(၁)
အိပ်ယာက နိုးတော့ မနက် ဆယ်နာရီ ထိုးနေပြီ။ မနေ့ညက အမေ့ရောဂါ ပြန်ထလာသောကြောင့် ပြုစုနေရတာနဲ့ အိပ်ယာဝင် နောက်ကျခဲ့ခြင်း ဖြစ်သည်။ အိပ်ယာကို ကမန်းကတမ်း သိမ်းပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ အမေ သက်သာရဲ့လား မသိ။ သွားကြည့်ရဦးမည်။ ပြီးရင် အမေ့ကို ဆေးတိုက်ပြီး စိတ်မချနိုင်စွာ ထားခဲ့ကာ အလုပ်ရှိရာ သွားရဦးမည် ဖြစ်၏။ ပြောမည့်သာ ပြောရသည်။ အခုတလော အလုပ်က မရှိတစ်ရက်၊ ရှိတစ်ရက်။ အလုပ်မရှိသည့်နေ့ဆို ပိုက်ဆံက တစ်ပြားမှ မရ။ သူ့အတွက် အဆင်မပြေပုံများ တစ်နေ့လုပ် တစ်နေ့စားဖို့ မပြောနဲ့၊ တစ်နေ့ စားဖို့တောင် တစ်နေ့ အလုပ်ကို လိုက်ရှာရသလို ဖြစ်နေသည်။ အမေ့ကို ဆေးတိုက်ဖို့ စရိတ်ပါ ဆိုလျှင် ပြီးပါလေရော။ အမေ့ ရောဂါကလည်း အရင်ကထက် ပိုဆိုးလာသည်။ နေ့တိုင်း အိပ်ယာထဲက ထရသည်ကို မရှိ။ တစ်ခါတလေ တော့လည်း သူလောကကြီးကို စိတ်ကုန် လာမိ၏။ ချမ်းသာသည့် သူများက ပိုချမ်းသာလာပြီး သူတို့ ဆင်းရဲသူများကလည်း ဆင်းရဲတွင်း ပိုနက်လာသည်။ ဆက်တွေးနေလည်း စိတ်ညစ်စရာတွေပဲ ထပ်ပေါ်လာဦးမည်မို့ အတွေးစကို ဖြတ်ပြီး မျက်နှာ သစ်ရန် ဆင်းလာခဲ့သည်။
အမေ လှဲနေရာနား ရောက်တော့ အမေ့ပုံ ကြည့်ရတာ မောဟိုက် နေသလိုပင်။ တကယ်တော့ အမေ့ကို ဒီအရွယ်မှာ ဘုရားတရား အတွေးနှင့်ပင် အေးအေးချမ်းချမ်း နေစေချင် လှပါသည်။ အခုတော့ ပိုမို ထူပြောလာသည့် ရောဂါဘယတွေ ကြားမှာ၊ အိပ်ယာပေါ် လှဲနေရင်းကပင် မောဟိုက်ပန်းလျ နေရှာသော အမေ။ ဒီပုံစံ အတိုင်းဆို အမေရယ်.. ဘဝကူး သွားရင်တောင် ဖြောင့်ဖြောင့်တန်းတန်း ရှိနိုင်ပါ့မလား၊ မတွေးချင် သော်လည်း တွေးလိုက် မိပါသည်။ သူအမေ့နား ထိုင်ချလိုက်ပြီး အမေ့နဖူးကို အသာစမ်း ကြည့်လိုက်သည်။ ဖျားနေတာ မဟုတ်၍ နဖူးကို စမ်းလည်း အမေ သက်သာ၊ မသက်သာကို မသိနိုင်ပါ။ သို့သော် အမေ့အပေါ် ထားသော သားတစ်ယောက်၏ မေတ္တာနှင့် ပူပန်မှုတွေတော့ အမေ့ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားမည် ထင်ပါသည်။ ခပ်ဖွဖွ မေးလိုက်မိ၏။
“အမေ.. နေရတာသက်သာရဲ့လားဟင်”
အမေကတော့ သူစိတ်ပူနေမှာ စိုး၍ထင့်။ ခေါင်းကို အသာအယာ ညိတ်ပြရှာ၏။ သို့သော် သူ သိပါသည်။ အမေ ခါတိုင်းထက် ပို၍ မောနေဟန် ရှိ၏။
“အမေ.. သား အလုပ် ရှိ, မရှိ သွားမေး လိုက်ဦးမယ်နော်၊ အမြန် ပြန်လာခဲ့မယ် သိလား၊ ဘေးအိမ်က မငွေကို အမေ့ကို လာ, လာကြည့်ပေးဖို့ မှာထားခဲ့မယ် အမေ”
ခါတိုင်း ဝတ်နေကျ ရှပ်အင်္ကျီနှင့် ပုဆိုး အနွမ်းလေးကိုသာ ဝတ်ပြီး သူ အိမ်ပေါ်က ဆင်းလာခဲ့သည်။ ဘေးအိမ်က မငွေကို အမေ့အား သွား, သွားကြည့်ပေးဖို့ မှာခဲ့ပြီး ကိုသိန်းဟန်တို့ အိမ်ရှိရာသို့ ထွက်လာခဲ့သည်။ တဆက်တည်း သတိရသည်က အမေသောက်ဖို့ ဆေးကုန်နေခြင်း ဖြစ်၏။ ဒီနေ့ အလုပ်, လုပ်ရ ရင်တော့ အမေ့အတွက် ဆေးဝယ်ရဦးမည်။
(၂)
“ကောင်လေး.. အလုပ် မရှိပြန်ဘူးကွ၊ ဟိုတလောက လာအပ်တဲ့ အိမ်ကလည်း ရက်ရွှေ့ သွားတယ်၊ ပြန်ပေဦးကွာ”
အိမ်ထဲပင် မဝင်ရသေး။ အိမ်ပေါ်ကနေ လှမ်းပြောသော ကိုသိန်းဟန် စကားအဆုံးမှာ သူ အတော် မောသွားရသည်။ ဒီနေ့တော့ ဒုက္ခပင်လယ် ဝေဦးမည် ထင်၏။ အိမ်က အခြေအနေကို တစ်ချက် လှမ်းတွေး လိုက်မိသည်။ မနေ့ညက ဆန်နှစ်လုံး ကျန်သေးသည်။ အမေက ထမင်းစား၍ မရသောကြောင့် ဆန်ပြုတ်, ပြုတ်တိုက်ရမည်။ သို့သော် ဆန်နှစ်လုံး တည်းနှင့်တော့ ဆန်ပြုတ် တစ်ဝက်၊ ထမင်းတစ်ဝက် ချက်မနေ ချင်တော့။ အမေ့ အတွက်ပဲ ဆန်ပြုတ် ပြုတ်လိုက်ပြီး အမေ ပိုတာကိုသာ သူ သောက်လိုက် တော့မည်။ ဒါဆို နေ့လယ်စာတော့ ဖူလုံပြီ။ ညနေအတွက် သူ မတွေး ချင်သေးပါ။ ဖြစ်မလာသေးသော ညစာအတွက် သူကြိုတင်ပြီး ရင်မမောချင်။ သို့သော် ဖျတ်ခနဲ သတိရ လိုက်သည်က အမေ့ဆေးဖိုး။ ဟုတ်သည်၊ အမေ့ကို ဒီနေ့ ဆေးဝယ်တိုက် ချင်လှ၏။ အမေ ဆေးသောက်ဖို့၊ အမေ ဆေးသောက်ဖို့၊ သူ့ခေါင်းက ချက်ချင်း အလုပ် များသွား၏။ ကိုသိန်းဟန်ကို တစ်ခုခု လှမ်းပြောဖို့ ပါးစပ် ပြင်လိုက်သည်။ သို့သော်
“တစ်မျိုး မထင်ပါနဲ့ကွာ၊ ပိုက်ဆံ မရှိဘူးကွ၊ ငါ့မိန်းမလည်း အကြွေးတွေ သွားဆပ်လိုက်တာ ငါတို့မှာ နှစ်ရက်စာ ဈေးဖိုးပဲ ရှိတော့တာ ကောင်လေးရ”
သူပင် မပြောလိုက်ရ။ ကိုသိန်းဟန်က သူ့ ဟန်ပန်မူယာကို ကြည့်တတ်၊ ဖတ်တတ်သွားပြီး သူ့ထက် အရင် ပြောချတော့သည်။ သူပြောဖို့ ကြံစည်ထားသည့် စီကာပတ်ကုံး အသနားခံ စကားတွေ အစား လေပူ တစ်ချက်ကိုသာ “ဟူး” ခနဲ မှုတ်ထုတ် လိုက်ရ၏။ အိမ်ရောက်မှပင် အေးအေးဆေးဆေး စဉ်းစားတော့မည်။ အခု လောလောဆယ် အိမ်ခဏပြန်ပြီး နေ့လယ်အတွက် သွားစီစဉ်တာ ကောင်းမည် ထင်သည်။ အလာတုန်း ကလိုပင် လေးလေးကန်ကန် ခြေလှမ်းများနှင့် ပြန်လာခဲ့၏။
(၃)
ဆန်ပြုတ် ပြုတ်နေရင်းမှပင် အမေ့အတွက် ဆေးဝယ်ဖို့က ခေါင်းထဲ ရောက်လာလေသည်။ သူ ဘယ်လိုမှ ဆက်မနေနိုင်တော့။ အမေရှိရာ အိမ်ရှေ့ခန်းသို့ ခဏထွက် လာမိသည်။ ထင်သည့် အတိုင်းပင် ဖြစ်၏။ အမေ အမော ဖောက်သလို ဖြစ်နေပြန်ပြီ။ အမေ့နား ထိုင်ပြီး သူ တတ်သလောက်၊ မှတ်သလောက် ပြုစုကြည့်သည်။ မရ။ သူပြုစု နေရင်းမှပင် အမေ့ပုံစံက ပိုဆိုးလာသည်။ သူခေါင်းတွေ ပူထူသွား၏။ အခုနေ ဆေးဝယ် တိုက်နိုင်ရင် အမေ သက်သာ သွားမည်။ ဒီလိုပဲ သူထင်၏။ သို့သော်.. သို့သော်.. ဆေးဖိုးက နှစ်ထောင်လောက် ပေးရမည်။ ဘာလုပ် ရမလဲ၊ ဒီ ပိုက်ဆံကို ဘယ်သူ့ဆီက ခဏ ရနိုင်မလဲ။ လုံးဝ စဉ်းစား၍ မရ။ စိတ်ရှုပ်ထွေးစွာ ခေါင်းကို ဘယ်ပြန်ညာပြန် ခါပစ်လိုက်သည်။ ခါရမ်းသွားသော ခေါင်းက ဘုရားစင် အောက်ရှိ စာအုပ်စင် အရောက်တွင် ရပ်တန့် သွားမိ၏။ စာအုပ်တွေ၊ ဒီစာအုပ်တွေက အဖေ့ လက်ထက် ကတည်းက စုထားသော စာအုပ်တွေ ဖြစ်သည်။ အဖေ မက်မက်မောမော စုဆောင်း ထားခဲ့သော စာအုပ်တွေ ဖြစ်သလို သူကလည်း အဖေ့သား ပီသစွာ ထိုစာအုပ်တွေကို ဖတ်လည်းဖတ်၊ သေချာလည်း ထိန်းသိမ်း ထားခဲ့သည်။ စာဖတ်ခြင်းကို အလုပ် တစ်ခုလို လုပ်တတ်သူ တို့အတွက် စာအုပ် ဆိုသည်မှာ အဖိုးမဖြတ် နိုင်သော ရတနာ တစ်မျိုးပင် ဖြစ်ကြောင်း အဖေ မဆုံးခင်က ခဏခဏ ပြောပြ ခဲ့ဖူးသည်။ ဘယ်လိုမှ မတတ်သာ၍ ပထမနှစ် မှာပင် ကျောင်းထွက်ခဲ့ ရသော်လည်း စာအုပ်များ ကိုတော့ သူ အလွန်ပင် မြတ်နိုးပါသည်။
ယခု သူ့အကြည့်က ထိုစာအုပ်တွေဆီ ရောက်နေပြီ။ အမေ့အတွက် ဝယ်ရမည့် ဆေးတွေကို တစ်လှည့်၊ ထိုစာအုပ်များကို တစ်လှည့် စိတ်ထဲမှာ မြင်နေမိသည်။ ထိုစာအုပ်တွေကို သွားရောင်းရင်၊ အို.. မဖြစ်သေးပါဘူး။ စာအုပ်တွေက များသလောက်လည်း ယခုခေတ်မှာ ရှားပါး စာရင်းဝင်များ ဖြစ်နေပြီ။ ရွှေဥဒေါင်း ဝတ္ထုများ၊ ဘာသာပြန် စာအုပ်များ၊ တရား စာအုပ်များ မှစ၍ သင်္ချာ ဉာဏ်စမ်း စာအုပ်၊ အပျော်ဖတ် ဝတ္ထုများ၊ မဂ္ဂဇင်း အဟောင်းများ အလယ်၊ ကလေးဖတ် ကာတွန်း စာအုပ် အဆုံး အတော် စုံစုံလင်လင် ဖြစ်သည်။ ထိုစာအုပ်များကို သူက မကြံကောင်း မစည်ရာ စက္ကူဈေးနှင့် သွားရောင်းဖို့ စဉ်းစားမိခြင်း ဖြစ်၏။ သူ မရောင်းရက်ပါ၊ ရောင်းမည် ထားဦး။ စက္ကူဈေးနှင့် အမှိုက်စတွေလို သွားရောင်းပစ် မည့်အစား သူ့လိုပင် စာအုပ် ချစ်သူများ ဝယ်၍ ရအောင် စာအုပ် အဟောင်းတန်း တစ်ခုခင်းပြီး ရောင်းရင်တောင် ပိုလည်း အကျိုးရှိမည်၊ ပိုက်ဆံလည်း ပိုရနိုင်မည်။ သို့သော်.. အဲဒါက အခုလက်ငင်း ဖြစ်နိုင်သည်မှ မဟုတ်ဘဲ။ အမေ့အတွက် ဆေးဝယ်ဖို့ လိုအပ် နေသည်က အခုဖြစ်သည်။ သူတွေဝေ နေမိ၏။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။ သေချာတာ ကတော့ ထိုစာအုပ်များ၏ အလေးချိန်က သူလိုချင်သည့် ငွေပမာဏကို ဖြည့်ဆည်းပေး နိုင်လောက်သည်။ ဒါဆိုရင် အမေ့အတွက် ဆေးဝယ်လို့ ရနိုင်၏။
နောက်ဆုံးတော့ ထိုစာအုပ်များ ကိုသာ ဂုံနီအိတ်ကြီး တစ်ခုအတွင်း စုထည့်ကာ အဟောင်းဆိုင်သို့ အသက် မပါသော ခြေလှမ်းများနှင့် တရွေ့ရွေ့ လှမ်းလာ မိတော့သည်။
(၄)
ဂုံနီအိတ်ကို မြေပြင်ပေါ် မှောက်ချ လိုက်သည်။ စာအုပ်များ အထိန်းအကွပ်မဲ့စွာ မြေပေါ်သို့ တဘုတ်ဘုတ် ကျလာ၏။ အဟောင်းဆိုင်က ကုလားက စာအုပ်များ မြေပေါ် ပစ်ချ နေသံမှာ သူ့အတွက်တော့ အလွန်ပင် နားခါးလှသည်။ ကုလား၏ မျက်လုံး များမှာလည်း အကြင်နာတရား ကင်းမဲ့သော မျက်လုံးစိမ်းများ ဖြစ်သည်ဟု သူခံစား နေမိ၏။ စာအုပ်များ မြေပေါ်သို့ ကျသံ တဘုတ်ဘုတ် နှင့်အတူ သူ့ရင်များ တဆစ်ဆစ်ပင် နာကျင် ရပါသည်။ ထိုင်ချလိုက်ကာ စာအုပ်များကို တယုတယ ကိုင်ကြည့်နေ မိသေးသည်။ ဖြစ်ချင်ရာဖြစ်၊ မရောင်းတော့ဘူးကွာ ဟုပင် တွေးမိ လိုက်သေး၏။ သို့သော် မောနေရှာသော အမေ့ မျက်နှာကို ပြန်မြင် မိသည်တွင် သူ လှုပ်ရှားနိုင်စွမ်း မရှိပြန်ပါ။ ကုလားကတော့ စာအုပ်များကို ကတ္တားပေါ်သို့ တင်နေ၏။ ထိုစာအုပ် များကို မခွဲနိုင်စွာပင် သူလက်နှင့် ပွတ်သပ် ကိုင်တွယ် နေမိသည်။ တကယ်ပင် သူ့နှလုံးသားများ ကြေမွ သွားသလို နှမြောတသ ခံစားရ၏။ စာအုပ်အားလုံး ကတ္တားပေါ် ရောက်ခါနီးတွင် သူ စာအုပ် တစ်အုပ်ကို လှမ်းယူထား လိုက်မိသည်။
(၅)
“ထောင့်ရှစ်ရာနဲ့ ငါးဆယ်ရမယ် အကို”
ဘာမှ ပြန်ပြော မနေတော့၊ ခေါင်းကိုသာ ခပ်သွက်သွက် ညိတ်ပြလိုက်သည်။ ကုလားက အိမ်ထဲ ဝင်၍ ပိုက်ဆံယူပြီး သူ့ကို လာပေးသည်။ အန္တရာယ်များ ပြည့်နှက် နေသော နေရာမှ ထွက်ခွာသလို ကုလား အိမ်ထဲမှ ခြေလှမ်း ကျဲကျဲနှင့် ထွက်လာခဲ့သည်။ လမ်းပေါ် ရောက်တော့ သူ့လက်ထဲမှ စာအုပ် အဟောင်းလေးကို ကြည့်လိုက်သည်။ တော်တော်လေး သပ်ရပ်မှု ရှိနေသေး၏။ စာအုပ် အမည်က Biography of Abraham Lincoln။ လိုချင် မက်မောစွာ၊ သံယောဇဉ် မပြတ် နိုင်စွာဖြင့် သူပြန်ယူ လာခဲ့သော စာအုပ်လေးက ကျန်ရစ်ခဲ့သော စာအုပ်တွေ အားလုံးအစား အလွမ်းပြေ၊ အာသာပြေ ဖြစ်ပေလိမ့်မည်။ အင်္ဂလိပ်လို ရေးထားသော စာအုပ် ဖြစ်သောကြောင့် သူ ဖတ်တတ်ချင်မှ ဖတ်တတ် ပါလိမ့်မည်။ သို့သော်.. ယခုစာအုပ် ပြန်ပါလာသည့် အတွက်ပင် ထားရစ် ခဲ့ရသော စာအုပ်များအစား ဖြေသိမ့်စရာ တစ်ခုအဖြစ် သူကျေနပ် နိုင်ပါသည်။ မသိမသာ ရင်ကော့ လိုက်မိ၏။
မနက်ကတည်းက လျှောက်ခဲ့ရသော ခြေလှမ်း အားလုံးတွင် ယခု ခြေလှမ်းတို့က အသွက်လက်ဆုံး ဖြစ်နေကြောင်း သူ့ကိုယ်သူ သတိထားလိုက် မိလေသည်။
သူရဿဝါ
၂၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment