Thursday, March 20, 2008

နဂါးမျက်စောင်းတွေကြားက မိုးနေ့


- ၁ -

ဒီနှစ် မိုးရာသီ မှာတော့ ဒီနေ့ ရွာတဲ့မိုးက အသည်းဆုံး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မလေးရော၊ ကျွန်တော်ရော ရင်ထဲမှာ နွေးနေတယ်။ အင်းလေ.. ပူပူနွေးနွေး ချစ်သူတွေပဲ။ သွေးလည်ပတ်မှုကို ရင်ခုန်သံက အကာအကွယ် ပေးပြီးသား ဖြစ်မယ် ထင်တယ်။ မလေး မျက်နှာကို ကျွန်တော် မြတ်မြတ်နိုးနိုး ကြည့်တယ်။ ကျွန်တော့် ကိုလည်း မလေးက ကြည်ကြည်နူးနူး ယှက်ယှက်ဖြာဖြာ ကြည့်တယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်မိကြတယ်။ အကြောင်းမဲ့ ရယ်နေ တတ်တဲ့ သမီးရည်းစား တွေကို ခုမှ နားလည်တော့တယ်။ မလေးလက်ကို ကျွန်တော့် လက်နဲ့ ထပ်မိုးထား လိုက်တယ်။ ပြီးတော့ မိုးရေထဲမှာပဲ လမ်းလျှောက်ပြီး ပြန်လာကြတယ်။ မိုးမမြင် လေမမြင် ဆိုတာ ဒါပဲ ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ မလေးလက်တွေ တဖြည်းဖြည်း ပိုပြီး တုန်ယင် လာသလိုပဲ။ သူ့မျက်နှာကို ငုံ့ကြည့်လိုက်တယ်။ မလေး တော်တော် ချမ်းနေပြီ ထင်တယ်။

 

“မလေး.. ခြေထောက်တွေ လက်တွေ ကိုက်လာပြီ ကို”

ဟာ.. မလေး ပြောမှပဲ သတိရတော့တယ်။ မလေးမှာ လေးဖက်နာ ရောဂါ ရှိတယ်လေ။ သူက အအေး ခံလို့မှ မရတာ။ အေးတာနဲ့ မလေး ထုံကျင်ကိုက်ခဲ လာရော။ ဆောရီးပဲ မလေးရယ်။ ကို ပျော်တာ လွန်သွားတယ်။ ကျွန်တော့်ရဲ့ Rain Coat အပြာလေးကို ချွတ်ပြီး မလေးကိုယ်ပေါ် ခြုံပေးထား လိုက်တယ်။ ပြီးတော့ ကားငှားပြီး မလေး အိမ်နားထိ လိုက်ပို့လိုက်တယ်။ ကျွန်တော် ကားပေါ်က ဆင်းတော့ တစ်သက်လုံး အမှတ်ရ နေမယ့် စကား တစ်ခွန်းကို မလေး ပြောတယ်။

 

“ကို့ Rain Coat လေးကို မလေး ထပ်မဝတ်တော့ဘူး ကို... မလေး နောက်နေ့ လျှော်ပြီး အမှတ်တရ သိမ်းထားလိုက်တော့မယ် သိလား”

 

- ၂ -

ကြာခဲ့ပါပြီ။ တော်တော်ကို ကြာခဲ့ပါပြီ။ မလေးနဲ့ လမ်းခွဲခဲ့တာ.. ဒါမှမဟုတ် မလေးက လမ်းခွဲ ကျောခိုင်း သွားခဲ့တာ။ ဒီနေ့ဆိုရင်ပဲ ဆယ်လတင်းတင်း ပြည့်ပြီလေ။ ဒါပေမဲ့ အဖြစ်အပျက်တွေ.. နာကျည်းစရာ တွေကတော့ လတ်လတ်ဆတ်ဆတ် ကျန်နေ ခဲ့သေးတယ်။ ကျွန်တော်က ခုထိ ရှုံးနေတုန်းပဲ။ အဲဒီ အတိတ်တွေကို ပြန်စဉ်းစားတိုင်း ခံစားမှုကပါ တွဲလျက် ပါလာလို့ပါ။ ကျွန်တော်တို့ နှစ်ယောက် ဘဝကို အတူလက်တွဲဖို့၊ တင့်တောင်းတင့်တယ် အခြေချဖို့ တိုင်ပင်ခဲ့ ကြဖူးတယ်။ ကျွန်တော်က သူ့ကို ပြောတယ်။

 

“မလေး.. ကျွန်တော် တခြား တိုင်းပြည်မှာ အလုပ် သွားလုပ်မယ်.. ကျွန်တော့်ကိုယ် ကျွန်တော် ပြည့်စုံပြီလို့ ခံယူတဲ့အထိ၊ ကျွန်တော့် မိသားစုနဲ့ မလေးကို ပြည့်စုံအောင် ထားနိုင်တဲ့နေ့ ရောက်ပြီလို့ ယူဆနိုင်တဲ့ နေ့အထိ ကျွန်တော် သွားမယ်။ သုံးနှစ်.. ဒါမှမဟုတ် လေးနှစ် လောက်လည်း ကြာချင် ကြာမယ်.. မလေး ကျွန်တော့်ကို စောင့်နေမယ် မဟုတ်လားဟင်”

“မလေးတို့ နှစ်ယောက် ဘဝအတွက်ပဲ ကိုရယ်... မလေး စောင့်ရမှာပေါ့၊ သုံးလေးနှစ်.. မဟုတ်ဘူး.. ဆယ်နှစ် ဆိုလည်း ကို့ကို မလေး စောင့်မှာပေါ့ကွယ်”

အဟင်း.. ရယ်စရာတော့ အကောင်းသား။ ရေခြားမြေခြားမှာ အလုပ် သွားလုပ်မယ့် ချစ်သူကို ဆယ်နှစ် ဆိုလည်း စောင့်ပါ့မယ်လို့ ပြောခဲ့တဲ့ မိန်းမက ကျွန်တော့် မိသားစု အလုပ်ကိစ္စနဲ့ ကျွန်တော် နယ်ကို ရောက်သွားတဲ့ တစ်လ အတွင်းမှာ နောက်တစ်ယောက်နဲ့ ပြောင်းပြီး လက်တွဲ သွားတာလေ။ ကျွန်တော် ပြန်လာတဲ့ အချိန်မှာ သူပြာယာခတ် နေခဲ့တယ်။ သူ့ချစ်သူ အသစ်စက်စက် လေးကို ကျွန်တော်က ချောင်းရိုက်မှာ စိုးရိမ်တယ်၊ သူ့ကို ကျွန်တော် ရန်ရှာမှာ စိုးရိမ်တယ်။ အဲဒီ သတင်းတွေ ပြန်ကြားတော့ ကျွန်တော် ပြုံးမိတယ်။ သဘောကျရုံ တစ်ခုတည်းနဲ့ ပြုံးတာတော့ ဘယ်ဟုတ်မလဲ။ ဒဏ်ရာတွေပါ ထည့်ထားရတဲ့ အပြုံးမျိုးလေ။ မဲ့ပြုံးလို့ ခေါ်မလား မသိဘူး။ ဟား.. မလေးရယ် ကျုပ်က ခေါင်းမရှိတဲ့ ကောင်မှ မဟုတ်တာ။ ဘာအပြစ်မှ မရှိတဲ့ ခင်ဗျား ချစ်သူကို ကျုပ်က ဘာလို့ ချောင်းရိုက် ရမှာတုန်း။ သူက ခင်ဗျား ကျုပ်ကို ပေးခဲ့တဲ့ ကတိတွေ အကြောင်း၊ ခင်ဗျား တဖွဖွ ပြောနေခဲ့တဲ့ ချစ်စကားတွေ အကြောင်း ဘာမှ သိခဲ့တဲ့သူမှ မဟုတ်တာ။ ခင်ဗျား ကိုလည်း ကျုပ် ရန်မရှာ ပါဘူးဗျာ။ ခုတောင် ကျုပ် ဘာများ လုပ်မလဲ ဆိုတဲ့ စိတ်တွေက ခင်ဗျားကို ကောင်းကောင်း ရန်ရှာနေပြီ မဟုတ်လား.. မလိုတော့ပါဘူး။

 

- ၃ -

အင်း.. အဲဒါတွေက ကြာခဲ့ပါပြီလေ။ ကျွန်တော်လည်း တော်တော်ကို အနည် ထိုင်စပြု နေပါပြီ။ ဒီနေ့လည်း အပြင်ထွက် လာတုန်းက ခင်ဗျားနဲ့ ပြတ်တာ ဆယ်လပြည့်မှန်း သတိမရ ခဲ့ပါဘူး။ အရမ်း သည်းလာတဲ့ မိုးက ကျွန်တော့်ကို ပြန်ပြီး သတိပေး လိုက်လို့ပါ။ ခင်ဗျားတော့ မသိဘူး။ ကျုပ်က မှတ်မိနေ သေးတယ်။ ကျုပ်တို့စပြီး ချစ်သူဖြစ်ခဲ့တာ ဒီလိုမိုးတွေ သိပ်သည်းတဲ့ နေ့မှာလေ။ တွေးရင်းနဲ့ပဲ ကားမှတ်တိုင်နား ရောက်လာတယ်။ ကားဂိတ် မှာလည်း လူတွေက ထီးဆောင်းလို့ တမျိုး၊ ဒီအတိုင်း ရပ်လို့တမျိုး ကားစောင့် နေကြတယ်။ အဟင်း.. သတိရလက်စ မို့လို့လား မသိဘူး။ ဟိုဘက်ထောင့်မှာ ရပ်နေတဲ့ ကောင်မလေးက ခင်ဗျားနဲ့ တော်တော်တူတာပဲ။ ဟုတ်တယ်.. သေချာ ကြည့်လိုက်တော့ တော်တော်ကို.. ဟာ.. အဲဒါ မလေး။

ဟာ.. ဟာ.. ဟာ.. တကယ်ပဲကွာ။ တကယ် ခင်ဗျားကိုး။ ဘေးမှာက ခင်ဗျားရဲ့ ချစ်သူပေါ့ ဒါဆို။ ဟင်.. ဒီကောင်.. ဒီကောင်..။ အရမ်း ပေါက်ကွဲသွားတယ်။ ဘယ်လိုမှ စိတ်ကို တားလို့ မရဘူး။ မျက်လုံးထဲမှာ အနီရောင်တွေ လွှမ်းသွားတယ်။ မင်း.. မင်းကွာ.. ရာရာစစ..။ ပြီးတော့ မလေး.. ခင်ဗျား.. ခင်ဗျားဗျာ..။ ခေါင်းထဲမှာ ဘယ်တော့မှ မေ့ပျောက် မသွားမယ့် ဟန်ပန်တွေ.. စကားသံတွေ.. အစီအရီ ပြန်ပေါ် လာတယ်။

 

“ကို့ Rain Coat လေးကို မလေး ထပ်မဝတ်တော့ဘူး ကို.. မလေး နောက်နေ့ လျှော်ပြီး အမှတ်တရ သိမ်းထား လိုက်တော့မယ် သိလား”

“ကို့ Rain Coat လေးကို မလေး ထပ်မဝတ်တော့ဘူး ကို.. မလေး နောက်နေ့ လျှော်ပြီး အမှတ်တရ သိမ်းထား လိုက်တော့မယ် သိလား”

“ကို့ Rain Coat လေးကို မလေး ထပ်မဝတ်တော့ဘူး ကို.. မလေး နောက်နေ့ လျှော်ပြီး အမှတ်တရ သိမ်းထား လိုက်တော့မယ် သိလား”

တောက်.. မင်း.. ငါနဲ့ တွေ့မယ်။ အဲဒီကို ပြေးသွား လိုက်တယ်။ ဒီကောင့် မျက်နှာကို တစ်ချက် လက်သီးနဲ့ ထိုးပစ်လိုက်တယ်။ ရုတ်တရက် ဆိုတော့ ဒီကောင် နောက်ကို လန်သွားတယ်။ ဟင့်အင်း.. မင်း.. လဲသွားလို့ မရသေးဘူး။ ငါ့ Rain Coat ကို ပြန်ချွတ်ပြီးမှ မင်းလဲရမယ်ကွ။ ဒီကောင့် ကိုယ်ပေါ်က Rain Coat ကို ကျွန်တော် အတင်းဆွဲချွတ် နေမိတယ်။ အဲဒါက လွဲလို့ အခုလက်ရှိ အချိန်မှာ.. ကျွန်တော် လုပ်သင့်တာ ဘာမှမရှိဘူး မဟုတ်လား။ ကားမှတ်တိုင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ လူသုံးလေးယောက် လောက်က ကျွန်တော့်ကို အတင်းလာ ဖမ်းချုပ်တယ်။ ဘာလဲ.. ဘာလို့ လာချုပ်နေ တာလဲ။ ခင်ဗျားတို့ ဘာသိလို့လဲ။ ကျွန်တော် မမှားဘူးဗျ။ အတင်း ရုန်းကန် ငြင်းဆန်ရင်း ကျွန်တော် အော်ဟစ် နေမိတယ်။ ခင်ဗျားတို့ ဘာမှ မသိပါဘူးဗျာ။ လွှတ်ကြစမ်းပါ... ကျုပ်ကို။ သူတို့ နှစ်ယောက်က စော်ကားတာဗျ.. ကျုပ်မှာ အနည်းဆုံး ကိုယ့်ပစ္စည်း ကိုယ်တော့ ပြန်ယူခွင့် ရှိတယ်လေ။

ဘာမှလည်း ပြောလို့မရဘူး.. ဘာမှလည်း ဆက်လုပ်လို့ မရတဲ့အဆုံးမှာ.. ကျွန်တော့်ကို လာချုပ်တဲ့ သူတွေ လက်ထဲကနေ ရုန်းကန်ရင်း မလေးဆိုတဲ့ မိန်းမကို စူးစူးရွားရွား စိုက်ကြည့် လိုက်တယ်။ သူ့မျက်နှာက သွေးမရှိတော့ သလို ဖြူရော်လို့။ မျက်နှာကလည်း အရမ်းကို ထိတ်လန့်တဲ့ ပုံစံနဲ့။ ဟုတ်တယ်.. ခင်ဗျားရဲ့ သိပ်ကို.. လွန်လွန်းတဲ့ လုပ်ရပ်လေ.. ခင်ဗျားရဲ့ အမှားလေ.. ခင်ဗျားရဲ့  စကားတွေလေ.. ဟ ဟ.. ခင်ဗျား အဲဒီလို ထိတ်လန့်တဲ့ အကြည့်က လွဲပြီး ဘယ်လို မျက်လုံးမျိုးနဲ့ ကျုပ်ကို ကြည့်ရဲ မှာတဲ့လဲ။ ဒေါသ ထပ်ထွက် လာတယ်.. ထပ်ပြီး ရုန်းတယ်။ ဒါပေမဲ့ မရပါဘူး။ သုံးယောက်လောက် ဝိုင်းချုပ်ထားတာ ဆိုတော့ သူတို့ဆွဲတဲ့ နောက်ကို ကျွန်တော် ပါသွားတယ်။ ကျွန်တော့်ကို ဘယ်ပို့ကြမလဲ.. ကျွန်တော် ဘယ်ရောက်မလဲ မသိသေးဘူး။ ဂရုလည်း မစိုက်ဘူး။ ဘယ်ကို ရောက်ရောက် ငါ့ရဲ့ Rain Coat ကို ငါပြန်လာယူမယ်။ မရ, ရအောင် ပြန်ယူမယ်။ ငါ့အကြည့်တွေ.. ငါ့အပြုအမူ တွေကို.. မင်းတို့ ဘယ်သွားသွား မြင်စေရမယ်။

 

- ၄ -

ဒီနေ့က ဆယ်လတင်းတင်း ပြည့်တဲ့နေ့။ မိုးတွေကလည်း သည်းလိုက်တာ...။ ဒီနှစ် မိုးရာသီ မှာလည်း ဒီနေ့ ရွာတဲ့မိုးက အသည်းဆုံးပဲ သေချာတယ်။

 

သူရဿဝါ
၂၀ - မာ့ချ် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment