‘တစ်ယောက်တည်းရန်ဖြစ်’
ငါ့လောက်ဘယ်သူမှမတော်တော့
ငါ့ကိုလည်းဘယ်သူမှမကျော်နိုင်ဘူး
ငါ့ကိုယ်စောင့်နတ်တောင် ငါ့အရိပ်အကဲကြည့်
ငါ့အလိုက်ကိုသိရ . . . .
ငါနဲ့ကြိုးဝိုင်းရဲ့အပြင်မှာ တစ်လောကလုံးရှိတယ်
‘ကျွန်တော့်ကိုယ်ပိုင်ဝက်ဘ်ပေ့ခ်ျများအား
ကျွန်တော်ကိုယ်တိုင် ဖျက်သိမ်းပြီးစီး ၊ ပြန်လည်မွမ်းမံပြီးစီး’
အဲသလို တစ်ယောက်တည်းရန်ဖြစ်
တစ်ယောက်တည်း အရံဖြစ်
ငါ့အိမ်ခေါင်မိုးကနေ ငါ့အရှက်တရားများ ဒိုးယိုပေါက်
‘ကျွန်တော်က ဘယ်သူ့ကိုသောက်ဂရုစိုက်ရမှာလဲ’ ဆိုတော့ . . . . .
ပြောလို့မှမဆုံးသေး ၊ ဘယ်သူကမှ သောက်ဂရုမစိုက်
မမောမပန်း တစ်ယောက်တည်းရန်ဖြစ်
‘ကျွန်တော့်ကဗျာတိုင်းကို လူတိုင်းကြိုက်’
‘ကျွန်တော့်ငယ်ချစ်ဦးက ခင်ဗျားတို့ရှေ့ဘွားခနဲ’
‘မိုးယုစံနဲ့အူဝဲတို့က နိုက်ကလပ်မှာ ကျွန်တော်နဲ့အပြိုင်က’
ငါပြောတော့ ငါ့စကား
ဒီမှာတင် အားလုံးဖျားသွားကြတာ
ငါပြောသလိုမလုပ်နဲ့ ၊ ငါလုပ်သလိုမလုပ်နဲ့
ဒါမှမဟုတ်
ငါပြောသလိုလည်းလုပ် ၊ ငါလုပ်သလိုလည်းလုပ်
မိုးခါးရေသောက်တော့ ငါ
ရူးသွားကြတာ ငါမှအပ . . . . မခက်ဘူးလား ကိုယ့်ဆရာ
ဖြစ် . . . ဖြစ် . . ဖြစ်ချင်တိုင်းဖြစ်
မီးစာမဝတဲ့ ဖယောင်းတိုင်လို တဖျစ်ဖျစ်
တစ်ယောက်တည်းနဲ့ တစ်ယောက်တည်း ရန်ဖြစ် ။ ။
စကားကြွင်း ။ ။ ခင်ဗျားဖတ်မိသော ယခုကဗျာသည် ခင်ဗျားနှင့်တိုက်ဆိုင်နေသည်ဆိုပါက
ခင်ဗျားကိုသာ ရည်ရွယ်ပါသည်။
No comments:
Post a Comment