Saturday, February 28, 2009

ကျွန်တော့်ကမ္ဘာရဲ့ မျက်ရည်စတွေ

 - ၁ -

 ထင်မှတ် မထားတဲ့ တရက်မှာ ကျွန်တော့်အဖေ နယ်က ပြန်လာပါတယ်။ အဖေ ပြန်လာတဲ့ အချိန်မှာ ကျွန်တော်က ရုံးတက် နေခဲ့တယ်။ အဖေ ရောက်ရောက်ချင်း မသိလိုက်ဘူး။ ည ၈ နာရီလောက် အိမ်ပြန်ရောက်မှ အဖေနဲ့ဆုံတယ်။ မတွေ့တာ ကြာပြီဖြစ်တဲ့ သားကို အဖေက ဖက်လှဲတကင်း နှုတ်ဆက်ပါတယ်။ ဒါပေမဲ့၊ အဖေ့ မျက်လုံးထဲမှာ ကျွန်တော့်ကို တွေ့ရလို့ ဝမ်းသာတဲ့ အရိပ်အယောင် တွေအပြင် ရုတ်တရက် ကျွန်တော် ဝေခွဲမရနိုင်တဲ့ အရိပ်တစ်မျိုး မြင်လိုက်ရတယ်။ အဖေ ဘာဖြစ် နေတာလဲ၊ အဖေ့မျက်နှာ သိပ်မကောင်းတာတော့ ကျွန်တော် ရိပ်မိတယ်။

 

- ၂ -

“သူ ငိုတယ်.. အခေါက်ခေါက် ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ

      ကျွန်တော် ထမင်းစားတဲ့ အချိန်မှာ အမေ လာပြောနေတဲ့ စကားတွေက ကျွန်တော့်ကို ချက်ချင်း ရင်ပြည့်သွားစေခဲ့တယ်။ အဖေ.. ငိုတယ်တဲ့။ ကျွန်တော့်ကြောင့် အဖေ ငိုတာတဲ့။ ကျွန်တော့် ကဗျာကို အခေါက်ခေါက်ဖတ်ပြီး အခေါက်ခေါက် ငိုနေခဲ့တာတဲ့။ အဖေရယ်။

ဟိုတလောက “အဖေနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ” တစ်ခု Mysuboo က ကျင်းပ ပေးပါတယ်။ “အဲဒီ.. ဖေဖေ တည်ခဲ့တဲ့ကမ္ဘာ” ဆိုတဲ့ ကဗျာလေး ကျွန်တော် ဝင်ပြိုင်ဖြစ်တယ်။ ဒုတိယဆု ရတယ်။ ကျွန်တော် သိပ်ဝမ်းသာပါတယ်။ အဲဒီ ကဗျာကို ရေးတုန်းကလည်း ကျွန်တော် ငိုခဲ့ရပါတယ်။ အခုအဲဒီ ကဗျာကို ဖတ်ပြီး အဖေ ငိုခဲ့တယ်။ ကျွန်တော် ဝမ်းသာရမှာလား၊ စိတ်မကောင်း ဖြစ်ရမှာလား အဖေ။

 

- ၃ -

        ကျွန်တော့် အဖေက ကျွန်တော့်လို အနုပညာသမား တစ်ယောက် မဟုတ်တာ ကလွဲရင်၊ ကျွန်တော်နဲ့ နေရာ အတော်များများ တူပါတယ်။ ဘောလုံးပွဲ ဝါသနာပါတာ၊ အနေအေးတာ၊ ပြီးတော့ တခုခု ဖြစ်လာရင် ခံစားလွယ်၊ ထိရှလွယ်တာ။ ဘာမှ မဟုတ်တဲ့ ကိစ္စလေး တစ်ခုအပေါ်မှာတောင် ထဲထဲဝင်ဝင် ခံစားကိုယ်ချင်းစာ နေတတ်တာ။ အဖေ့ဆီမှာ ကျွန်တော် အကြိုက်ဆုံး ရုပ်ပိုင်းဆိုင်ရာကို ပြောပါဆိုရင် အဖေ့ရဲ့ မျက်လုံးတွေနဲ့ အဖေ့ရဲ့ အပြုံးပဲ။ အဖေဟာ ဘယ်လို အချိန်မျိုး မှာမဆို ပြုံးလိုက်ပြီ ဆိုရင် သိပ်အေးချမ်း နေတတ်ပါတယ်။ အဖေ့ရဲ့ အပြုံးမှာ မေတ္တာဓာတ်တွေ၊ အေးချမ်းမှုတွေ၊ စာနာထောက်ထားမှုတွေ၊ သိမ်မွေ့မှုတွေ အမြဲမြင်ရတယ်။ အဲဒီအခါမျိုးမှာ အဖေ့ မျက်လုံး တွေကအစ အရောင်အဝါ တမျိုးနဲ့ အေးမြနေ သလိုပါပဲ။

ပြီးတော့ အဖေ့အပေါ် ကျွန်တော် အကြိုက်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြောပါဆိုရင်တော့ စိတ်ကောင်း ရှိတာ၊ အနစ်နာ ခံတာကို ရွေးပါမယ်။ အဖေဟာ သူ့လက်အောက် ငယ်သားတွေအပေါ် သိပ်ငဲ့ညှာပါတယ်။ သိပ်အနွံအတာ ခံတယ်။ ဒါပေမဲ့ သူတို့တွေကတော့ အဖေ့အပေါ် ပြန်မကောင်း ခဲ့ကြဘူး။ အဖေ စိတ်ကောင်း ရှိတာကို အခွင့်ကောင်းယူပြီး အမြဲလိမ်ညာ တတ်ကြလို့ အဖေ ဒုက္ခ ရောက်ရပေါင်းလည်း မနည်းပါဘူး။ ကျွန်တော်တို့ သားအမိက မခံမရပ်နိုင်လို့ ဝင်ပြောတဲ့အခါ အဖေက အမြဲတမ်း ဖြောင့်ဖြ ရှာပါတယ်။ အတိတ်က ကံတွေ.. တဲ့။ ကျွန်တော် ကတော့ ကျွန်တော့် အဖေလောက် စိတ်ကောင်း နှလုံးကောင်း မွေးနိုင်တဲ့ သူတစ်ယောက် ဖြစ်မလာမှာ၊ အဖေ့လို စိတ်မျိုး မမွေးနိုင်ဦးမှာ သေချာပါတယ်။

 

- ၄ -

ပြောရမယ်ဆိုရင် ကျွန်တော်က သားဆိုးတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့၊ သားမိုက် တစ်ယောက် ဆိုတာတော့ သေချာတယ်။ ကျွန်တော့်ကြောင့် အဖေ့ရင်မှာ ဒဏ်ရာတွေ ဖြစ်နေခဲ့တယ်။ ခဏခဏပါပဲ။ တကယ်တော့ ကျွန်တော်က ကျွန်တော့်အပေါ် မကောင်းတဲ့ လောကဓံကို မထေမဲ့မြင် လုပ်ရင်း၊ အရွဲ့တိုက်ရင်း အဖေ့ရဲ့ ကျွန်တော့်အပေါ် မျှော်မှန်းချက်တွေကို ရိုက်ချိုး နေသလို၊ အဖေ့ကို ရွဲ့သလို ဖြစ်နေခဲ့တယ်။ ဒါကို သိလာတဲ့ အချိန်မှာလည်း ကျွန်တော် ပြန်မပြင်ခဲ့ဘူး။ သေချာပါတယ်၊ ကျွန်တော်က အဖေ့အတွက် သားမိုက် တစ်ယောက် ဖြစ်နေခဲ့ ပါတယ်။

- ၅ -

စာတော်တဲ့ သားကြီးကို အဆင့်မြင့်မြင့် တက္ကသိုလ်တစ်ခုမှာ ပညာတွေ သင်ခိုင်းမယ် ဆိုတဲ့ အဖေ့ရဲ့ အတွေးဟာ ကျွန်တော် ဆယ်တန်းအောင်တဲ့ နေ့မှာပဲ စပြီး ပြိုလဲ သွားခဲ့တယ်။ သင်္ချာ ဖြေပြီးတဲ့ နေ့မှာတင် စိတ်ဓာတ်ကျ နေခဲ့တဲ့ ကျွန်တော့်ရဲ့ ဆယ်တန်း ရမှတ်ဟာ ကျွန်တော် တက်ချင်တဲ့ ကွန်ပျူတာ တက္ကသိုလ် တက်ဖို့ လုံလောက်တဲ့ အဆင့်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းတယ်လို့ ပြောရမလား၊ ကံဆိုးတယ်လို့ ပြောရမလား မသိချင်တော့ ကျွန်တော့် ရမှတ်ဟာ အသက်မွေး ဝမ်းကျောင်း တက္ကသိုလ် တစ်ခုဖြစ်တဲ့ နည်းပညာ တက္ကသိုလ် ဝင်ခွင့်ကို မှီနေခဲ့တာပါပဲ။

ဖြစ်ချင်တော့ ကျွန်တော်က အဲဒီဘာသာရပ်ကို လုံးဝ ဝါသနာ မပါဘူး။ ကျွန်တော် စဉ်းစားတာက အဝေးသင် တက်ပြီး တဖက်က ကျွန်တော် ဝါသနာပါတဲ့ ကွန်ပျူတာ သင်တန်းတွေ တက်ဖို့ပါပဲ။ ဒါပေမဲ့ အဖေကတော့ ကျွန်တော့်ကို သူ့လိုပဲ အင်ဂျင်နီယာ တစ်ယောက် ဖြစ်စေချင်လွန်း ခဲ့တယ်။ ဒါနဲ့ပဲ ကျွန်တော် နည်းပညာ တက္ကသိုလ်ကို တက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် မကောင်းတဲ့ ကံကြမ္မာကို ကျွန်တော် အရွဲ့တိုက်ရင်းနဲ့တောင် သူက ကျွန်တော့်ကို အရှုံးမပေးခဲ့ဘူး။ ကျွန်တော့်မှာသာ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီးနဲ့ ကျန်ခဲ့တယ်။ ကျွန်တော် နည်းပညာ တက္ကသိုလ်က ထွက်လာတဲ့ နေ့မှာပဲ အဖေ့ရဲ့ရင်မှာ ဒဏ်ရာတချို့ ရသွားခဲ့မှန်း ကျွန်တော် သိလာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သိပ်ချစ်တဲ့ အဖေက ကျွန်တော့်ကို အပြစ်တင်စကား တစ်ခွန်းတောင် မပြောခဲ့ပါဘူး။

ကျောင်းက ထွက်လာခဲ့တဲ့ ကျွန်တော်ဟာ လမ်းကြောင်းမှန်ပေါ်ကို တော်တော်နဲ့ ပြန်မရောက် ခဲ့ပါဘူး။ ဘာကွန်ပျူတာ သင်တန်းမှ မတက်ဖြစ်သလို ဘာကျောင်းမှလည်း ဆက်မတက် ဖြစ်ခဲ့ဘူး။ ရည်းစားတွေ ထည်လဲထား၊ သူငယ်ချင်း တွေနဲ့ပဲ ပျော်ပါးပြီး ဘဝကို ထင်သလို သုံးနေခဲ့ပါတယ်။ အဲဒီတုန်း ကတော့ အဖေ့ရင်မှာ ဘာတွေ ဖြစ်မလဲ၊ ကျွန်တော် တစ်စက် ကလေးမှ တွေးမကြည့် ခဲ့ပါဘူး။ ကျွန်တော်က လောကဓံကို ရွဲ့လေလေ အဖေ့ရင်ကို သွားပြီး ထိခိုက်လေလေ ဖြစ်နေခဲ့ပါတယ်။ အဖေ့ စိတ်ထဲမှာ ထင်တာက ကျွန်တော်ဟာ ဝါသနာ မပါတဲ့ တက္ကသိုလ်ကို တက်လိုက်ရပြီး လုပ်ချင်တာ လုပ်ခွင့် မရတဲ့အတွက် သူ့ကိုပြန်ပြီး အရွဲ့တိုက် နေတယ်လို့ ထင်နေခဲ့တယ် ဆိုတာ အခုအချိန်ကျမှ ကျွန်တော် ပြန်တွေးမိ ပါတယ်။

ဒါပေမဲ့ ကျွန်တော် လေနေခဲ့တာတွေဟာ သူ့အမှား မကင်းဘူးလို့ အဖေခံယူပြီး ကျွန်တော့်ကို ဘာမှ အပြစ်သိပ် မပြောခဲ့ဘူး။ ကျွန်တော့်ကို ဒုက္ခ မရောက်အောင် ဘေးကနေ တိတ်တိတ်လေးပဲ စောင့်ကြည့် နေခဲ့ရှာတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ မိသားစုနဲ့ ဝေးရာဖြစ်တဲ့ နယ်စွန် နယ်ဖျားတွေမှာ အဖေ တာဝန်ကျတဲ့ အခါမှာတော့ ကျွန်တော်နဲ့ အဖေနဲ့ဟာ တော်တော်လေးကို ဝေးကွာသွား ခဲ့ပါတယ်။ အဖေဟာ နယ်မှာ သုံးနှစ်လောက် နေရတာတောင် ရန်ကုန်ကို တစ်ခေါက် ပြန်မရောက်ပါဘူး။

အဖေ နယ်မှာ အလုပ်အကိုင် သိပ်အဆင်မပြေတာတွေ၊ စိတ်ဓါတ်ကျ နေရတာတွေ၊ အဲဒီ သတင်းတွေကို အမေ့ဆီက ကျွန်တော် ကြားရတိုင်း ကျွန်တော့် ရင်ထဲမှာ မကောင်းခဲ့ဘူး။ အဖေ့ရဲ့ စိတ်ဒဏ်ရာတွေက အနည်းနဲ့ အများတော့ ကျွန်တော့်ကြောင့် ဖြစ်တည် နေခဲ့ရတယ် ဆိုတာ ကျွန်တော် သိလာတယ်။ တဖြည်းဖြည်းနဲ့ အဖေ့ကို သနားစိတ်နဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပြင်ကြည့်မိတယ်။ ကျွန်တော့်ရဲ့ ဖြစ်သင့်တဲ့ လမ်းကြောင်း အမှန်ပေါ်ကို ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး ပစ်တင်ခဲ့တယ်။ ကျွန်တော် အင်္ဂလိပ်စာ အဝေးသင် ပြန်တက်တယ်။ သင်တန်းတွေ ပြန်တက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်ပြန်ပြီး ထူမတ်လာ ခဲ့ပါတယ်။

 

- ၆ -

စုဘူးက အဖေနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ လုပ်တဲ့အချိန်မှာ ကျွန်တော် ကဗျာ ဝင်ပြိုင် ဖြစ်ပါတယ်။ “အဲဒီ.. ဖေဖေတည်ခဲ့တဲ့ကမ္ဘာ” ဆိုတဲ့ ကဗျာကို ရေးနေတဲ့ အချိန်မှာ ကျွန်တော့် စိတ်ကို ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး။ အဖေ ကျွန်တော့်အတွက် စိတ်ဆင်းရဲခဲ့ရတဲ့ ပုံရိပ်တွေ၊ ကျွန်တော် မိုက်ကန်း ဆိုးသွမ်းခဲ့တဲ့ ပုံရိပ်တွေ၊ ဟိုးအဝေး နယ်ကနေ ကျွန်တော့် အကြောင်းကို စိတ်မချ လက်မချ တွေးနေမယ့် အဖေ့ပုံရိပ်တွေ၊ ကျွန်တော့် အတွေးထဲ ဝင်လာတယ်။ ကျွန်တော် ငိုချမိတယ်။ အဲဒီ ကဗျာလေးက ဒုတိယဆုရတဲ့ အခါကျတော့ ကျွန်တော် သိပ်လည်း ဝမ်းသာတယ်။ အဖေသိရင် ဘယ်လောက်များ ကောင်းမလဲ လို့လည်း စဉ်းစားမိတယ်။ ကျွန်တော့် ဆန္ဒတွေ အကောင်အထည် ပေါ်လာပါတယ်။


- ၇ -

   ထင်မှတ် မထားတဲ့ တရက်မှာ ကျွန်တော့်အဖေ နယ်က ပြန်လာပါတယ်။ ကျွန်တော် ဆုရတဲ့ ကဗျာကို အဖေ ဖတ်ရတယ်။ ကျွန်တော့်ကြောင့် ရင်ထဲမှာ အမြဲငိုနေ ခဲ့ရတဲ့ အဖေက ဒီတခါတော့ မျက်ရည်ကျ ပြီးတော့ကို လှိုက်လှိုက်ငင်ငင် ငိုပါတယ်တဲ့။ အချိန်ရှိသရွေ့ ဖတ်ပြီး အချိန်ရှိသရွေ့ မျက်ရည်ကျနေ ခဲ့ပါတယ်တဲ့။ အမေ ကျွန်တော့်ကို လာပြောတဲ့ စကားတွေ ကျွန်တော့် နားထဲက မထွက်ဘူး။

 

    “သူ ငိုတယ်၊ အခေါက်ခေါက် ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ”
               “သူ ငိုတယ်၊ အခေါက်ခေါက် ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ”
               “အခေါက်ခေါက် အခါခါ.. ငိုနေခဲ့တာ.."

        
ဘာပဲဖြစ်ဖြစ် ကျွန်တော် ဝမ်းသာပါတယ် အဖေ။ အဖေ ငိုတယ်ဆိုလို့ ကျွန်တော် ဝမ်းသာတာ မဟုတ်ပါဘူး။ ကျွန်တော့် ကဗျာကို ဖတ်ပြီး ငိုတယ်ဆိုတာ ကျွန်တော့် အမြင်မှန်တွေကို အဖေလည်း မြင်လို့ ဝမ်းသာပြီး ငိုတယ်ဆိုတာ ကျွန်တော် သိလို့ပါ။ ကျွန်တော် ကဗျာတွေ၊ စာတွေ ရေးတာကို သိပ်သဘော မကျခဲ့တဲ့ အဖေက ကျွန်တော့် လက်ရေး စာမူကို ဖတ်ပြီး ကျွန်တော့် အပေါ် ဘယ်လောက် ချစ်ကြောင်း အမေ့ကို တိုင်တည် နေခဲ့တာတဲ့။

အခုနောက်ပိုင်း ကျွန်တော့် စိတ်ဓာတ်တွေ လေလွင့်ပျက်စီးချင်လာတိုင်း အဖေ့အတွက် ရေးထားတဲ့ ကဗျာလေးကို ကျွန်တော်လည်း အခေါက်ခေါက် ပြန်ရွတ် နေမိပါတယ်။ အဖေ.. ကျွန်တော် ကတိပေး ပါတယ်။ ကျွန်တော့်ကို တည်ခဲ့တဲ့ ကမ္ဘာရဲ့ မျက်ရည်စတွေ၊ ကျွန်တော့် မိုက်မဲမှုကြောင့် ဘယ်တော့မှ မကျစေ ရတော့ပါဘူး။ ကျွန်တော့် ကမ္ဘာရဲ့ မျက်ရည်စတွေဟာ ကျွန်တော့် အတွက် ပူလောင်မှုတွေ ဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ။

 

သူရဿဝါ
၂၈ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

1 comment:

  1. ကောင်းတယ်ဗျာ၊ကဗျာထဲကအတိုင်းကျင့်ကြံပါ။

    ReplyDelete