Friday, January 22, 2010

၂၀၁၀ စိတ်အဆာပြေ ၂၅


 `၂၀၁၀ စိတ်အဆာပြေ ၂၅´

အခုကစပြီး ကဗျာရေးတော့မယ်ဆိုရင် အရင်က ကဗျာရေးနေတုန်း နှစ်မြှုပ်ထားတဲ့ စိတ်ထက် (အနည်းငယ်) စိတ်အနည်းငယ် ထပ်ပြီး ပစ်ထည့်ကြည့် . . . . အသုံးအနှုန်းကိုက စိတ်အဆာပြေ ၂၀၁၀ ခုနှစ်ရဲ့ စိတ်အဆာပြေ ၂၅ နှစ်မြောက် . . . . ခေတ်ကိုက စိတ်နဲ့တည်ဆောက်ထားတဲ့ခေတ်။

စိတ်နဲ့နိုးထတယ်၊ သွားစရာလာစရာရှိရင် စိတ်နဲ့သွားတယ်၊ စိတ်ကို စိတ်နဲ့ပဲထွန်ယက်၊ ကဗျာရေးရင် (ခဲတံ၊ ဘောလ်ပင်၊ လက်) ဘာနဲ့မှ မဟုတ်ဘူး . . . စိတ်နဲ့ရေးသား၊ အခုကဗျာကိုလည်း စိတ်နဲ့ဖတ်ပါ (တစ်နည်း ။  ။ စကားလုံးတိုင်း၊ စကာစုတိုင်း၊ ၀ါကျတိုင်းကို မျက်လုံးနဲ့ ကောက်ယူပြီး စိတ်နဲ့ ကိုင်တွယ်ပွတ်သပ်တတ်ဖို့ လိုအပ်တယ်)

အကောင်းစားတွေချည်း ရေးပေးထားတာ မဟုတ်တဲ့ ကဗျာဖြစ်တဲ့အကြောင်း စိတ်နဲ့သိမှတ် . . . . ကာယကံရှင်ရဲ့စိတ်ကို နည်းနည်းဖတ်ကြည့်မယ်၊ ပြောဆိုမယ်၊ ဝေဖန်ရမယ်ဆိုရင် . . . . မျက်လုံးတွေ သိပ်အလှကြီး မဟုတ်ဘူး၊ မျက်လုံးအကြည့်တွေကို ကြိုက်တယ်၊ မျက်လုံးတွေထဲမှာ စိတ်သက်တမ်း နုနယ်မှုနဲ့၊ ဒါပေမယ့် လူသက်စိတ်သက် ကွက်တိ။


ဘာကြောင့် ကဗျာရေးသလဲ၊ ဘာနဲ့ကဗျာရေးသလဲ၊ စိတ်ခံစားမှုကို အစိတ်စိတ် အပိုင်းပိုင်း စိတ်ပိုင်း . . . . မိန်းကလေး တစ်ယောက်ရှိတယ်၊ ယုံမွန်တစ်ယောက်ရှိတယ်၊ ၀င်းထက်ထက်ငြိမ်းတစ်ယောက်ရှိတယ်၊ အသေအချာ . . . တစ်ယောက် တည်းပဲရှိတယ်၊ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ အသေအချာကို သုံးယောက်၊ စိတ်ခံစားမှုသုံးခုနဲ့ ခွဲဖြာ ထွက်ပေါ်လာတဲ့ အနုပညာ (ရက်ရက်စက်စက် မြိုချခံထားရတဲ့) အနုပညာတချို့။

အရင်ကစိတ်ထက် အခုပိုပြီး ရင့်ကျက်လာတယ်ဆိုရင် ပုံမှန်၊ အခုလက်ရှိ စိတ်ရင့်ကျက်မှုကနေ တဖြည်းဖြည်း လျော့ကျသွားတာဆိုရင် ဒါ . . . ထူးခြားပြီ (ရူးသွားပြီ) ဆိုတော့ စိတ်ဟာ အခြေအနေ အရပ်ရပ်ကြား ကြိုးတန်းလမ်းလျှောက်၊ ဆိုပါစို့ . . . နက်မှောင်သန်စွမ်းတဲ့စိတ်၊ မပုလွန်း မရှည်လွန်းတဲ့စိတ်၊ ရယ်ပြုံးကွေးညွတ်နေတဲ့စိတ် . . . . ဒါဟာ အဲဒီစိတ်အနေအထားကို (ဒီဖက်က) စိတ်အနေအထားတစ်ခုနဲ့ လှမ်းပြီး စုံစမ်းထောက်လှမ်းတာ (စိတ်အမှန် ပေါ်ပေါက်ရေးအတွက်)၊ ရှင်းရှင်းပြောရရင် စိတ်ရင့်ကျက်မှုချင်း ပုခုံးချင်းတိုက်တာ . . . အရပ်ချင်းတိုင်းတာပါပဲ။

ခရစ်နှစ် ၂၀၁၀ ဆိုတာ (စိတ်ထဲမှာ မနှစ်ကထက် ဒီနှစ်နည်းနည်း တိုးပွားလာတာ) ဇန်န၀ါရီဆိုတာ (စိတ်ထဲမှာ မနှစ်က အေးသလောက် ဒီနှစ်သိပ်မအေးနိုင်တဲ့ ပုံမှန်ဧည့်သည်) ၂၅ နှစ်ပြည့်ဆိုတာ (စိတ်ထဲမှာ ကိန်းဂဏန်းအချို့ လိုတိုးပိုလျှော့ လုပ်တာ) . . . တကယ်တော့ ဒါပါပဲ၊ ဒီလောက်ပါပဲ . . . (ကာယကံရှင်ရဲ့) စိတ်ကို ခပ်ချွန်ချွန် ခပ်မြမြသွေးပြီး ထိုးဖောက် ကြည့်ရင် စိတ်ထဲမှာ စိတ်ဆိုတာ (ခြေဆော့လက်ဆော့) မျောက်တစ်ကောင် သာသာပါပဲလားလို့ ဒီကဗျာ ထင်သလောက်လည်း မကောင်းတဲ့အကြောင်း တွေးမိသွားလိမ့်မယ် ။                     ။


                                                                                                                                    သူရဿဝါ

မှတ်ချက်။            ။ သူငယ်ချင်း စာရေးဆရာမ ယုံယုံ အသက် (၂၅)နှစ်ပြည့် မွေးနေ့အမှတ်တရ ရေးသားပါသည်။

No comments:

Post a Comment