လူရယ်လို့ ဖြစ်လာပြီ ဆိုရင် ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ တဖြည်းဖြည်း ရလာတတ် ကြပါတယ်။ အတွေ့အကြုံ စုံလေလေ ရင့်ကျက်ဖို့ အခွင့်အလမ်းလည်း များလေလေ ပေါ့ဗျာ။ အဲ.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်တော့ မထင် စေချင်ဘူး။ ကျွန်တော်တို့ အငှားကားသမား တွေက သူများတွေ ထက်စာရင် ပိုပြီး အတွေ့အကြုံ စုံတယ်လို့ ပြောချင်တာပဲ။ စဉ်းစားကြည့်လေ။ အမြဲတမ်း ကားတစ်စီးနဲ့ လမ်းပေါ်မှာ။ လူပေါင်းစုံ၊ စရိုက် ပေါင်းစုံနဲ့ ဆက်ဆံဖူးတယ်။ သူများအပေါ် ဖျံကျ ဖူးသလို၊ ကိုယ့်အပေါ် ရိုက်စား လုပ်သွားတာ တွေလည်း နင့်နေအောင် ခံရဖူးတာပဲ။ “လည်သလိုလို အိမ်မကပ် သလိုလို” လုပ်တယ် ဆိုတာ ကျွန်တော်တို့ အငှားကားသမား တွေကမှ အစစ်ဗျ။ ကြုံရသမျှ အဖြစ်တွေ ကတော့ ရယ်ချင်စရာ တွေလည်း ပါတယ်။ စိတ်ပျက်စရာ တွေလည်း ပါတယ်။ အိုး.. အမျိုးကို စုံနေတာပဲ။
ဟိုးတလောက ဆိုကြည့်။ မနက် အိပ်ရာက နိုးကတည်းက ကားက ပျက်နေတာ။ တော်သေး တာပေါ့။ ကိုယ်ပိုင်ကားနဲ့ အငှားကား မောင်းလို့။ အုံနာ ဆီကများ ယူမောင်းရင် အဲဒီနေ့တော့ ခါလီ အိတ်စိုက် ဖြစ်ဦးမှာ။ မနက် ကားထွက်မယ် ဆိုပြီး ကားပေါ်တက် စက်နှိုးလိုက် ကတည်းက ဇာတ်လမ်းက စတာ။ ကားစက်လေး တစ်ခါ နှိုးပါတယ်။ ပန်းနာ ရင်ကျပ် ဖြစ်နေတဲ့ ရောဂါသည် ကျနေတာပဲ။ အဟွန့်.. ဟွန့်.. ဟွန့်.. နဲ့ သုံးလေးခါလောက် ပဲများပြီး ကားစက်က ပြန်ရပ်သွား ပြန်ရော။ ဒါနဲ့ ကားကို ဘောနက်ဖုံး ဖွင့်လိုက်တယ်။ ဘက်ထရီ ဒေါင်းနေလား၊ ဘာလား ကြည့်တယ်။ ဓာတ်ဆီ ခမ်းနေလား ကြည့်တယ်။ တစ်ခုမှလည်း မဟုတ်ဘူး။ ဘယ်လိုမှ နှိုးမရတဲ့ အဆုံး လူက ဒေါသ ထွက်လာရော။ ဘယ်ရမလဲ။ ငါနဲ့ တွေ့သွား မှာပေါ့။ ကားရှေ့ တည့်တည့်ကနေ ပိတ်ရပ် လိုက်တယ်။ ဒီကောင့်ကို ဘုကြည့် ကြည့်တယ်။ အဲ.. ကြည့်လေ ဒေါသက အလိပ်လိုက် ထွက်လာ လေပဲ။ “ဒီလောက်တောင် အကြော ပြောင်တဲ့ကောင်.. လာလေရော့ လဟယ်.. နာလေရော့ လဟယ်” ဆိုပြီး ဘောနက်ဖုံးကို လက်သီးနဲ့ ပြေးထိုးတယ်၊ နားပန်ပိတ် ကျင်းပစ်တယ်၊ ဖနောင့်နဲ့ ပေါက်တယ်။ အဲတော့မှ ကားစုတ်က ဘာကို ကြောက်သွားတယ် မသိဘူး။ တဝူးဝူးနဲ့ နိုးလာ တော့တာပဲ။
အင်း.. ဒီပုံနဲ့တော့ ကားထွက်ဆွဲလို့ မဖြစ်ဘူး။ ငှားတဲ့သူတွေ ရှေ့ရောက်မှ ငါ့ကို ပမာမခန့် လုပ်ရင် ငါပဲ အရှက် ကွဲဦးမှာ။ ဒါနဲ့ပဲ ဝပ်ရှော့ကို သွားပို့ လိုက်တယ်။ ဒင်းက ဝပ်ရှော့ဆရာ ဆီမှာ တနေကုန် အိပ်ပြီး ညနေစောင်းမှ ပြန်သွား ပင့်ရတယ်။ ညနေ ကျတော့မှ ကားပြန်ထွက် ရတယ်။ မနက် ကတည်းက လာဘ်ပိတ်နေ လို့လားတော့ မသိဘူး။ တစ်ကြောင်းမှကို မဆွဲရဘူး ဖြစ်နေရော။ အင်း.. မထူး ပါဘူးလေ၊ အိမ်ပြန် ထမင်းစားပြီး ညမှပဲ ဆက်ဆွဲ တော့မယ် စိတ်ကူးပြီး အိမ်အရင် ပြန်လိုက်တယ်။ ညကိုးနာရီခွဲ လောက်မှ အေးဆေး တစ်ညလုံး ဆွဲမယ်ဆိုပြီး ထွက်လာခဲ့ တော့တယ်။ ဆယ့်တစ်နာရီသာ ကျော်လာတယ်။ ဘာအော်ဒါမှ မရဘူး။ စိတ်ကလည်း ပျက်လာပြီကွာ။ ကဲ.. ဖြစ်ချင်တာသာ ဖြစ်တော့ဆိုပြီး ဝေဇယန္တာ လမ်းမပေါ်မှာ ကားထိုးပြီး အိပ်နေ လိုက်တယ်။ ညတစ်နာရီ လောက်မှ နားထဲက အသံ တိုးတိုးလေး ကြားတယ်။
“ကိုကြီး.. ကိုကြီး”
မျက်လုံး ဖွင့်ကြည့်တော့.. လား.. လား။ ကောင်မလေး တစ်ယောက်။ ကျွန်တော့် ဘေးမှာ လာရပ်ပြီး ခေါ်နေတာ။ မျက်လုံးတွေ ဘာတွေ ပွတ်ပြီး တစ်ချက်သမ်း လိုက်သေးတယ်။ ပြီးမှ သူ့ကို မေးရတယ်။
“အေး.. ဘယ်ကို ငှားမလို့လဲဟ”
ဆိုတော့ မြို့ထဲတဲ့။ လမ်း ၃၀ တဲ့။ စိတ်ထဲက တွက်ကြည့် လိုက်တယ်။ ဒီကနေ မြို့ထဲကို ဒီအချိန်.. အင်း..။
“လေးထောင်တော့ပေးဟာ”
လို့။ သူတစ်ချက် စဉ်းစားတယ်။ ပြီးတော့ “အင်းလေ.. ထားလိုက်ပါ” ဆိုပြီး ကားပေါ်တက် လာတယ်။ ကျွန်တော် ကတော့ စိတ်ထဲမှာ ပေသီး ခေါက်နေပြီ။ လမ်းသုံးဆယ် ရောက်ပြီးရင် သီရိမင်္ဂလာ ဈေးဖက် တက်မယ်ပေါ့။ အေးဆေးပဲ။ မနက် အိမ်ပြန်ရင် အနည်းလေးတော့ ကိုးထောင် တစ်သောင်း ပြေးမလွတ်ဘူးပဲ.. ဟဲဟဲ။ လမ်း ၃၀ ရောက်လာရော ဆိုပါတော့။ သူပြောတဲ့ အိမ်ရှေ့မှာ ကားထိုးရပ် ပေးလိုက်တယ်။ ကောင်မလေးက ကားပေါ်က ဆင်းပြီး ပိုက်ဆံအိတ် ထုတ်တယ်။ ပြီးတော့ မပေးသေးဘူး။ ဟိုဟိုဒီဒီ တစ်ချက် ကြည့်တယ်။ ကျွန်တော့်အနား ကပ်လာ ပြီးတော့ ဘာပြောတယ် မှတ်သလဲ။
“ကိုကြီး.. ဒီလို လုပ်ပါလား၊ သမီးနဲ့ လိုက်ခဲ့လေ.. ဒါ သမီး သူငယ်ချင်း အိမ်ပဲ၊ သမီးကို ခြောက်ထောင် ပဲပေး.. ဟုတ်လား၊ ကိုကြီး ကားခက လေးထောင် ဆိုတော့.. ပြန်ရင် သမီးကို နှစ်ထောင်ပဲ ပေးခဲ့ပေါ့.. နော်”
အာ.. ကျွန်တော် ခေါင်းနပန်း ကြီးသွားတယ်။
“ဟဲ့.. ဟဲ့.. ငါ့များ ဘာထင်နေလဲ၊ မရဘူး.. ကားခပဲ ပေးဟာ၊ ငါ ကားဆက် ဆွဲရဦးမှာ”
“အမယ်.. ကိုကြီးကလည်း ပဲကုလား ဟင်းတွေ မွှေနေပြန်ပြီ.. အဟိ၊ ကဲ.. ကဲ.. ငါးထောင်ပဲ ပေးကွယ်.. နော်.. ရတယ် မဟုတ်လား၊ ပိန်းကြာရွက်ပေါ် ရေမတင်၊ ဝဒူး ဝဒူး ကြတာပေါ့နော်.. နော် လို့..”
သူက အဲဒီလို ပြောလေ၊ ကျွန်တော် ကတော့ အိမ်က ဘုတ်ပြဲကြီး မျက်နှာကြောကို ထင်းကနဲ မြင်လေလေပဲ။ အဲဒီလို အကြာကြီး အခြေအတင် ဖြစ်နေတော့ ကျွန်တော်လည်း စိတ်က တိုလာရော။ တနေကုန် အဆင်မပြေတဲ့ ကြားထဲ ဒီဟာမလေးက တမှောင့်။
“ကဲ.. အာရုံ မနောက်နဲ့၊ ပေးဟာ.. သွားမယ်”
“အော်.. ကိုကြီးက ဒီလိုလား၊ အေးဆေးပြောတာ မရဘူးပေါ့လေ၊ တွေ့မယ်”
ဆိုပြီး လမ်းမဖက်လှည့်၊ ကျုံးအော်တော့တာပဲ။
“ဟောဒီမှာ.. လာကြပါဦး၊ ကျွန်မကို မဖွယ်မရာတွေ လာပြောနေတယ်.. အဟင့်.. အဟင့်”
တောက်.. သေရောကွာ။ နေဝင်ဝင် နေထွက်ထွက် မအိပ်ကြဘူးလား မသိတဲ့ ကာလသား အပေါင်း ဇီးကွက်ခေါင်း တွေကလည်း ဘယ်က ဘယ်လို ထွက်ချလာလဲ မသိဘူး၊ အများကြီးပဲ။ ပြေးတော့ပေါ့.. ဒါပဲ ရှိတော့တာ။ လာထား..။ အမလေး အမျိုးကောင်း အဆွေကောင်း ကားကလည်း ဒါမျိုးကျ ဝူးခနဲပဲ၊ သိပ်စိတ်ချ ရတယ်။ တောက်.. သွားပြန်ပြီကွာ.. တခေါက်။ စိတ်ပျက် လက်ပျက်နဲ့ ဗိုလ်တထောင် ဆိပ်ကမ်းမှာပဲ သွားအိပ် တော့မယ် စဉ်းစား လိုက်တယ်။ ဒါနဲ့ ကားကို ဆက်လှိမ့်လာ လိုက်တယ်။ အဲ.. အဲ.. ရှေ့မှာ တားနေ ပြန်ပြီ။ ကောင်မစုတ်တွေ ဆိုလို့ကတော့ ဆောရီးပဲ။ အော်.. မဟုတ်ဘူးဟ။ အဒေါ်ကြီး တစ်ယောက်။ လက်ထဲမှာလည်း အထုပ်အပိုး တွေနဲ့။ အင်း.. တစ်ကြောင်းလောက် ရလည်း မနည်း ပါဘူးလေ။
“အဒေါ်.. ဘယ်ကိုသွားမလဲဗျ”
“ဟီး.. မောင်လေး သွားချင်တဲ့ နေရာ သွားလေ၊ မ.. ကတော့ လိုက်ဖို့ အဆင်သင့်ပဲ.. ခိခိ”
သောက်ကျိုးကို နည်းရော။ တောက်.. ဒီလောက်တောင် ဖြစ်လှတာ အိမ်ပြန်မယ်ကွာ။ တစ်ပြား တစ်ချပ်မှ မရလည်း နေကွာ။ စိတ်ဆင်းရဲ မခံဘူး။ ဒီလောက် စိတ်ပျက်ဖို့ ကောင်းတဲ့နေ့ ကတော့ တစ်ခါမှကို မကြုံဖူးခဲ့တာ အမှန်ပါပဲဗျာ။
အဲဒီလိုနဲ့ ကြားထဲမှာ သုံးရက်လောက် လည်တယ် လည်တယ်နဲ့၊ အဆင်ပြေလိုက် မပြေလိုက် ကားဆွဲတာ သုံးရက်လောက် ကြာသွားပြီး နောက်တနေ့။ ထုံးစံ အတိုင်းပေါ့။ ကားစုတ်ကို ကန်ကျောက် ခုန်ပေါက်ပြီး အတင်းဆွဲထုတ် လာရတဲ့ တနေ့ပဲပေါ့။ သုဝဏ္ဏဖက် ရောက်သွားတယ်။ ရှေ့မှာ လူရုတ်ရုတ်သဲသဲ ပါလား။ ဘာပါလိမ့်ဟ။ ကားလေး လှိမ့်ရုံ လှိမ့်ပြီး စပ်စု လိုက်သေးတယ်။ အော.. ရုပ်ရှင်ရိုက်နေ ကြတာပဲ။ ဟင်.. ရိုက်ကွင်းထဲက လူတွေ ဘာဖြစ်တာ ပါလိမ့်။ ငါ့ကို တွေ့တာများ မင်းသား ကျနေတာပဲ။ ဝမ်းသာ အားရကြီး ကြည့်ကြတာ။ အဲ.. မန်နေဂျာလား ဘာလား မသိတဲ့ ကတုံး တစ်ကောင်က ပြေးထွက် လာပြီး ကားကိုပါ တားတယ်။ အင်း.. မင်းသား မင်းသမီး တစ်ယောက်ယောက်တော့ ကားပျက်နေပြီ ထင်တယ်။ ငမိုက်သား ကျွန်တော်ပေါ့.. ကိုယ့်ကား အစုတ်နဲ့ နှိုင်းပြီး တွေးမိတာ၊ အဲဒီလူ ပြောမှပဲ ရှက်ရကောင်းမှန်း သိတော့တယ်။
“အစ်ကိုကြီး ကားကိုရော၊ အစ်ကိုကြီး ကိုရော.. ဗီဒီယိုထဲ ထည့်ရိုက်ချင်လို့ ကူညီပါဗျာ”
“အာ.. မောင်ရင်ရ၊ ငါ.. ငါ.. မဖြစ် ပါဘူးကွာ မင်းကလည်း”
“အစ်ကိုကြီး ကလည်း တစ်ခန်းထဲ ပါဗျာ.. မင်းသား ရှေ့ကနေ အစ်ကိုကြီး ဖြတ်မောင်း ပြရုံပဲ.. ဘာမှမလိုဘူး၊ လုပ်ပါဗျာ.. အလကား မဟုတ်ပါဘူး၊ ခဏလေးပဲ.. သုံးထောင် ပူဇော် မယ်နော်.. ကူညီပါဗျာ”
အလဲ့.. မဆိုးဘူးဟ။ ခဏလေး ဖြတ်မောင်းတာ သုံးထောင် ဆိုတော့ တန်သကွာ။ ဒီလိုမှန်းသိ သုံးခန်းလောက် ရိုက်ပေး ရမလား မေးလိုက်ပါတယ်။ အဲလိုနဲ့ သူတို့ပေးတဲ့ ထိုင်ခုံလေးမှာ ထိုင်ပြီး ကိုယ့်အခန်း မရောက်ခင် ရိုက်ကွင်းကို ထိုင်ကြည့် နေလိုက်တယ်။ အမယ်.. မင်းသမီး အမေ လုပ်တဲ့ မိန်းမကြီးက ခန့်ခန့်ညားညား လှလှကြီးဟ။ မင်းသမီး သူငယ်ချင်း လုပ်တဲ့ လူရွှင်တော်မ တွေလည်း ပါသဟ။ အဲ.. အဲ.. ခါတိုင်း ဗီလိန် လုပ်တဲ့ကောင် ကျတော့လည်း ဟန်းချိန်းကြီး တကားကားနဲ့ လမ်းသလား နေပါလား။ မင်းသမီးကို မိတ်ကပ် လိမ်းပေးနေတဲ့ မာမီကြီးလည်း တွေ့တယ်။ အော်.. မင်းသားလည်း ရောက်လာပြီ။ အမယ်.. အိမ်ကတည်းက အပြည့်အဝ မုဒ်သွင်း လာတာကိုး။ မိတ်ကပ်တွေ ဘာတွေနဲ့ ရုပ်ချ လာတာ.. တကယ့်ကို ဂီလာနရုပ်ပဲ။ အင်းလေ.. မင်းသား ကလည်း ဒီကားထဲမှာ နာတာရှည် လူမမာ လုပ်ရမှာ ဆိုတော့ တခါတည်း ပြင်လာတာ နေမှာ။ မဆိုးဘူး။ အကုန် ကြိုးစား ကြသားပဲ။
“ဟာ.. ရိုက်တော့မယ်ဆို သွားပြီကွာ”
အန်.. ဘာလဲဟ။ ဒါရိုက်တာကြီးက ဘာထဖောက် တာတုန်း။
“အာ.. ဒီ Lighting နဲ့ကတော့ကွာ၊ တသက်လုံး လုပ်စားလို့ရမှာ မဟုတ်တော့ဘူး”
သူတို့ဟာတွေ ကလည်း ဘာတွေ မှန်းလည်း မသိဘူး။ လိုက်တင်တာ တွေရော.. ဘာတွေရော။ မန်နေဂျာလေးကို တိုးတိုး မေးကြည့်ဦးမှ ဆိုပြီး ခေါ်မေးရတယ်။ ရိုက်မယ်ဆိုမှ လိုချင်တဲ့ နေရောင် ထွက်မလာ သေးတာ တဲ့ဗျာ။ အင်းလေ.. ဒီလောက်တော့ ရှိမှာပေါ့။ သုံးထောင်.. သုံးထောင်။ ငြိမ်ငြိမ်လေး ထိုင်နေပြီး သုံးထောင်ရတာ နည်းမှတ်လို့။ ဟိုဟိုဒီဒီ ဆက်ငေးနေ လိုက်တာပေါ့။ နေရင်း နေရင်းကနေ နေ့လယ် ကျော်လာတော့ နည်းနည်း ပေါက်ကွဲ လာတယ်။ ဟိုမန်နေဂျာ ကောင်ကို ခေါ်မေးဦးမှ။
“ဟိတ်.. ညီလေး၊ မင်းတို့ကလည်း မရိုက်သေးဘူးလားကွ”
“အဟဲ.. ကိုကြီး လိုက်တင်လေ၊ လိုက်တင် မရသေးလို့ဗျာ.. အဟီး”
“အာ.. ခက်သကွာ၊ မင်းတို့နဲ့ ငါဘာမှ ရသေးတာ မဟုတ်ဘူးကွ.. မနက် ကတည်းက ထိုင်နေတာ ကြာပြီ..”
“ခဏလေးပါ အစ်ကိုကြီးရယ်.. ရိုက်တော့မှာပါ၊ လေးထောင် ယူဗျာနော်.. လေးထောင်”
အင်းလေ။ စောင့်လက်စ နဲ့တော့ မထူးတော့ဘူးပေါ့။ အဲဒီကနေ နောက်ထပ် တစ်နာရီလောက် စောင့်ပြီးမှ ဒါရိုက်တာကြီးက ကားရိုက်လို့ရပြီ ရယ်လဒီတွေ ဘာတွေ ထအော်တယ်။ ဘယ်ရမလဲ။ ချက်ချင်း ကားပေါ် တက်ပြီး မင်းသား ရှေ့ကနေ ဝေါခနဲ ဖြတ်မောင်း ပြလိုက်တာ ကံကောင်းလို့ မင်းသား ခြေထောက် မကျိုးတယ်။ ဟင်း.. ဟင်း.. ပိုက်ဆံက ကိုယ့်လက်ထဲ ရောက်ပြီး သားလေ။ တခါတည်း ဖြတ်မောင်းပြပြီး ပြန်လာ လိုက်တာပေါ့။ ရီဟာဇယ်တွေ ငိုဟာဇယ်တွေ လာမပြောနဲ့၊ မသိဘူးပဲ။ ဘာဖြစ်ဖြစ်လေ။ အဲဒီနေ့ ကလည်း တနေသာ ကုန်သွားတယ်။ ညနေစောင်း အိမ်တစ်ခေါက် ပြန်တော့ ပိုက်ဆံလေး လေးထောင် ပိုက်ပြီး ငုံ့ငုံ့ငယ်ငယ် ပြန်လာခဲ့ရ ပြန်တာပဲ။
နောက်နေ့ ကြုံရတာလည်း တစ်ခု ရှိသေးတယ်ဗျ။ ဒီတခါတော့ ကျွန်တော့် အလွဲ မဟုတ်တော့ဘူး။ ကျွန်တော့် ကားကို ငှားစီးတဲ့ ကောင်လေးတွေ အချင်းချင်း ပြောကြတာကို ပြန်ပြော ပြချင်လို့ပါ။ ဒီလိုလေ။ မြို့ထဲကနေ ကောင်လေး သုံးယောက် ကျွန်တော့် ကားကို ငှားစီးကြတယ်။ ကောင်လေးတွေက လူကုံထန် သားသမီး လေးတွေနဲ့ တူပါတယ်။ ဟမ်းဖုန်း လေးတွေ ကိုယ်စီနဲ့၊ ကားပေါ်မှာ ကောင်လေး တစ်ယောက်က ကျန်တဲ့ သူ့သူငယ်ချင်း ကောင်လေး နှစ်ယောက်ကို ပြောတယ်။
“ဟိုတလော ကကွာ.. ဖားသားကြီးပေါ့၊ မာဆက် သွားတယ်တဲ့ကွာ.. သွားတဲ့ မာဆက် ကလည်း တစ်ဆက်ရှင်ကို တစ်သိန်းခွဲတဲ့.. နှိပ်တာက မြန်မာမတွေ မဟုတ်ဘူး၊ ကိုရီးယားမတွေ တဲ့ကွ.. အဲဒါ အိမ်က မားသားကြီးက သိသွားတော့ နှစ်ယောက်သား နောင်ဂျိန် ပလေး ကြတာပေါ့.. အဘိုးကြီး ကိုတော့ ငါလုံးဝ မကျေနပ်ဘူးကွာ”
အဲဒီ ကောင်လေးက တိုင်တိုင်တည်တည် ပြောတော့ ကျန်တဲ့ နှစ်ကောင် ကလည်း ဝိုင်းပို့တယ်။
“အေးကွ.. ဒါတော့ ဟုတ်တယ်၊ မင်းဖားသားကြီး လုပ်ပုံက မမိုက်သေးဘူး၊ မင်း မားသားကြီးနဲ့ ပူလည်း ပူချင်စရာပဲ၊ အပြင်ကိုသာ အဲဒီသတင်း ထွက်သွားရင် မင်းဖားသားကြီး ရာထူးနဲ့ နာမည်ပျက်မှာ၊ ဟုတ်တယ်.. မင်းမကျေနပ် တာလည်း မှန်တယ်”
“အာ.. မင်းတို့ကလည်း ညစ်ရတဲ့ ကြားထဲ လာစား နေပြန်ပြီ၊ ငါမကျေနပ်တာ အဲဒါ မဟုတ်ဘူးကွ၊ မင်းတို့ ကလည်း ဝေးလိုက်တာ၊ အဘိုးကြီးကကွာ.. ဒီလောက် ကောင်းတဲ့ မာဆက် သွားတာတောင် သားအဖချင်း တချက်လေး လက်, မတို့လို့ ပေါက်ကွဲနေတာ.. ငါလည်း သွားချင်တာ ပေါ့ကွ” တဲ့။
သူ့ သူငယ်ချင်း ကောင်လေး နှစ်ကောင် ကတော့ ဝိုင်းဆဲကြ ပါလေရော။ ကျွန်တော် ကတော့ ရယ်ချင် တာပေါ့။ ဒီကောင်လေး တွေနှယ်.. ပေါက်ပေါက်ရှာရှာ ရယ်လို့ပေါ့။ ကိုယ့်ထက် ဆိုးတဲ့ ကောင်တွေနဲ့ လာတွေ့ နေတယ်။ ကဲ.. အဲလိုပါပဲ။ ကားသမား ဘဝဆိုတာ။ အဖြစ်သနစ် စုံတယ်။ စိတ်ညစ်စရာ၊ ရင်မောစရာ၊ ရယ်စရာ တွေနဲ့။ သူများ တွေထက် အတွေ့အကြုံ ပိုစုံတယ် ဆိုတာလေ။ အဲဒါ ပါပဲဗျာ။ ဘဝ ဆိုတာ။ ကဲ.. ကဲ.. တော်သေးပြီ။ နောက်တခေါက် ကြုံတော့လည်း နောက်ထပ် လွဲဖူးတာ လေးတွေ ထပ်ရေးပြ ရတာပေါ့။ ခင်ဗျားတို့ အနေနဲ့ နားထောင်ချင်မယ် ဆိုရင်ပေါ့နော်။ တာ့တာဗျာ။ ကားထွက်ဆွဲ လိုက်ဦးမယ်။
၁၀ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment