Wednesday, September 16, 2009

Infinity ဆီကဆုံမှတ်

ကိုဂစ်တာ က “Infinity ဆီကဆုံမှတ်” ဟူသောပိုစ့်တစ်ပုဒ်ရေးရန် Tag ပါသည်။ သူရေးထားတာကို သွားဖတ်ကြည့်တော့ သူကိုယ်တိုင်တောင် ဘာရေးစေချင်မှန်းမသိ၍ ရေးချင်တာရေးထားတာဖြစ်သည်။ ကျနော် ခေါင်းရှုပ်သွားပြီး ဘာရေးရင်ကောင်းမလဲဟုစဉ်းစားကြည့်မိသည်။ နောက်မှ ရသစာတမ်းငယ် (Essay) ရေးရင် ကောင်းမည်ဟုတွေးကာ ရေးလိုက်ပါသည်။ ကိုဂစ်တာ ကျေနပ်နိုင်လောက်မည်ဟုလည်း ထင်ပါသည်။

Infinity ဆီကဆုံမှတ်
(၁)
ထိုသို့ဖြင့် “ဝေးကွာခြင်း” ရောက်ရှိလာသည်။ “ဆုံမှတ်” လိုက်ရှာနေရသည်ဆိုကတည်းက ဝေးနေကြ တာသေချာသည်။ အဝေးမှာ မိုးတိမ်များပြေးလွှားနေကြ ....... အဝေးမှာ လေတိုက်ခတ်နေ ...... အဝေးမှာ ....... သံသရာလည်နေ ....... အဝေးမှာ မိုးစုန်းစုန်းချုပ်နေ ..... အဝေးမှာ .... အဝေးမှာ ..... အဝေးမှာ ....... ဝေး ...... နေ ....... ကြ ........ ပါ ...... သည်။
(၂)
ဆုံမှတ်” ကဘယ်မှာလဲ။ ကိုယ် .... လိုက်ရှာသည်။ ကိုယ်မတွေ့ပါ။ မရှိတာလား ၊ဒါမှမဟုတ် မရှိဟုပင် ထင်မြင်ရလောက်သည့်အကွာအဝေးမှာလား။ ထိုသို့ မေးနေခြင်း ဆုံမှတ်ဖြစ်လာနိုင်သလား။ မေးခွန်း၏အဖြေက ဆုံမှတ်ဖြစ်သလား။ ကိုယ် ..... မသိပြန်ပါ။ မသိခြင်းကရော ..... ဆုံမှတ်လား .....။ စဉ်းစားရတာပင် ကိုယ့်ကိုယ် ကို အားနာဖို့ကောင်းနေပြန်၏။
ဆုံမှတ်ကိုလိုက်ရှာရန် လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းမှာ ချိုင်းထောက်ထောက်၍လမ်းလျှောက်လာ သော A ကိုတွေ့သည်။ သူများသိမလားဟု “ဆုံမှတ်” အကြောင်းမေးကြည့်မိသည်။ “ဆုံမှတ်က နှစ်ခုရှိတယ်ဗျ ၊ ချိုင်းထောက်က ချိုင်း(ဂျိုင်း)နဲ့ထိနေတာ ဆုံမှတ်တစ်ခု ၊ ချိုင်းထောက်ကိုထိန်းကိုင်တဲ့လက်က ချိုင်းထောက်နဲ့ လာထိတွေ့တယ် ၊ ဒါက ဆုံမှတ်တစ်ခု” ဟုပြော၏။ သူ၏ဆုံမှတ်ကို “ဝေဝေဝါးဝါးဆုံမှတ်” ဟု ကိုယ်အမည်ပေး လိုက်သည်။ ကိုယ့်ဆုံမှတ်ကိုမတွေ့သေးပါ။ ဆက်လျှောက်လာခဲ့၏။
လျှောက်ရင်းကပင် လမ်းမှာ ပါးစပ်ကြီးဖြဲပြီးလျှောက်လာသော C နှင့် တွေ့ပြန်သည်။ “ဆုံမှတ်ဘယ်မှာ လဲ” ။ မေးကြည့်မိတော့ “လေနှင့်သူ၏အာခေါင်ထိတွေ့ရာဖြစ်သော ပါးစပ်ဟပြဲသည်ပင် ဆုံမှတ်ဖြစ်ကြောင်း” ပြော၏။ “သွားဖြဲနားဖြဲဆုံမှတ်” ဟုအမည်ပေးခဲ့သည်။ ကိုယ့်ဆုံမှတ်ဘယ်မှာလဲ ....... မတွေ့ရသေးပါ။
ထိုသို့ဖြင့်ပင် ပါးစပ်ဟကာ ကိုယ့်အာခေါင်ကိုယ် တုတ်ထောက်၍လျှောက်လာသော D အား “တနံတ လျားဆုံမှတ်” ၊ တစ်ကိုယ်လုံးတွန့်လိမ်ကောက်ကွေး၍လျှောက်လာသော S အား “ကျောသားရင်သားဆုံမှတ်” ဟု အမည်အမျိုးမျိုးပေးခဲ့ရသည်။ ကိုယ့်ကံလှိုင်းကတော့ ရိုင်းပြီလားမသိ။ အခုထိ ဆုံမှတ်မတွေ့သေး။
(၃)
လေများ ဟူးဟူးဟဲဟဲမြည်ကာ တိုက်ခတ်လာ၏။ မြေပြင်မှသစ်ရွက်များ တိုးထွက်ပျံသန်းပြီး သစ်ပင်ပေါ် မှသစ်ရွက်များက ခုန်ဆင်းချကြသည်။ ကိုယ့်အာရုံငါးပါးကို ပိတ်ထားလိုက်သောကြောင့် မုန်တိုင်းတိုက်ခတ်သွား သလား၊ သာမာန်လေပြင်းထန်ရုံလားမသိလိုက်ပါ။ မျက်လုံးပြန်ဖွင့်ကြည့်သောအခါမှာပင် ထူးဆန်းမှုကိုစတင် ကြုံတွေ့လိုက်ရခြင်းဖြစ်လေသည်။
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု ကိုယ့်ဆီလျှောက်လာသည်။ သူ့ပုံသဏ္ဍာန်ကို အတိအကျ မပြောတတ်ပါ။ သေချာတာကတော့ သူ့ကိုကြည့်ရသည်မှာ “ဝေးကွာခြင်း” ကို အကောင်အထည်ဖြင့်မြင်လိုက်ရ သလိုရှိ၏။ သူ့ကိုကြည့်ရင်း ငယ်ငယ်ကပျောက်ရှဖူးသော လေယျာဉ်ပျံရုပ်ကလေးကိုသတိရသည်။ ဆုံးပါးသွားပြီ ဖြစ်သော ချစ်ရသည့်ဦးလေးကိုသတိရသည်။ ကိုယ့်ကိုရော ၊ ကိုယ့်လက်ဆောင်စက္ကူငှက်ရုပ်လေးတွေကိုပါ ထား ခဲ့သည့် စိမ်းကားသူတစ်ယောက်ကို သတိရသည်။ သူ့မျက်နှာက အမျိုးမျိုးပြောင်းလဲနေသလိုထင်ရ၏။ သူ့ကိုယ် သူ မိတ်ဆက်လာသည်။ “ငါ့နာမည်က အတိုင်းအဆမရှိခန့်မှန်းမရသောဝေးကွာသည့်လောက၏တစ်နေရာ တဲ့ကွ”။ သူ့နာမည်ကို ကိုယ်နားမလည်ပါ။ ကြားလည်းမကြားဖူးပါ။ သူကဆက်ပြောသည်။
မင်းရဲ့ ဆုံမှတ်ကိုမင်း လိုက်ရှာနေတာမဟုတ်လား
(၄)
ကိုယ်ငြိမ်သက်ဆွံ့အသွား၏။ သူ့စကားအဆုံးမှာ အရာရာရပ်တန့်သွားသလိုထင်ရသည်။ ဆည်းလည်း သံများ ပျံ့ဝန်းလာသလား ၊ ညိုရီမှောင်မိုက်သွားသလား။ သူ့အမေးကိုပြန်မဖြေဖြစ်ဘဲ ကိုယ်ငြိမ်သက်နေမိသည်။ သူလည်း ငြိမ်သက်နေသည်။ ခဏကြာမှ .................... ကိုယ့်ကို နှုတ်ဆက်သလိုကြည့်ရင်း သူစတင်ထွက်ခွာ လေသည်။ သူမထွက်ခွာမီ ..... စကားတစ်ခွန်း လွင့်ကျလာ၏။
ဆုံမှတ်က Infinity လို့ခေါ်တဲ့နေရာမှာ ရှိတယ်
ကိုယ်ပြောလိုက်တာလား။ ဒီစကားကို ကိုယ်ပြောလိုက်မိတာလား .... ဒါမှမဟုတ် သူပြောလိုက်တာလား ဆိုတာပင်မသိလောက်အောင် မှိုင်းပျသွားပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်လမ်းဆက်လျှောက်ရလိမ့်ဦးမည်။ ကိုယ် ဆက် လက်၍ ခရီးထွက်ခွာရပါဦးမည်။ သူကတော့ ကိုယ်နှင့်ဝေး၍ ဝေး၍သွားပြီဖြစ်သည်။
(၅)
ဆုံမှတ်” ကိုလိုက်ရှာခဲ့သည်။ “ဆုံမှတ်” က “Infinity” မှာဟု သိလိုက်ရသည်။ တကယ်ဟုတ်လား မဟုတ်လား ....... ကိုယ်မသိနိုင်ပါ။ သို့သော် “ဆုံမှတ်” ကိုတွေ့နိုင်ရန် “Infinity” ဆီရောက်အောင်တော့ သွားရ လိမ့်မည်။ “Infinity” ကဘယ်မှာလဲ။ “Infinity” ကိုအရင်ရှာဖွေရလိမ့်ဦးမည်။ တစ်နေ့နေ့မှာတော့ ............ ရောက်ပါလိမ့်မည်။ “ဆုံမှတ်” ကိုလည်း ရှာဖွေတွေ့ရှိလိမ့်မည်ထင်ပါသည် ..............................................
..............................................................................................................................................
..............................................................................................................................................
…….................................
(၆)
ထိုသို့ဖြင့် “ဝေးကွာခြင်း” ကပင် အရင်ရောက်ရှိလာပါတော့သည်။
ကျနော်ရေးပြီးပြီဖြစ်သောကြောင့် ကျနော်ပြန်၍ Tag ပါမည်။ အောက်ပါသူငယ်ချင်းများအနေဖြင့် ပြန်လည် ရေးပေးစေလိုပါသည်။

2 comments:

  1. အင်း ရေးဆိုတော့လည်း ရေးရတာပေါ့ကွယ်။
    ဘာရေးရမှန်း မသိတာ ခက်တယ်။

    ReplyDelete
  2. ငါလည်းတူတူပဲ.. ဟားဟား...သိသလိုတော့ရေးမယ်ဟာ..း-)

    ReplyDelete