ဒီကောင်လေး ကိုတော့ အသည်းယား လာပြီ။ ချစ်တယ် ဆိုလည်း မြန်မြန် ပြောတာ မဟုတ်ဘူး။ ဒီကဖြင့် မသိတာ ကျနေတာပဲ။ ဟွန်း.. ဒီလောက်တောင် အဖြစ်မရှိတဲ့ ကောင်စုတ်လေး။ ဒီတစ်ခါ တို့ကား နောက်ကနေ သူ့ကားလေး ကပ်ပါလာ လို့ကတော့ ရှေ့ကနေ ဘရိတ်ကို ဆောင့်အုပ် ပစ်လိုက်မယ်။ အဲဒါဆို သူက အရှိန် မထိန်းနိုင်ဘဲ ကားကို ဝင်ဆောင့် မိတာနဲ့ သူ့ကို ရန်တွေ့ပြီး ဇာတ်လမ်းရှာ ပစ်လိုက်မယ်။ သူက တောင်းပန်မယ်..။ အဲဒီ နောက်တော့ ထုံးစံအတိုင်း ချစ်ကြ ကြိုက်ကြ အီကြ လေသတည်းပေါ့။ အဲ.. တို့ကားကတော့ တော်တော် ပစ်ရမှာပဲ။ အင်း.. ကိစ္စမရှိ ပါဘူးလေ။ တို့ဒယ်ဒီက သူဌေးပဲဟာကို။ ဟိုတယ်ချည်းပဲ ဆယ့်ခုနစ်လုံး လောက်ပိုင်တာ။ တို့အတွက် ဒီလောက်ကတော့ နိုးပဒေါ်ဘလမ်ပဲ။ အရေးကြီးတာက ကောင်လေးရဲ့ အချစ်ကို ရဖို့ပဲလေ ဟင်း ဟင်း။
“သမီးရေ.. အဘ ဖုန်းဆက်ချင်လို့ကွယ်..”
ရှေ့ကခေါ်တဲ့ အသံကို ကြားလိုက်မှပဲ လူက လက်ရှိဘဝထဲ ပြန်ရောက် လာတယ်။ ဟာ.. ဖီးလ်ပျက် လိုက်တာကွာ။ ဒီမှာ ဟိုစာရေး ဆရာမလေးရဲ့ ဝတ္ထုထဲက မင်းသမီး နေရာမှာ ဝင်ပြီး ခံစားနေတာ.. ကျွတ်စ်။ အင်းလေ.. ဘယ်တတ်နိုင်မလဲ။ ကိုယ့်အလုပ်က တယ်လီဖုန်း အော်ပရေတာ ဆိုတော့လည်း တာဝန်တော့ ကျေအောင် လုပ်ဦးမှ။ မနက် ရောက်ကတည်းက ဘယ်သူမှ လာမဆက် သေးလို့ ဝတ္ထု ထိုင်ဖတ်ရင်း မျောသွားတာ။ မျောတာလည်း မပြောနဲ့လေ။ ဖတ်လို့ ကောင်းတာကိုး။ ပြောလို့ ပြောတာ မဟုတ်ဘူး။ အဲဒီ စာရေးဆရာမ လေးရဲ့ ဝတ္ထုတွေ ဖတ်ရတာ သိပ်စိတ်ချမ်းသာ တာပဲ။ စိတ်ကူးယဉ် လို့ကလည်း တယ်ကောင်း။ ကောင်းမှာပေါ့။ သူ့ဇာတ်ကောင် တွေကို ကြည့်လိုက်ရင် အမြဲ ချမ်းသာကြွယ်ဝ နေတာပဲ။ သိပ်အဆင့်အတန်း မြင့်တာ..။ ကော်ဖီ သောက်တာတောင် သစ်ဂျပိုးခေါက် မွှေထားတဲ့ အကောင်းစား ကော်ဖီဆိုမှ။ သွားတာ လာတာရော ကြည့်ဦးမလား။ ကားပေါ်က မဆင်း လုံးဝကို မြေမနင်းတာ.. ဟာ ဟ။ ကဲ.. ဖတ်ရတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလဲ။ ဟိုတခါ မှတ်မှတ်ရရ စာအုပ်တစ်အုပ် ဖတ်ရတယ်။ ဇာတ်လမ်း စစချင်း မင်းသားရော.. မင်းသမီးရော ဆင်းရဲ လိုက်တာမှ လွန်ရော။ မင်းသားဆိုရင် ဘယ်လောက်ထိ ဆင်းရဲလဲလို့ အိမ်သာကျင်း တူးစားရတာ၊ အဲ.. အိမ်သာကျင်း တူးတဲ့ ပိုက်ဆံနဲ့ လုပ်ကိုင် စားရတာ..။ မင်းသမီး ဆိုလည်း ဆင်းရဲ လိုက်တာမှ ခဏခဏ အရင်းပြုတ် နေတဲ့ ပဲပြုတ်သည်တဲ့။ ဟာ.. ဒီတစ်အုပ်တော့ သွားပြီပေါ့။ နှစ်ယောက်လုံး စုတ်ပြတ်သတ် နေတာပဲဆိုပြီး ဖတ်ရင်းနဲ့ စိတ်တောင် ဆင်းရဲနေ ရသေးတယ်။ အမယ်လေး.. ဖတ်နေရင်းနဲ့ စာမျက်နှာ ၅ လည်း ရောက်ရော ဘာဖြစ်ကုန်တယ် ထင်သလဲ။
ကောင်လေးက အိမ်သာကျင်း တူးရာကနေ ရွှေအိုးကြီးတွေ တူးမိတာ။ နေ့ချင်း ညချင်းကို ဘောစိ ဖြစ်သွား တော့တာပဲ။ မင်းသမီး ကျတော့လည်း အိမ်တကာလှည့် ပဲပြုတ်ရောင်း ရင်းကနေ စိန်ထုပ်ကြီး ကောက်ရတာ ဆိုပဲ။ ကဲ.. ဇာတ်လမ်း ဆင်သွားတာ လေးများ ဘယ်လောက် သင်းသလဲ။ စာရေးဆရာမလေး တော်တယ်ဆိုတာ အဲဒါတွေ ပြောတာလေ။ ဘယ်လို စာရေးဆရာမျိုးက သူ့လို ရသ မြောက်အောင် ရေးနိုင်မလဲ။ အဲ.. ပြီးတော့ ရှိသေးတယ်။ နာမည်.. သူ့ဇာတ်ကောင် တွေကို နာမည် ပေးတာများ သိပ်ကောင်း တာပဲ။ စာရေးဆရာမ လုပ်မစားဘဲ နာမည်ပေး ကင်ပွန်းတပ် စားရင်တောင် ပိုကောင်းဦးမယ်။ ကြည့်လေ.. မင်းသမီးလေး နာမည်က ခင်စန္ဒာ ကလျာ ဒေးဗစ်တဲ့။ မင်းသားလေးဆို ပိုတောင်မိုက်သေး။ ဝေထူး သက်လွင် ရစ်ချတ်ဒင်တဲ့။ ကဲ.. မှတ်ကရော..။ ဘယ်သူ တွေများ အဲလောက် ခန့်ညားတဲ့ နာမည်ကို ပေးနိုင်မှာ တဲ့လဲ။ စာရေးဆရာမလေးက အဲဒါတွေကြောင့် နာမည်ကြီးတာ နေမယ်။ စာဖတ် ပရိသတ်ကို စေတနာ ထားလိုက်တာ ကလည်း လွန်ရော..။ သူ့ပရိသတ်တွေ စာဖတ်စရာ မရှိမှာစိုးလို့တဲ့။ ထမင်းမစား ရေမသောက်ဘဲ ရေးတာ တစ်လကို ဆယ့်ရှစ်အုပ် ထွက်တယ်ဆိုပဲ။ ဘယ်.. ဟိုးရှေးခေတ်က ကောင်းလှပါတယ် ဆိုတဲ့ စာရေးဆရာ တွေတောင် သူ့လောက် မရေးနိုင်ကြ ရှာဘူးလေ..။
“သမီး.. အဘ ဖုန်းဆက်မယ်လေကွယ်”
ဟင်.. ဟုတ်သားပဲ။ နောက်တခေါက် အတွေးထဲ မျောသွား လိုက်တာ ရှေ့က အဘကိုတောင် မေ့သွားတယ် အဟိ။ ဒါနဲ့ပဲ ကမန်းကတမ်း ပြန်ပြော လိုက်ရတယ်။
“အော်.. ဟုတ်ကဲ့ အဘ ဆက်ပါ ဆက်ပါ”
ရှေ့က အဘကတော့ သူအပြော ကိုတောင် မစောင့်တော့ဘူး။ ဖုန်းနံပါတ်တွေကို နှိပ်နေပြီ။ အဲ.. ဒီအဘပုံစံ ကြည့်ရတာလည်း တမျိုးပဲ။ မျက်နှာက ရယ်ဟဟနဲ့။ အင်္ကျီအဖြူ၊ ပုဆိုးအဖြူ ဝတ်ထား သေးတယ်။ လက်ထဲမှာ ကလည်း နဂါးခေါင်းပါတဲ့ တောင်ဝှေးကြီးနဲ့။ အင်း.. လွယ်အိတ် အစုတ်ကြီးလည်း ပါသေးတယ်ဟ။ ဖောင်းကား နေတာပဲ။ လွယ်အိတ် အပြင်ကို ထိုးထိုး ထောင်ထောင်နဲ့ ထွက်နေတာက ငှက်ပျောသီး တစ်လုံး။ အင်း.. ဆန်းတော့ ဆန်းတယ်။
“ဟဲလို.. ..”
အဲ.. ဖုန်းခေါ်လို့ ရပြီထင်တယ်။ နာရီမှတ်ထား လိုက်ဦးမှ။ အဘကတော့ ဒီဘက်တောင် လှည့်မကြည့်ဘူး။ သူ့ဇောနဲ့သူ။ ထိုင်ဖို့ ချထားတဲ့ ပလပ်စတစ် ခုံပေါ်မှာ အခန့်သား။ ဒူးချိတ် ပြီးတောင် ထိုင်လို့။ အဘ စကားပြောတဲ့ဆီ အာရုံက ရောက်သွားတယ်။
“ဟဲလို.. ဟိမဝန္တာကလား”
“………………………………”
“အေး.. ဘိုးတော်ပွကို ခေါ်ပေးစမ်းပါ..”
“……………………………”
“ဘာ.. ကုလားမ စည်းနင်းနေတယ်.. ဟုတ်လား”
“……………………………”
“အေး.. သူမအား ရင်လည်း ရှိတဲ့ ဝိဇ္ဇာ ရှစ်သောင်းထဲက တစ်ယောက်ယောက် ခေါ်ပေးကွာ”
“……………………………”
“အာ.. ဇော်ဂျီအသင်းနဲ့ ဘောပွဲရှိလို့ သွားကြည့်ကြတယ်.. ဟုတ်လား နေတော့ကွာ.. နေတော့”
ဖုန်းခွက်ကို ခဏချပြီး ကျွန်မဖက် လှည့်လာတယ်။ ပြီးတော့မှ လေသံ အေးအေးနဲ့..
အိမ်း.. အထက်ကိုတော့ ဆက်လို့ ပြီးသွားပြီ.. အောက်ကို ဆက်လိုက်ဦးမယ်.. သမီးရယ် အဟဲ”
အဘကလည်း ရုပ်တည်ကြီးနဲ့ နောက်တတ်သားဟ။ အင်းလေ.. ထားပါတော့။ သူဖုန်းပြော တာကိုပဲ ထိုင်ပြီး စပ်စုနေ လိုက်ဦးမယ်။
“ဟယ်လို.. သမီးလား..”
“……………………………”
“အေး.. အဘထ ပါ”
“…………………………”
“ဟဲ့.. ဘယ်က ရှူဆေး ရမှာတုန်း.. နင်တို့ရဲ့ အဘထ၊ တိုး ပွား မ စ အဘထလေ”
“……………………………”
“အေး ဟုတ်တယ်.. ဒီတစ်ပတ် ဘာကောင်းလဲ ဟုတ်လား”
ဟာ.. ဘာကောင်းလဲ ဆိုပါလား။ ကျွန်မ ခေါင်းမတ် သွားတယ်။ ဒါဆို.. ဒါဆို ဒီအဘက ဘိုးတော်ပေါ့။ ဟိဟိ ပွတာပဲ။ သူဖုန်းပြောတဲ့ အထဲမှာ ဂဏန်းတွေ ပါလာနိုင်တယ်။ ဟိ.. အသာလေး နားထောင်ပြီး မှတ်သင့်တာတွေ မှတ်ထားမှ။
“အင်း.. အဘလည်း သမီးကို အာရုံရလို့ ဖုန်းဆက် လိုက်တာပါ.. ပြောမှာပါဟ”
“………………………”
“ဒဲ့ပြောရမယ် ဟုတ်စ.. အဲလိုတော့ မရဘူးလေ.. ဒဲ့ပြောရင် ရဲဖမ်းမှာပေါ့.. အဲလေ.. သွေးအန် မှာပေါ့ဟ၊ အဘတို့က သစ္စာဆို ထားရတာ”
“………………………”
“အဘတို့က မြင်တာတော့ ကွင်းကွင်း ကွက်ကွက်ကို မြင်တာပဲလေ.. ဒါပေမဲ့ မြင်တိုင်း ပြောလို့မှ မရတာ.. ထိုးသား ကလည်း ခုနစ်ရက် သားသမီး၊ ဒိုင်ကလည်း ခုနစ်ရက် သားသမီး မဟုတ်လား.. အဘက ဘက်လိုက်သလို ဖြစ်နေမှာပေါ့ သမီးရဲ့”
ဟာ.. အဘပြောတာ မှန်လိုက်တာ..။ တော်တော် ကြည်ညိုစရာ ကောင်းတာပဲ။ ကျွန်မ စိတ်ထဲ မှာတော့ အဘကို တအား ကြည်ညိုသွားပြီ။ ဆက်ပြီး နားထောင် မှတ်သား နေလိုက်တယ်။
“အေး အခု သမီးကို အဘ အတိတ် ပေးမယ် လိုက်မှတ်ထားနော်.. နောက်နေ့ တွေလည်း အာရုံ ထပ်ရရင် ထပ်ပေးမယ်”
“…………………”
“အေး.. အတိတ်က ဒီလို.. ဆောင့်ကြောင့် ထိုင်တဲ့ ပုဂ္ဂိုလ် အထွဋ် အောက်စ အကုန်လွတ်တဲ့.. အဟေးဟေး”
“…………………”
“ဘာ.. မိုက်ရိုင်းတယ်.. ဟုတ်လား ဒီမယ်သမီး မသေးမချင်း မတ်ထား၊ အဲလေ.. မသေမချင်း မှတ်ထား၊ အဘတို့ ပုဂ္ဂိုလ်တွေ ပြောရင် မိုက်ရိုင်းလေ သွေးထွက်အောင် မှန်လေပဲဟ.. ဟို.. မှော်ဘီက ဘိုးတော် ရသေ့ကြီး ဆိုရင် ပရိသတ်ကို ကော့ပြ တာတဲ့ဟ”
“………………”
“အာ.. မဟုတ်ဘူးလေ.. သူက ဂစ်တာတီးတဲ့ လက်ကွက်တွေ၊ ကောဒ့်တွေနဲ့ ဂဏန်းပေးတာ.. ဒါကို ပြောတာပါ.. အာရုံမြင်ပုံ ထူးဆန်းတယ်ပေါ့ သမီးရယ်..”
“…………………”
“ဘာ.. တွက်နည်း၊ ဟုတ်လား.. ဘာတွက်နည်းလဲ.. အဲဒါ ဦးနှောက် မရှိတဲ့ သူတွေရဲ့အလုပ်.. စဉ်းစား ကြည့်လေ.. သူများ နိုင်ငံမှာ စီးပွားရေး ဈေးကစားတဲ့ စတော့ရှယ်ယာ ဂဏန်းကို ဒီကနေ ဘယ်လို တွက်လို့ ရမှာလဲ.. အပိုတွေ.. အဘတို့ကမှ အမြင်အာရုံ အကြားအာရုံလေ..”
“…………………”
“ဘာ.. ဘယ်လောက်ထိ မြင်လဲ.. ဟုတ်လား.. ပြောပြရင် ဂေါပကတောင် မျက်ရည်ကျ သွားမယ်.. ဘရစ်တနီ စပီးယားရဲ့ ချက်ကိုတောင် လှမ်းမြင်ရတယ်.. အင်းပေါ့.. အိမ်မှာ စတိတ်ရှိုးခွေ ကြည့်တုန်း ကလေ.. အဟေးဟေး”
“ …………………”
မဟုတ်သေးပါဘူး။ အဘကလည်း ဘာတွေ လျှောက်ပြောနေလဲ မသိဘူး။ တောင်ရောက် မြောက်ရောက်တွေ။ အော်.. သိပြီ။ ဒါက အဘရဲ့ ဂဏန်းပေးပုံ အတိတ်ပေးပုံ ဖြစ်မယ်။ သူတို့ ပုဂ္ဂိုလ်တွေ ဂဏန်းပေးရင် အဲလိုပဲတဲ့။ ဒါဆို.. ခုနက ချက်ဆိုတော့ “နှစ်” တစ်လုံး ပေးတာပေါ့။ အင်း.. အထာ ပေါက်ပြီ၊ ဆက်နားထောင်ဦးမှ..။
“ကဲ.. အဘလည်း ပြန်မယ် သမီးရေ.. ဟိမဝန္တာ ပြန်ပြီး ချက်တင် ထိုင်ရဦးမှာ.. အဲ.. မှုတ်ပါဖူး.. တရား ထိုင်ရဦးမှာ.. အာရုံ ထပ်ရရင်လည်း ဖုန်းထပ်ဆက် တာပေါ့ကွယ်..”
“…………………..”
“ဟိမဝန္တာကိုလား.. ဘယ်လို ပြန်ရမှာလဲ သမီးရဲ့ အဓိပတိ အပြာစီးပြီး ပြန်တာပေါ့.. အေး အေး.. ဒါပဲ သမီးရေ..”
ဖုန်းကို ချပြီးတော့ အဘက ကျွန်မကို “ဘယ်လောက် ကျလဲ သမီး” လို့ မေးတယ်။ ကြည်ညိုစိတ် အရင်းခံနဲ့ပဲ “ဒါနပြုတာပါ အဘ” လို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလို ပုဂ္ဂိုလ်ထူး ဆီက ပိုက်ဆံကို ယူရင် ကျွန်မလောက် မိုက်ကန်းတဲ့သူ လောကမှာ ဘယ်ရှိတော့မလဲ။
“သာဓု သာဓု သာဓု ပါသမီးရယ် ကဲ.. အဘသွားမယ်နော်..”
ပြောပြောဆိုဆိုပဲ အဘက လာရာလမ်း အတိုင်း ဂေါက်ဖတ် ဂေါတ်ဖတ်နဲ့ ထွက်သွား တော့တယ်။ ဂေါက်ဖတ် ဂေါက်ဖတ် ဖြစ်မှာပေါ့။ စီးထားတာက သားရေဖိနပ် တစ်ဖက် ခုံဖိနပ် တစ်ဖက်လေ။ အော်.. ပုဂ္ဂိုလ်ထူးတွေများ ဖြစ်သလို နေကြတာ ဖိနပ်တောင် တစ်ဖက်စီ ဖြစ်ချင် ဖြစ်နေတတ် ကြတာပဲ.. မာန်မာန မရှိလိုက်တာလို့။
အင်း.. ဖုန်းဆက်မယ့်သူ ထပ်မလာခင် မနက်က ဝတ္ထုလေး ပြန်ဖတ်ပြီး ဈာန်ဝင်စား လိုက်ဦးမှ။ ဖုန်းနား ချထားတဲ့ ဝတ္ထု စာအုပ်လေးကို ကောက်ယူ လိုက်တယ်။ အော်.. ဖုန်းကြိုးက ပလပ် မတပ်ရ သေးဘူးပဲ။ တပ်ထားဦးမှ။ ဟမ်.. ဒါ.. ဒါဆို အဘက တစ်ယောက်တည်း ဖုန်းပြော သွားတာပေါ့။ ဒါဆို.. အဘက.. အဲ..၊ ဒီလူကြီးက အရူးကြီးပေါ့။ ဟာ.. သေလိုက်ပါတော့။ ဒါ့ကြောင့် စကားတွေ ကလည်း တောင်ရောက် မြောက်ရောက်.. စီးတဲ့ ဖိနပ်ကလည်း ဂေါက်ဖတ်။ သေလိုက် ပါတော့ မိဇာခြည်ရယ်.. အရူးကိုမှ အဟုတ်ကြီး ထင်ပြီး ကြည်ညို နေမိတဲ့ အဖြစ်ကိုး..။
အဲဒီ ကမောက်ကမ အဖြစ်ကို ပြန်တွေးမိတိုင်း ကျွန်မမှာ မအီမသာနဲ့ ကိုယ့်ကိုယ်ကိုပဲ ကျိတ်ပြီး ဆဲနေမိ ပါတော့တယ်။ မှတ်သား လောက်ပါတယ်.. တိုး ပွား မ စ အဘထ ရယ်။
၁၉ - မာ့ချ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment