Showing posts with label မွေးနေ့လက်ဆောင်. Show all posts
Showing posts with label မွေးနေ့လက်ဆောင်. Show all posts

Thursday, January 20, 2011

ေသေနတဲ့ကဗျာထဲမှာ ဟံလင်းရှင်သန်ေန


ေသေနတဲ့ကဗျာထဲမှာ ဟံလင်းရှင်သန်ေန
- သူရဿဝါ -

အခုေရးချလိုက်တာ ကဗျာမဟုတ်ဘူးလို့ ဘယ်သူေြပာမလဲ
ဘယ်သူေြပာမှာလဲ
ဟုတ်တယ်၊ ကျွန်ေတာ်ေြပာမယ်
ဒါ.. ကဗျာမဟုတ်ဘူး
သောကျွပီးသားစီးကရကျအတိုတှေ၊
အရည်တစက်မှ မကျန်ေတာ့တဲ့ ဖန်ခွက်ေတွ၊
ထှေးထားတဲ့ကှမျးတံတှေးတှေ၊ အခှံတှေ
“ဟံလင်း” ေမွးေန့မှာ ကဗျာဆရာများ စွန့်ထုတ်လိုက်တဲ့ အနိဋ္ဌာရံုေတွ..
ကျွန်ေတာ် ထပ်ေြပာမယ်
ဒါ.. က ဗျာ မှ မ ဟုတ် တာ
ကျွန်ေတာ်က ြပံုးြပံုးေလးေနတတ်တဲ့ အဆိုးြမင်ဝါဒီ ပဲ
“ေကာင်းေသာရှင်သန်ြခင်းြဖစ်ပါေစ ဟံလင်း”
ကဗျာ “ေသ” ေနတဲ့ြကားက ခင်ဗျားအတွက် ကျွန်ေတာ် ကဗျာတစ်ပုဒ်ေရးခဲ့တယ်။

[၁၈ ရက်ေန့ ညဦးပိုင်း ေမာေရွှလီ စားေသာက်ဆိုင်မှာ ြပုလုပ်ခဲ့တဲ့ သူငယ်ချင်း ကဗျာဆရာ “ဟံလင်း” ေမွးေန့မှာ အမှတ်တရ ေရးေပးြဖစ်ခဲ့တဲ့ကဗျာ]

၂၀ - ဇန်နဝါရီ - ၂၀၁၀

Saturday, July 03, 2010

၂၂ နှစ်ပြည့်၍ ၂၂ နှစ်သားဖြစ်သည်



“၂၂ နှစ်ပြည့်၍ ၂၂ နှစ်သားဖြစ်သည်”



အဲဒီကောင်က ခဏခဏဘဝသစ်ပြန်စချင်တဲ့ကောင်
တခါတခါ မာနကြီးတတ်သလို
လောကဟာ လောဘသိပ်ကြီးတာပဲလို့လည်း
မထေမဲ့မြင်တွေးတတ်သေးတယ်
အမြဲတမ်းစကားကြီးစကားကျယ်တွေပြော
ရေရောမီးရောဖြစ်နေတဲ့ကောင်
သူများကို ဒုက္ခတွေလျှောက်ဝေသလောက်
သူကိုယ်တိုင် ဒုက္ခပင်လယ်ဝေတဲ့အခါ
မဏိမေခလာကို လှေလိုလှော်လို့ရမယ်ထင်တတ်တဲ့ကောင်
ညီမလေးတွေဆိုရင် ထမင်းကြော်လို ကော်ဖီလို
သိပ်ကြိုက်တတ်သေးတယ်
ဆံပင်ဖားလျား လွယ်အိတ်ကားယားနဲ့
ကဗျာဆရာဖက်ရှင်ကို အသက်ငင်မလောက်ကြောက်တဲ့ကောင်
၂၂ နှစ်ဆိုတော့ ၂၂ နှစ်သားဖြစ်တယ်ပေါ့
ငါ ……. တယ်တော်တဲ့ကောင်ပဲ
ကဗျာရေးရာ ၊ ဝါသနာဆိုတာစိတ်နဲ့တည်ဆောက်
ငါ ….. တော်တော်သိတဲ့ကောင်ပဲ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ခင်ဗျားတို့ကျနော်တို့
ကျွတ်ကျွတ်အိတ်ယဉ်ကျေးမှုထဲ ရုန်းကန်
အဲဒီလို …… ကိုယ့်ကိုယ်ကို ကြိုးအလွယ်ညှိနေတဲ့ကောင်
သူရဿဝါက ၂၂ နှစ်အရွယ် ငယ်သေးတာပေါ့
မင်း ငါနဲ့ ကဗျာပြိုင်ရေးမလား
မင်း ငါနဲ့ စစ်တုရင်ပြိုင်ထိုးမလား
မင်း ငါ့လောက် လက်ပြင်ကုန်းလို့လား
“ခင်ဗျားကိုယ်ခင်ဗျား ကြိုးတုပ်ထားလိုက်
ဒါဆို ကျုပ်နဲ့ဖိုက်မယ်”
၂၂ နှစ်သားလူငယ်လူရွယ်လေ …… လူလည်လည်းကျကျပဲ
ဘိုဟီးမီးယန်းဂျင်းန်ပန်နဲ့ နားကွင်းနားကပ်နဲ့
ပညာရေးကျတော့ ရပ်ထားတဲ့ကောင်
ကဗျာဆရာတစ်ယောက်က “ဘူဇွာ” လို့ခေါ်တာခံရဖူးတဲ့ကောင်
သိုးမဲ ဇာတိ ရုပ်သေး အေဘေးလေးတွေလို့
ကျိတ်ကျိတ်ဆဲတတ်တဲ့ကောင်
တစ်လုံးသရေ ဆယ်ပြားရှုံး ….. ဒါမှ
ဘောလုံးလို့ထင်တတ်တဲ့ကောင်
သူလုပ်သမျှကုသိုလ်ရဲ့ လမ်းခုလပ်မှာ
အကုသိုလ်ကို ဇရပ်ဆောက်ထားတဲ့ကောင်
ခုမှ ၂၂ နှစ်ဆိုတော့လည်း ၂၂ နှစ်သားဖြစ်တာပေါ့
ခုမှ ၂၂ နှစ်ဆိုတော့ ငယ်သေးရွယ်သေးတာပေါ့
ဒါပေမယ့် အထင်မသေးနဲ့
ယဉ်ကျေးမှုကျောင်းဆင်း ၊ ဂျီတီအိုင်ကျောင်းဆင်း ၊
အောင်မြင်ကျော်ကြားတဲ့အနုပညာရှင် ၊
စပီကင်ဆယ့်နှစ်မျိုးနဲ့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ကောင်
ဘန်းစကားကို စွယ်စုံကျမ်းပြုစုဖို့ အကြံကြီးကြံနေတဲ့ကောင်လေ
သူရဿဝါက ၂၂ နှစ်သား
စကားတွေသိပ်များတယ်
၂၂ နှစ်ဆိုတော့လည်း ၂၂ နှစ်သားလူငယ်လူရွယ်ကဗျာဆရာပေါ့
ပြင်ရာဖျက်ရာသိပ်များတဲ့အရွယ် ခဲဖျက်ဖယ်လို့မရသေးဘူး
ဒါတောင် မွေးနေ့လက်ဆောင်ကဗျာ
မကောင်းတတ်လို့ပါလာတာ
၂၂ နှစ်သား သူရဿဝါ ………..
ဘာပဲဖြစ်ဖြစ် အသစ်ကပြန်စချင်နေတယ် ။                               ။


သူရဿဝါ
ဇူလိုင် ၃ ရက် ၊ ၂၀၁၀ ခုနှစ်

(မှတ်ချက် ။ ။ လွန်ခဲ့သော အောက်တိုဘာလ၊ ကျွန်တော့် အသက် ၂၂ နှစ်ပြည့် မွေးနေ့တွင် ကိုယ့်ကိုယ်ကို ပြန်ပေးသော မွေးနေ့လက်ဆောင်အဖြစ် ရေးသားထားခဲ့သော ကဗျာဖြစ်ပါသည်။)

Saturday, May 22, 2010

၂၈ - အင်ဒီးစ်မြေစိုင်မြေခဲကြီး


“၂၈ - အင်ဒီးစ်မြေစိုင်မြေခဲကြီး”








( ၁ )
“ မြေမှုန်မြေခဲလေးက . . . တစ်နေ့မှာ
အင်ဒီးစ်တောင်တန်းကြီး ဖြစ်မလာဘူးလို့
ဘယ်သူပြောရဲသလဲ . . . ” ဆိုတော့
ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်လို့ သိရတယ်
ဟက်ဟက်ပက်ပက် လှောင်ရယ်ခဲ့တယ်
ခပ်ညံ့ညံ့ဟာသလို့ သိတယ်
ရဲရဲကြီး လောင်းကြေးထပ်ချင်စိတ်ဖြစ်မိတယ်






( ၂ )
“ မိန်းမဟာ မာယာများတယ် ” လို့ဆိုတယ်
ဒါဖြင့်ရင် . . . ကြီးမြတ်သော ယောင်္ကျားဟာ
မိန်းမထက် မာယာပိုများရမယ်
ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မာယာမျိုးတော့ဖြစ်မှ ၊
နောက်ပြီး ယောင်္ကျားမာယာဟာ
လောကမာယာကို ထိပ်ပုတ်ခေါင်းပုတ် ဆော့ကစားနိုင်ရမယ် ၊
လောကရဲ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နိုင်စွမ်းရမယ်




( ၃ )
“ မဖြစ်နိုင်ဘူး . . . . မဖြစ်နိုင်ဘူး ”
အဲဒီလို ထင်ခဲ့တယ် ၊
“ မတွေ့ရနိုင်ဘူး . . . တွေ့မှာမဟုတ်ဘူး ”
အဲဒီလို ထင်ခဲ့တယ် ၊






( ၄ )
တစ်နေ့ကျတော့ . . . .
အင်ဒီးစ်မြေခဲကြီးကို
မာယာတွေအပြည့်နဲ့
“ ဘွား ” ခနဲ . . . . သွားတွေ့လိုက်တယ် ။








သူရဿဝါ
မေလေ ၂၂ ရက် ၊ ၂၀၁၀ ခုနှစ်






( ချစ်သော အစ်ကိုကြီး “ ကိုထွန်း ” ၂၈ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရရေးဖွဲ့ပါတယ် )




Friday, January 22, 2010

၂၀၁၀ စိတ်အဆာပြေ ၂၅


 `၂၀၁၀ စိတ်အဆာပြေ ၂၅´

အခုကစပြီး ကဗျာရေးတော့မယ်ဆိုရင် အရင်က ကဗျာရေးနေတုန်း နှစ်မြှုပ်ထားတဲ့ စိတ်ထက် (အနည်းငယ်) စိတ်အနည်းငယ် ထပ်ပြီး ပစ်ထည့်ကြည့် . . . . အသုံးအနှုန်းကိုက စိတ်အဆာပြေ ၂၀၁၀ ခုနှစ်ရဲ့ စိတ်အဆာပြေ ၂၅ နှစ်မြောက် . . . . ခေတ်ကိုက စိတ်နဲ့တည်ဆောက်ထားတဲ့ခေတ်။

စိတ်နဲ့နိုးထတယ်၊ သွားစရာလာစရာရှိရင် စိတ်နဲ့သွားတယ်၊ စိတ်ကို စိတ်နဲ့ပဲထွန်ယက်၊ ကဗျာရေးရင် (ခဲတံ၊ ဘောလ်ပင်၊ လက်) ဘာနဲ့မှ မဟုတ်ဘူး . . . စိတ်နဲ့ရေးသား၊ အခုကဗျာကိုလည်း စိတ်နဲ့ဖတ်ပါ (တစ်နည်း ။  ။ စကားလုံးတိုင်း၊ စကာစုတိုင်း၊ ၀ါကျတိုင်းကို မျက်လုံးနဲ့ ကောက်ယူပြီး စိတ်နဲ့ ကိုင်တွယ်ပွတ်သပ်တတ်ဖို့ လိုအပ်တယ်)။

အကောင်းစားတွေချည်း ရေးပေးထားတာ မဟုတ်တဲ့ ကဗျာဖြစ်တဲ့အကြောင်း စိတ်နဲ့သိမှတ် . . . . ကာယကံရှင်ရဲ့စိတ်ကို နည်းနည်းဖတ်ကြည့်မယ်၊ ပြောဆိုမယ်၊ ဝေဖန်ရမယ်ဆိုရင် . . . . မျက်လုံးတွေ သိပ်အလှကြီး မဟုတ်ဘူး၊ မျက်လုံးအကြည့်တွေကို ကြိုက်တယ်၊ မျက်လုံးတွေထဲမှာ စိတ်သက်တမ်း နုနယ်မှုနဲ့၊ ဒါပေမယ့် လူသက်စိတ်သက် ကွက်တိ။


ဘာကြောင့် ကဗျာရေးသလဲ၊ ဘာနဲ့ကဗျာရေးသလဲ၊ စိတ်ခံစားမှုကို အစိတ်စိတ် အပိုင်းပိုင်း စိတ်ပိုင်း . . . . မိန်းကလေး တစ်ယောက်ရှိတယ်၊ ယုံမွန်တစ်ယောက်ရှိတယ်၊ ၀င်းထက်ထက်ငြိမ်းတစ်ယောက်ရှိတယ်၊ အသေအချာ . . . တစ်ယောက် တည်းပဲရှိတယ်၊ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ အသေအချာကို သုံးယောက်၊ စိတ်ခံစားမှုသုံးခုနဲ့ ခွဲဖြာ ထွက်ပေါ်လာတဲ့ အနုပညာ (ရက်ရက်စက်စက် မြိုချခံထားရတဲ့) အနုပညာတချို့။

အရင်ကစိတ်ထက် အခုပိုပြီး ရင့်ကျက်လာတယ်ဆိုရင် ပုံမှန်၊ အခုလက်ရှိ စိတ်ရင့်ကျက်မှုကနေ တဖြည်းဖြည်း လျော့ကျသွားတာဆိုရင် ဒါ . . . ထူးခြားပြီ (ရူးသွားပြီ) ဆိုတော့ စိတ်ဟာ အခြေအနေ အရပ်ရပ်ကြား ကြိုးတန်းလမ်းလျှောက်၊ ဆိုပါစို့ . . . နက်မှောင်သန်စွမ်းတဲ့စိတ်၊ မပုလွန်း မရှည်လွန်းတဲ့စိတ်၊ ရယ်ပြုံးကွေးညွတ်နေတဲ့စိတ် . . . . ဒါဟာ အဲဒီစိတ်အနေအထားကို (ဒီဖက်က) စိတ်အနေအထားတစ်ခုနဲ့ လှမ်းပြီး စုံစမ်းထောက်လှမ်းတာ (စိတ်အမှန် ပေါ်ပေါက်ရေးအတွက်)၊ ရှင်းရှင်းပြောရရင် စိတ်ရင့်ကျက်မှုချင်း ပုခုံးချင်းတိုက်တာ . . . အရပ်ချင်းတိုင်းတာပါပဲ။

ခရစ်နှစ် ၂၀၁၀ ဆိုတာ (စိတ်ထဲမှာ မနှစ်ကထက် ဒီနှစ်နည်းနည်း တိုးပွားလာတာ) ဇန်န၀ါရီဆိုတာ (စိတ်ထဲမှာ မနှစ်က အေးသလောက် ဒီနှစ်သိပ်မအေးနိုင်တဲ့ ပုံမှန်ဧည့်သည်) ၂၅ နှစ်ပြည့်ဆိုတာ (စိတ်ထဲမှာ ကိန်းဂဏန်းအချို့ လိုတိုးပိုလျှော့ လုပ်တာ) . . . တကယ်တော့ ဒါပါပဲ၊ ဒီလောက်ပါပဲ . . . (ကာယကံရှင်ရဲ့) စိတ်ကို ခပ်ချွန်ချွန် ခပ်မြမြသွေးပြီး ထိုးဖောက် ကြည့်ရင် စိတ်ထဲမှာ စိတ်ဆိုတာ (ခြေဆော့လက်ဆော့) မျောက်တစ်ကောင် သာသာပါပဲလားလို့ ဒီကဗျာ ထင်သလောက်လည်း မကောင်းတဲ့အကြောင်း တွေးမိသွားလိမ့်မယ် ။                     ။


                                                                                                                                    သူရဿဝါ

မှတ်ချက်။            ။ သူငယ်ချင်း စာရေးဆရာမ ယုံယုံ အသက် (၂၅)နှစ်ပြည့် မွေးနေ့အမှတ်တရ ရေးသားပါသည်။

Saturday, December 19, 2009

ဂျစ်ပစီဖဲချပ်ကလေး


“ဂျစ်ပစီဖဲချပ်ကလေး”


Photobucket
နင်က ၀ှက်ဖဲတစ်ချပ်လိုပဲသူငယ်ချင်းရ
နင့်အဓိပ္ပါယ်ကို
မလိုအပ်ဘူးထင်ရင် ဘယ်သူမြင်အောင်မှနင်မပြတတ်ဘူး
သိုဝှက်သိပ်သည်း အမြဲမှောက်ထားတတ်တဲ့ဖဲချပ်ကလေး
ဂျစ်ကန်ကန်ဖဲကလေးတစ်ချပ်ဆိုပါတော့
နင်နဲ့ငါနဲ့စကားတွေပြောခဲ့ဖူးတယ်
အတူတူလည်းငြိမ်သသက်တိတ်ဆိတ်နေဖူးတယ်
တခါတလေအခန့်မသင့်ရင် ရန်ထထဖြစ်ဖူးတယ်
ဒါပေမယ့် ခဏတဖြုတ်နေရင်
နင်ကလည်းပုံမှန်အတိုင်းဖဲချပ်ကလေးလို
ငါကလည်း မထိတထိစနောက်ဖို့
ဖဲချပ်ကလေးကိုဆွဲဆွဲလှန်တဲ့လက်တစ်စုံလို
နင့်မထီတရီစကားတွေလိုပဲ မထီတရီနင့်မျက်ဝန်းဆိုတာ
နင့်မထီတရီမျက်ဝန်းတွေလိုပဲ မထီတရီနင့်အမူအယာဆိုတာ
နင်ဟာဂျစ်ပစီဖဲချပ်ကလေးမှန်း ငါသိပါတယ်ဟာ
ထောင့်ငါးရာမဟုတ်ဘူး ငါးရာနှစ်ဆယ့်ရှစ်မဟုတ်ဘူး
အဲသလိုအဆင့်အတန်းမခွဲဘူး
နင့်ကိုငါချစ်တယ်ဆိုတာ နင့်ကိုငါချစ်တယ်လို့ဆိုတာပဲသူငယ်ချင်းရ
ငါသိတာက
နင်ဟာကဗျာရေးကောင်းတဲ့ မော်ဒန်မှော်ဖဲချပ်ကလေးပဲ
တခါတလေ နောက်ဖဲချပ်လေးကိုလှမ်းမျှော်နေတတ်တဲ့
ရင်ခုန်ဖဲချပ်လေးပဲ
ငါ့ကိုစိတ်တိုအောင်လာလာဆွတဲ့ ပေကပ်ကပ်ဖဲချပ်လေးပဲ
နင့်ကိုစိတ်တိုအောင်ဆွရင် ဆွေ့ဆွေ့ခုန်နေတတ်တဲ့
စိတ်ဆိုးစိတ်ဆတ်ဖဲချပ်လေးပဲ
“ညီမလေးဖဲချပ်ကလေး” လို့ နင်ခေါ်စေချင်သလိုခေါ်မယ်ဟာ
နင်ကလောကကိုသဘောမကျ လောကကိုဒေါပွနေတတ်သေးတယ်
အဲဒီလို စနေနေ့ဖွား နဂါးဖဲချပ်ကလေး
နှစ်ဆယ့်နှစ်နှစ်ပြည့်မွေးနေ့ရှင်ဖဲချပ်ကလေး
ငါ့ရဲ့သူငယ်ချင်းဖဲချပ်ကလေး
ဂျစ်ပစီဖဲချပ်ကလေးနင်ဟာ
နင့်ကိုဖဲချပ်ကလေးမှန်းဘယ်သူမှမသိလောက်အောင်
အမြဲမှောက်ထားတတ်တဲ့ ၀ှက်ဖဲတစ်ချပ်လည်းဖြစ်သေးတယ်။ ။
သူငယ်ချင်းဂျစ်ပစီနိုနို၏ နှစ်ဆယ့်နှစ်နှစ်ပြည့်မွေးနေ့အမှတ်တရ ရေးသားထားခြင်းဖြစ်ပါသည်။


Saturday, September 12, 2009

ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်


ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်


(၁)
အခုတလော အသံအချို့ကြားရသည်
၂၁ ရာစု ၊ ၂၁ နှစ်ပြည့် ၊ ၁၃ ရက်နေ့
ကျနော့်ပတ်ဝန်းကျင်မှာပင်ဖြစ်သည် ။
ကျနော်ကြားမိသည် ၊ တစ် .... နှစ် .... သုံး ....
၁ ၊ ၂ ၊ ၃ ..... ဒါတွေက စိုးမိုးဂဏန်းများဖြစ်သလား
ဂဏန်းများကို စိုးမိုးအပ်သော လူတစ်ဦး နှင့်သက်ဆိုင်သလား
ဘာပဲဖြစ်ဖြစ် ၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ၊ ၂ ၊ ၃ .........
အခုတလော ကြားမိသည် ။



(၂)
လူတစ်ဦး ရှိသည် ၊ ရင်ခုန်သံရှိသည်
မိမိကိုယ်ကို ခဏတဖြုတ် ပျောက်ဆုံးပစ်လိုက်ခြင်းများရှိသည် ။
ကဗျာအချို့ရှိသည် ၊ အနီရောင်ဖဲချပ်များအား မှတ်မှတ်ရရရှိသည် ၊
ညီညီညာညာ ကျနော်တို့ တစ် ၊ ကိုး ၊ ကင်း ဖြစ်ဖူးကြသည် ၊
တပ်ဆင်ခြင်းအနုပညာကို တပ်ဆင်လိုက်သည်
ခရမ်းရောင်ရှိသည် ၊ အစိမ်းရောင်ရှိသည် ။
ထို့အတူ လူသားတစ်ဦးလည်းရှိသည်
ထို့အတူ ...... သူ ခဏတဖြုတ် ပြသ\သိမ်းဆည်း\တပ်ဆင်ထားသော
ကဗျာအချို့ လည်းရှိသည် ၊ ထို့အပြင် နောက်ထပ်ကဗျာအချို့ကိုလည်း
ပြင်ဆင်၍ (ခဏတဖြုတ်) သိမ်းဆည်းထားကြသည် ။



(၃)
ကဗျာအချို့   ရှိသည် ။
ခေတ်ပေါ်ကဗျာ ၊ ဘာသာစကားကဗျာ ၊ ကဗျာ ..... ကဗျာ ၊
သူနှင့် တိုက်ရိုက်သက်ဆိုင်သည် ။
လူတစ်ဦးဆီမှ လူတစ်ဦးဆီသို့ ပေးပို့ရန် အောက်ပါအတိုင်း
တပ်ဆင်ပြသသည် ။
ဘာပဲဖြစ်ဖြစ် သူ အရေးကြီးသည် ၊ သူ့အတွက် အရေးကြီးသည်
သူဖတ်လိမ့်မည် ၊ ဘာသာစကား ၊ ခေတ်ပေါ် ၊ ခေတ်လွန် ၊ ခေတ်ဟောင်း
သူဖတ်လိမ့်မည် ၊ သူပြုံးလိမ့်မည် ၊ သူရယ်လိမ့်မည် ၊ သူရေလိမ့်မည်
၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ...... ၂ ....... ၃



(၄)
သူပြုံးလိမ့်မည် ၊ သူအမြဲပြုံးနေခဲ့ဖူးသည် ။
သူတပ်ဆင်ဖူးသောကဗျာများလို
သူတပ်ဆင်ထားသောအရာများရှိသည် ။ စမ်းချောင်း ၊ အစိမ်းရောင် ၊ ခရမ်းရောင် ၊
ညလင်းအားကြီး ၊ မနက်အချိန်မတော် ၊ ကဗျာများ ၊ ကဗျာဆရာများ ၊
ခေတ္တတောင်ဥက္ကလာ ၊ ခေတ္တစမ်းချောင်းနေအိမ် ၊
သူတပ်ဆင်သည် ၊ သိုးမဲ ........ မှ ....... ညီစိမ်း ၊
ပြောင်းလဲ၍ မပြောင်းမလဲတပ်ဆင်သည် ။



(၅)
ညီစိမ်း    ရှိသည် ၊ လူတစ်ဦး ရှိသည် ၊
ကဗျာအချို့ ရှိသည် ၊ သူပြုံးလိမ့်မည် ၊
၂၁၂၁၁၃၁၂၃ ......... ဂဏန်းများရှိသည်ဟု
သူရယ်\ရေ လိမ့်မည်
ဟုတ်ကဲ့ ....... ညီစိမ်းဖြစ်ပါသည် ။




Monday, August 03, 2009

‘ကဗျာ’ဆိုသည်မှာ ‘ဇာတိ’ဆိုသည်မှာ ‘ကဗျာဆရာ’ဆိုသည်မှာ

(၁)
ကဗျာတစ်ပုဒ်နဲ့ ကိုဇာတိ
တစ်ခုကိုရွေးပါဆိုရင် ခင်ဗျားဘာကိုရွေးမလဲ
ကျွန်တော်ကတော့ ဇာတိကိုပဲရွေးပါမယ်
သူကိုယ်တိုင်ကိုက
ကဗျာတစ်ပုဒ် (ဒီထက်ကံကောင်းရင်)
ကဗျာအပုဒ်ပေါင်းများစွာဖြစ်နေနိုင်လို့ပဲ

(၂)
ဒီကောင်က ဘောလ်ပင်နဲ့စာရွက်သာရှိ
ကမ္ဘာပျက်တာတောင်သိလိုက်မှာမဟုတ်သူ
ဒီကောင့်ကို ဘောလ်ပင်နဲ့စာရွက်သာပေး
အိပ်ရေးပျက်တာတောင် မျက်တောင်တစ်ခတ်စာထင်တဲ့ကောင်
ဒါကြောင့်ပဲ
‘ကဗျာ’ဆိုသည်မှာ ‘ဇာတိ’ဆိုသည်မှာ ‘ကဗျာဆရာ’ဆိုသည်မှာဖြစ်နေတာ

(၃)
သူ့ကဗျာရေးသက်က သူ့အသက်ရဲ့တစ်ဝက်တောင်မရှိ
ဒါပေမယ့်
သူ့ကဗျာတွေဖတ်ကြည့်ရင်
ဒီကောင့်လက်က ရွှေထွက်သလိုထင်ရ
ကဗျာဆရာအဆက်ဆက် သူ့ကလောင်လက်မှာ
အမြုတေလာတည်ထားသလိုထင်ရ

(၄)
ကဗျာတစ်ရွက်နဲ့ နေ၀င်နေထွက်သူ
ကဗျာစာသားနဲ့ နာဖျားရကောင်းမှန်းမသိသူ
သူ …. သူ … ဇာတိ …. ဇာတိ …. ဇာတိ
ကျွန်တော့်လိုပဲ သူလည်းသူ့နာမည်ရင်းကို မေ့နေလောက်ပြီ

(၅)
ဒီနေ့ခေတ်ရဲ့ ‘အသည်းကွဲစပယ်ရှယ်လစ်’ ကဗျာဆရာ
ဒီနေ့ခေတ်ရဲ့ ‘အလွမ်းသီးသန့်ကဗျာဆရာ’
သူအသည်းကွဲတာနဲ့ ….. သူကဗျာရေးတာနဲ့
ကျွန်တော်တို့ အဲဒီကဗျာကိုဖတ်ရပြီဆိုတာနဲ့
ကိုယ်တိုင်နာကျင်ခံစားရသလို ငိုချင်စိတ်ကလေး
အရာရာ မှိုင်း အုံ့ တိုး ဖျော့သွားသလို လွမ်းစိတ်ကလေး
တဖြည်းဖြည်းနဲ့လှိုင်းထန်လေထန် …..
မိုးကြိုးမုန်တိုင်း …… ပွင့်ဖတ်ဝတ်မှုန်မျက်ရည်စများ
ငြိမ်သက်တိတ်ဆိတ် ရထားသံလမ်းကလေး
အင်း …………………………..
ကဗျာဆုံးသွားတာနဲ့
မပျောက်ဆုံးနိုင်တဲ့ ဝေဒနာတွေပဲကျန်ခဲ့တာလေ

(၆)
ကဗျာဆရာတစ်ဦးကပြောဖူးတယ်
‘ဒီနေ့ခေတ်ရဲ့ကဗျာဆရာဆိုတာ
လူထုရင်ခုန်သံကို ကိုယ်စားပြုတယ်’ တဲ့
ဇာတိက ကျွန်တော်တို့ရင်ခုန်သံကို ပြုစားထား
ကျွန်တော်တို့ရင်ခုန်သံတွေကို ဆွဲကိုင်လှုပ်ယမ်း
စကားလုံးတွေကို ဂစ်တာကြိုးတွေလို
တဖွဖွထိခတ်ဆော့ကစားလို့
အသည်းကွဲရင်း ….. ကဗျာတွေရေးရင်း
ပျော်နေတာ သူတစ်ယောက်ပဲမြင်ဖူးတယ်

(၇)
သူငယ်ချင်းရေ ……… ဇာတိရေ ………
ငါသာဆိုရင်တော့ ကဗျာတစ်ပုဒ်အစား
မင်းကိုပဲ ရွေးချယ်ပစ်လိုက်မှာ
ပဒေသရာဇ်ခေတ် ငွေဝယ်ကျွန်စနစ်မှာတောင်
အနုပညာဟာ …… အနုပညာသမားဟာ
ငွေဒင်္ဂါးတွေထက် အရောင်ဖိတ်ဖိတ်လက်
တချွင်ချွင်သံထက် ကောင်းသောအသံတွေထွက်ခဲ့ကြတယ်မဟုတ်လား
မွေးဖွားခြင်းကနေ သေဆုံးခြင်းဆီသွားတဲ့လမ်းက
ငါတို့အတွက်တော့ စမ်းတ၀ါးဝါးမဖြစ်ဘူး
ကဗျာမီးအိမ်တောင်ဝှေးက နေလိုလလို စူးစူးလင်းလင်း

(၈)
သူ (ဇာတိ) ကတော့
‘ကိတ်မုန့်ကလေးထံတွင်
မွေးနေ့ပွဲတခုတလေမရှိပါ’ လို့ပြောခဲ့
အခုကစပြီး ကိတ်မုန့်ကလေးအတွက် မွေးနေ့ပွဲပါ
ကဗျာဆရာတစ်ဦးရဲ့ မွေးနေ့ပွဲပါ
အများပိုင် /ပြည်သူပိုင် အရာဝတ္ထုတစ်ခု /တစ်ယောက်ရဲ့
ရိုးစင်းသောမွေးနေ့ပွဲပါ
ဇာတိကစလို့ ကဗျာဆရာအပေါင်း
အသက်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းရင်း
ကျွန်တော်တို့အားလုံးရဲ့ ခွက်တွေ /လက်တွေ ဆန့်တန်းလိုက်ကြရအောင်

Monday, May 25, 2009

ဇာတ်ဝင်ခန်း ၂၄

ဒါဟာ
လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း ထိတွေ့ကြတာမဟုတ်ဘူး
လူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ လောကရဲ့ဇာတ်ဝင်ခန်းများ ထိပ်တိုက်တွေ့ကြတာ
ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်
အခုပဲ ဇာတ်ဝင်ခန်း ၂၄
တခါတလေတော့လည်း `ဒီလိုပါပဲ´ အမရယ်
အမြဲတမ်းလည်း `ဒီလိုပါပဲ´ အမရယ်
ဘ၀ဆိုတဲ့ကောင်က သူ့ကြိုးဝိုင်းထဲပဲ ကျနော်တို့ကို
အတင်းဆွဲ ဆွဲခေါ်သွားတတ်တာ
ပေါ်လာလိုက် … မြုပ်သွားလိုက်
မြုပ်သွားလိုက် … ပေါ်လာလိုက်နဲ့
ကျနော်တို့ ရေကူးနေကြတာလား
ခပ်ဆင်ဆင်တော့ တူပါတယ်
ဘ၀ကို အလျားလိုက်ကြီး ဖြတ်ကူးနေရတာ
အခုလိုမျိုး မွေးနေ့ပွဲတွေလည်းပါ၊
အိမ်ယာထူထောင်ခြင်းတွေလည်းပါ၊
စိတ်ကျရောဂါတွေလည်းပါ၊
လက်ခုပ်လက်ဝါးတီးသံတွေလည်းပါ၊
ဘာများကွဲပြားခဲ့ကြလို့လဲ
သိပ်လည်းမပူပန်ပါနဲ့ အမရယ်
ကံဆိုးတယ်ဆိုတာလည်း တကယ်တမ်းတော့
ပန်းက ရနံ့ကို လွှင့်ပစ်လိုက်သလောက်လေးပါ
……………………………..
……………………………………. ဟိုတစ်ဖက်ကမ်းကို ရောက်ခါနီးတဲ့အခါ
ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ
အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ
`လူဆိုတာ ……..´ လို့ နောင်လာနောက်သားတွေကို ပြောပြလာနိုင်တဲ့အခါ
အဲဒီအခါကျရင်
လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း
ဖြည်းဖြည်းညင်းညင်း ထိလာလိမ့်မယ်
အခုက …
ဇာတ်ဝင်ခန်း ၂၄
ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်
ရှေ့လျှောက် လူတစ်ယောက်ရဲ့ဆန္ဒတွေနဲ့ ဇာတ်ဝင်ခန်းများထိပ်တိုက်တွေ့ကြပုံ








သူငယ်ချင်း အမကြီး မမိုးခါးရဲ့ ၂၄ နှစ်မြောက်မွေးနေ့တုန်းက အမှတ်တရရေးပေးတဲ့ကဗျာပါ