အဲဒီခေတ်မှာ လူဟာလူမဟုတ်ကြတော့
သတ္တုရိုးတံတပ်
အေးစက်စက်လက်ဖဝါးတွေနဲ့
တစ်ယောက်ကိုတစ်ယောက်
လက်ဆွဲနှုတ်ဆက်ကြမယ့်ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
ရီမုကွန်ထရိုးလ်နဲ့
လရောင်အလင်းကို
လိုသလိုချိန်ဆသုံးစွဲ
သဘာဝတရားကို
နာရီလက်တံလှည့်သလို
စိတ်ကြိုက်လှည့်လို့ရတဲ့ခေတ်
အဲဒီခေတ်ကိုသွားမယ်ဆို
ငါ့ကိုတစ်ယောက်တည်းထားရစ်ခဲ့၊
ချန်ခဲ့။
