝေဖာ.. ကို.. မုန်းတယ်”
အားယူ ပြောလိုက်သော စကား အဆုံးမှာ မဖော်ပြ တတ်သော ခံစားမှု တစ်မျိုးနှင့် ကျွန်တော် နာကျင် သွားရ၏။ ဖိုးအောင် ကတော့ ငြိမ်သက် နေပြီ ဖြစ်လေသည်။ မင်းရဲ့ အမုန်းစိတ်ကပဲ မင်းရဲ့ အသက်ကို ယူသွားတာပါ ကလေးရယ်။ မခင်အေး၏ ယူကျုံးမရ ငိုသံက သူမ၏ မျက်ရည်စတွေ နှင့်အတူ လွင့်ကြွေ လာပြန်၏။
“သား.. သား.. အမေ နောက်ကို သေချင်လို့ လားလို့ မပြော တော့ပါဘူး သားရယ်.. သား ကိုလေ.. ရိုက်လည်း မရိုက် တော့ဘူးနော်.. သိလား.. အိမ်ပြန် ကြရအောင် သားလေးရယ်.. ထ.. ထ”
ဆို့နင့် နေသော မျက်ဝန်းတွေ၊ လှုပ်ရှားမှုတွေ ကြားမှာ ဖိုးအောင် တစ်ယောက်သာ ငြိမ်းချမ်း နေမည် ထင်၏။ ကျွန်တော့် ကြေကွဲမှုနှင့် မခင်အေး၏ ဆို့ဆို့နင့်နင့် အသံတို့က တထပ်တည်း..
“သားလေးရေ.. ထတော့လေ အိမ်ပြန် ကြရအောင်၊ နေဝင်နေပြီ သားရဲ့”
- ၆ -
နေဝင်စ ပြုနေပြီ ဖြစ်ပါသည်။ နေမင်း ကတော့ ဘယ်သူ့ကိုမှ မငဲ့ကွက်ဘဲ တနေကုန် ပေးထားသော အပူငွေ့နှင့် အလင်းကို ရုပ်သိမ်း နေ၏။ ခဏနေ အမှောင်ထုတွေ အလုံးအရင်း ဝင်ရောက်လာ တော့မည်။ နောက်ဆုံး ကျန်သော ဖျော့မှုန်မှုန် ဆည်းဆာရောင် အောက်တွင်တော့ ကျန်ရစ်ခဲ့ သူတွေနှင့် ထွက်ခွာ သွားသူတို့ နှုတ်ဆိတ် ငြိမ်သက်နေဆဲ။ နေဝင် တော့မည် ဖြစ်ပါသည်။
သူရဿဝါ
၀၅ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment