Saturday, October 09, 2010

ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်


“ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်”


ဘာလိုသလဲဆိုတော့ ဘာမှမလိုဘူး
ဘာမှမလိုဘူးလားဆိုတော့ လက်လိုတယ်၊
ဘောလ်ပင်လိုတယ်၊ စာရွက်လိုတယ်၊ ဝက်ဘ်ပေ့ခ်ျတွေလိုတယ်၊
ကီးဘုတ်ကိုကောင်းကောင်းသုံးတတ်ဖို့လိုတယ်၊
အနုပညာစိတ်တွေ ထောင်းထောင်းထနေတဲ့ ဝိဥာဉ်လိုတယ်
ကျွန်တော်က ခင်ဗျားတို့လိုတော့မဟုတ်ဘူး
ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ
ကဗျာရေးလာတာကြာပြီ
ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့လိုမဟုတ်ဘူး
သီအိုရီပိုင်းအရကြည့်ရင် ကျွန်တော့်ကဗျာကြီးက ပြားချပ်ချပ်ဖြစ်နေ
ပိုစ့်မော်ဒန်သဘောတရားအရကြည့်တော့
ကျွန်တော့်ကဗျာကြီးက ဥာဏ်စဉ်မမှီတဲ့ကလေး၊ ဟိုမရောက်ဒီမရောက်၊
အူလည်လည်၊ ကျွန်တော့်ကဗျာကြီးက ပြောမဆုံးပေါင်တောသုံးထောင်
ခင်ဗျားတို့ရေးတဲ့ကဗျာလိုတော့မဟုတ်ဘူးပေါ့
ဒါပေမယ့် ခင်ဗျားတို့ရေးတဲ့ကဗျာလိုပါပဲ
နှလုံးသွေး၊ ခံစားချက်၊ နာကျင်မှုတွေ
ကျွန်တော့်ကဗျာထဲ တောင်ပုံရာပုံ
ကဗျာအနုပညာက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ
ကဗျာမရေးရရင် အသက်ရှူရပ်သွားမှာ
ကဗျာဆရာဖြစ်ဖို့မွေးဖွားလာပြီး
ကဗျာတွေက ကျွန်တော့်ကို ကဗျာဆရာအဖြစ် မွေးဖွားလိုက်တာ
 မူးရင်မရေးဘူး၊ ရေးရင်လည်းမမူးဘူး လက်ကိုင်ဝါဒ
ကဗျာတွေကို အဲဒီလို သစ္စာရှိရှိ
သူငယ်ချင်းလို လည်ပင်းဖက်ပေါင်းတာ
ဒီလောက်ပါပဲ
ကဗျာဆရာဖြစ်ဖို့ ဘာလိုအပ်သလဲဆိုတော့ ခင်ဗျားတို့လိုတယ်၊
ကျွန်တော်လိုတယ်၊ မပြောအပ်တဲ့စကားတွေဖယ်ခဲ့ဖို့လိုတယ်၊
ကိုယ်ကဗျာမဟုတ်တဲ့သူများကဗျာတွေကို ကဗျာလို့မြင်ပေးဖို့လိုတယ်၊
ကျွန်တော်အခုပြောခဲ့တာတွေလိုတယ်
ဘာလိုအပ်သလဲဆိုတော့ ဘာမှလည်းအရေးတကြီးမလိုဘူး
ဘာမှမလိုဘူးလားဆိုတော့လည်း အားလုံးမရှိမဖြစ်လိုအပ်တယ်။   


သူရဿဝါ
အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၀ ခုနှစ်

3 comments:

  1. ကိုယ်ကဗျာမဟုတ်တဲ့သူများကဗျာတွေကို ကဗျာလို့မြင်ပေးဖို့လိုတယ်၊...

    မှန်ပါတယ်..အနုပညာတွေပေါ်ကာစမှာဘယ်လိုရေးမှကဗျာဒီလိုရေးမှာကဗျာဆိုတဲ့စည်းကမ်း
    မရှိဖူးထင်တယ်...
    လိုက်ပြီးတော့လည်း အကဲဖြတ်မနေကြဖူးထင်ပါတယ်... သူတို့နဲ့ရေးသာ
    တူမှကဗျာဆိုရင် ကဗျာ clone တွေပဲထွက်လာမှာပေါ့

    ReplyDelete
  2. ဟိုကျောက်ခေတ်ကလူတွေပန်းချီဆွဲတဲ့ ဂူတွင်းပန်ချီတွေမှာ ခံစားမှုတစ်ခုထဲနဲ့ ဆွဲသွား
    ရေးသွားကြတာပါပဲ...ပန်းချီစာအုပ် ပန်းချီဆွဲနည်း
    လမ်းညွှန်...ပန်းချီဟုတ်မဟုတ်...ဘယ်သူမှလိုက်
    ပြောမနေကြဖူးထင်ပါတယ်...သူငယ်ချင်းတစ်ယောက်
    ပြောသလိုး) ခံစားလို့ရနေရင်ပြီးတာပဲ..မရရင်း)
    မရလို့ပေါ့

    ReplyDelete
  3. ကဗျာဆရာဖြစ်ဖို့  ..
    ကဗျာတွေလိုမလားဗျ ..

    ခင်မင်လျှက်
    အုပ်ကြီး

    ReplyDelete