အွန်လိုင်း ဖျော်ဖြေရေး ချယ်နယ်လ် တစ်ခုဖြစ်တဲ့ SBTV ရဲ့ အစီအစဉ်များကို ထုတ်လွှင့်ဖို့ အချိန် ကျရောက်လာ ခဲ့ပြန်ပါပြီ ခင်ဗျန်။ ဒီနေ့ အစီအစဉ်များကို တာဝန်ယူ တင်ဆက်သူများ အနေနဲ့ ကတော့ ထုံးစံအတိုင်း ကျွန်တော် “သူရဿဝါ” နဲ့ ကျွန်မ “တခါတခါလှတဲ့ ဝါဝါမ” တို့ပဲ ဖြစ်ပါတယ် ခင်ဗျန်။ အခု အချိန်ကစပြီး မျက်စိ နောက်လောက်အောင် အားပေးကြည့်ရှု နိုင်ကြပြီ ဖြစ်ပါတယ် ခင်ဗျန်။
SBTV သတင်းအစီအစဉ်
ခုချိန်ကစပြီး သတင်းများကို စတင်လိမ်ညာ ပါတော့မယ် ခင်ဗျန်၊ အဲလေ.. စတင် ကြေငြာ ပါတော့မယ် ခင်ဗျန်။
သတင်း ခေါင်းစဉ် - တရိပ်ရိပ် အောင်မြင်မှုများနှင့် မိုင်စုဘူးဖန်ကလပ် ဘောလုံးအသင်း
သတင်း မစုံမလင်မှာ၊ ဝါသနာရှင် လူငယ်များနဲ့ ဖွဲ့စည်းပြီး ခြေစမ်းပွဲတွေ ကန်နေတဲ့ မိုင်စုဘူး ဖန်ကလပ် ဘောလုံး အသင်းဟာ တဖြည်းဖြည်းနဲ့ နိုင်ပွဲတွေ ရရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ် ခင်ဗျန်။ ပထမဆုံး ပွဲမှာသာ မရမ်းကုန်း မူကြိုအသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး မသန်စွမ်း ဘောလုံး အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ မှာတော့ ဂိုးမရှိသရေ ဖြစ်အောင် ကစားနိုင် ခဲ့ပါတယ် ခင်ဗျန်။ အဲဒီပွဲမှာ ဘီးတပ် ကုလားထိုင်တွေပေါ် ထိုင်ပြီး ကစားသွားတဲ့ မသန်စွမ်း အသင်းကို တစ်ဂိုးမှ မပေးရအောင် အသာစီးကနေ အကြိတ်အနယ် ကစား သွားနိုင်တာ ဖြစ်ကြောင်းလည်း သတင်း ရရှိပါတယ် ခင်ဗျန်။
နောက်ထပ် ခြေစမ်းပွဲ တစ်ပွဲအဖြစ် မျက်မမြင်များ အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ပြီး ထိုပွဲမှာ တိုက်စစ်မှူး ဝိုင်က မျက်မမြင်အသင်း ကစားသမား ကိုးယောက် တိတိကို တခါတည်း လိမ်ခေါက်ပြီး ဂိုးသွင်းယူ ပေးခဲ့တာ ဖြစ်ကြောင်းလည်း သတင်း ရရှိပါတယ် ခင်ဗျန်။ နောက်ဆုံး ယှဉ်ပြိုင် ကစားထားတဲ့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အသင်းနဲ့ ပွဲမှာတော့ တစ်သင်းလုံး ခြေစွမ်းပြပြီး နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ် ခင်ဗျန်။ ပြီးတော့ အသင်းမှာလည်း ခြေစွမ်းခြေစ ရှိတဲ့ ကစားသမားများ ပေါ်ထွန်း လာခဲ့ပြီး ဂိုးသမား ဝေဖြိုးမင်းဆိုရင် သုံးနှစ်တိတိ ဂိုးမပေးရ စံချိန် တင်ထားပြီး အဲဒီသုံးနှစ်လုံးလုံး ၎င်းအနေနဲ့ တစ်ပွဲမှ ဂိုးမဖမ်း ခဲ့ကြောင်း အတုယူဖွယ်ရာ သတင်း ရရှိပါတယ် ခင်ဗျန်။
အသင်းရဲ့ အသန့်ရှင်းဆုံး ကစားသမား ဆုကိုတော့ ကွင်းလယ် ကစားသမား လူလိန်က ရရှိခဲ့ပြီး တစ်ပွဲမှ ဝင်မကစား တဲ့အတွက် အင်္ကျီတောင် ဗွက်မပေခဲ့လို့ ဒီဆုကို ပေးအပ်ခဲ့တာ ဖြစ်ကြောင်းလည်း ဝမ်းမြောက်ဖွယ်ရာ သတင်း ရှိခဲ့ပါတယ် ခင်ဗျန်။ နောက်ထပ် အသင်းရဲ့ ဂိုးသွင်း အများဆုံး ဆုကိုတော့ အသင်း ခေါင်းဆောင် ပင်ဂွင်းက ရရှိခဲ့ပြီး စုစုပေါင်း ကိုးဆယ့်ရှစ် ဂိုးတိတိ ကိုယ့်ဂိုးကိုယ် သွင်းယူနိုင်ခဲ့ တဲ့အတွက် ဒီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ် ခင်ဗျန်။
ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီခင်ဗျန်။
SBTV ရုပ်ဆိုးဉာဏ်ပယ် စုဘူးမယ်ရွေးပွဲအစီအစဉ်
ဒီတစ်ခေါက် တင်ဆက်ပေးမယ့် အစီအစဉ် လေးကတော့ ရုပ်ဆိုးဉာဏ်ပယ် စုဘူးမယ် ရွေးပွဲလေးပဲ ဖြစ်ပါတယ်ရှန်။ သူများတွေက အလှမယ်တွေ ရွေးနေကြတာကို ကြည့်ပြီး ရိုးလာတာမို့ အသစ်အဆန်း ဖြစ်သွားအောင် ဒီပွဲကို စီစဉ် ကျင်းပရခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို စပုန်ဆာ ပေးထား တာကတော့ ဂျစ်တူးနှင့် သမီးများ အိမ်သာကြွေခွက် တပ်ဆင်ရေးကပဲ ဖြစ်ပါတယ်ရှန်။ ဒီအစီအစဉ်ရဲ့ အမည်အတိုင်း ရုပ်လည်းဆိုး၊ ဉာဏ်လည်းတိမ်တဲ့ ပြိုင်ပွဲဝင်ကို ရွေးခြယ် ဆုပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြိုင်ပွဲဝင်စံနှုန်း ပြည့်မီတယ်လို့ ယူဆပြီး ပြိုင်ပွဲဝင် လာကြသူ တွေကတော့ နိုနို၊ ပန်းအိခင်၊ ပန်းခေတ်နဲ့ မီးသနပ်တို့ပဲ ဖြစ်ကြပါတယ်ရှန်။ ဒိုင်လူကြီးများ အနေနဲ့ မငယ်နဲ့ အိုင်ရွန်နီတို့က အမှတ်ပေး သွားကြမှာ ဖြစ်ပါတယ်။
ပထမဆုံး ပြိုင်ပွဲဝင်မယ့် သူကတော့ မန္တလေးကနေ သရဲလာခြောက်တဲ့၊ အဲလေ.. ပြိုင်ပွဲဝင် လာတဲ့ နိုနိုပဲ ဖြစ်ပါတယ်ရှန်။ သူ့ရဲ့ ပြိုင်ပွဲဝင် ပုံစံကတော့ “ဘီလူး သွားခေါ” ဖြစ်ပါတယ်။ သူက ရှေ့သွား နှစ်ချောင်းနဲ့ ပြူးပြတယ်၊ အဲလေ.. ပြုံးပြတယ်။ ဘီလူးရုပ် ပေါက်အောင် ပါးစပ် ဖြဲပြတယ်။ ဒိုင်လူကြီး တွေကလည်း အမှတ်ပေးဖို့ ကြည့်နေပါတယ် ရှန်။ ဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ မငယ်ကတော့ သိပ်အမှတ် မပေးချင်တဲ့ ပုံပါပဲ။ နင်ရုပ်ဆိုးတာလောက်တော့ ငါက သနားတယ် ဆိုတဲ့ပုံမျိုးနဲ့ နိုနို့ကို ပေစောင်းစောင်း လှမ်းကြည့် နေပါတယ် ရှန့်။
နောက်ထပ် ပြိုင်ပွဲဝင်ဖို့ ထွက်လာတာ ကတော့ မကွေးကနေ ပြိုင်ပွဲ ဝင်လာတဲ့ ပန်းအိခင် ဖြစ်ပါတယ်။ ဆုရဖို့ ရေပန်းစားသူလေး တစ်ဦးဖြစ်လို့ ရုပ်ကတော့ ပြောစရာ မလိုအောင် ဆိုးပါတယ်။ မျက်လုံးက တောင်တစ်လုံး မြောက်တစ်လုံးပါရှန်။ အဲ.. ပြုံးပြတော့လည်း ငါးခုံးမနဲ့ တူပါတယ်။ မခို့တရို့ မျက်စောင်းလေးနဲ့ ပရိသတ်ကို လှမ်းကြည့်တဲ့အခါ မှာတော့ လေးယောက်လောက် သတိလစ် နေပါပြီရှန်။ ဆုရဖို့ တော်တော်လေးကို နီးစပ် နေပါတယ်ရှန်။ ဟော.. နောက်တစ်ယောက် ကတော့ ပန်းခေတ်ပါ။ သူကလည်း ဆုရဖို့ အထူးပြင်ဆင် ရုပ်ဆိုး လာတာကို တွေ့ရပါတယ်ရှန်။ သူကတော့ မုန့်ကြိုးလိမ်လိုပဲ လမ်းလျှောက် လာပါတယ်ရှန့်။ ဆံပင် တစ်ချက်ခါပြီး ပရိသတ်ကို လှမ်းကြည့်တဲ့ အခါမှာတော့ ကလေးငိုသံတွေ ထွက်လာပါတယ်။ ဒါနဲ့တင် အားမရသေးဘဲ နှာခေါင်းကို စူပွစူပွလုပ်ပြီး ဟန်ရေးပြနေ ပါသေးတယ်ရှန်။
နောက်ဆုံး ပြိုင်ပွဲဝင်ဖို့ ထွက်လာတာကတော့ မီးသနပ် ဖြစ်ပါတယ်။ သူကတော့ ဆံပင် ဖားလျားချပြီး ထွက်လာပါတယ်ရှန်။ ပရိသတ် ရှေ့ရောက်လို့ ဆံပင်သပ် တင်လိုက်တဲ့ အခါကျတော့ ပရိသတ်ထဲက အန္တရာယ်ကင်း ဂါထာရွတ်တဲ့ အသံတွေ ထွက်လာပါတယ် ရှန့်။ ဒါနဲ့တင် အားမရသေးဘူး။ ပရိသတ်ကို ပြုံးပြပါသေးတယ် ရှန့်။ သူ့ရဲ့ တစ်ချောင်းကျော် ပေါက်နေတဲ့ သွားအလှကို ပြလိုက်တဲ့ ဒဏ်ကို ဒိုင်လူကြီး အိုင်ရွန်နီတောင် မခံနိုင်ပါဘူး။ ပါးစပ်ကို ထပ်ဟပြီး ”ဟီဟိ” လို့ ရယ်ပြလိုက်တဲ့ အခါမှာတော့ ပွဲကြည့် ပရိသတ်အားလုံး အပြင်ကို အလုအယက် ထွက်ပြေး ကြပါတယ်ရှန်။
ခုဆို ပြိုင်ပွဲဝင်များရဲ့ ယှဉ်ပြိုင်မှု ပြီးဆုံးသွားလို့ ဒိုင်လူကြီးတွေ အမှတ်တွက် နေပါတယ်။ အမှတ်တွေကို ကြေငြာတဲ့ အခါမှာတော့ နောက်ဆုံး ဆန်ကာတင်အဖြစ် မီးသနပ်နဲ့ ပန်းအိခင်တို့ ကျန်ရစ်ခဲ့ပါတယ် ရှန့်။ သူတို့ နှစ်ယောက်ကို ဉာဏ်စမ်း မေးခွန်းလေး မေးပြီး ဉာဏ်တိမ်တဲ့သူကို ဆုပေးမှာ ဖြစ်ပါတယ်ရှန်။ ခုဆို ဒိုင်လူကြီး မငယ်က မေးပါပြီ။
“တစ်ပြီးရင်
နှစ်လာပါတယ်။ နှစ်ပြီးရင် သုံးလာပါတယ်။ သုံးပြီးရင်ဘာဖြစ်မလဲ”
မီးသနပ်က
ကမန်းကတမ်း ထဖြေပါတယ် ရှန်။ “သုံးပြီးရင် ကုန်ပါတယ် ရှန်”တဲ့။ ဒိုင်လူကြီး မငယ်က လက်ခုပ်တီးပါတယ်။
ပန်းအိခင် ဖြေစရာ မလိုတော့ပါဘူးတဲ့။ မီးသနပ်သာလျှင် ရုပ်လည်းဆိုး၊ ဉာဏ်လည်း တော်တော်
တိမ်တဲ့အတွက် ဒီပွဲရဲ့ အငြင်းပွားစရာမရှိ ရုပ်ဆိုးဉာဏ်ပယ် စုဘူးမယ်ဘွဲ့ကို အပ်နှင်းလိုက်ပါတယ်ရှန်။
ဆုရတဲ့ မီးသနပ်ကို စပုန်ဆာ ပေးထားတဲ့ ကိုဂျစ်တူးတို့က စပယ်ရှယ် အိမ်သာ ကြွေခွက်ကြီး
လက်ဆောင် ပေးလိုက်ပြီး အစီအစဉ်လေးကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ရပါတယ် ရှန်။
SBTV သွက်လက်လှုပ်ရှားအားကစားအစီအစဉ်
SBTV ကနေပြီးတော့ သွက်လက်လှုပ်ရှား အားကစား အစီအစဉ်လေးကို တင်ဆက်ပေး ပါဦးမယ် ခင်ဗျန်။ ဒီအစီအစဉ်လေးမှာ ခေါင်းခါးခြေလက် တကိုယ်ရည် လေ့ကျင့်ခန်းလေး တွေကို သရုပ်ပြ တင်ဆက်ပေးမယ့် သူကတော့ နာမည်ကျော် မော်တော်ဘုတ်၊ အဲ… နာမည်ကျော် မော်ဒယ်လ်လေး ဆုအဉ္ဇလီဆင့်ပဲ ဖြစ်ပါတယ် ခင်ဗျန်။
ခုဆို ဆုအဉ္ဇလီဆင့် ခေါင်းလေ့ကျင့်ခန်းကို အရင်စလုပ်တယ်။ ခေါင်းကို ဘယ်ဘက် လှည့်ကြည့်တယ်။ ရှေ့တည့်တည့် ပြန်လှည့်တယ်။ ပြီးတော့ ညာဘက် လှည့်တယ်။ ဘယ်လှည့်တယ်။ ညာလှည့်တယ်။ ဟိုလှည့်ဒီလှည့် လုပ်ပြီး လမ်းပေါ်ကျနေတဲ့ နှစ်ရာတန်ကို ပြေးကောက်ပါတယ် ခင်ဗျာ။ ဆက်ပြီးတော့ ခြေသလုံး ကြွက်သားတွေ တင်းမနေအောင်လို့ ဆိုပြီး ခြေထောက် လေ့ကျင့်ခန်း ဆက်လုပ်ပါတယ် ခင်ဗျ။ ဘက်ဘက် ခြေထောက်ကို မြှောက်ပြီး ညာဘက် ခြေထောက် တစ်ချောင်းတည်းနဲ့ ခြေတပေါင်ကျိုး ရပ်တယ်။ ပြီးတော့ ညာဘက် ခြေထောက် ထပ်မြှောက်ပြီး ဘယ်ဘက်နဲ့ ခြေတပေါင်ကျိုး ရပ်တယ်။ ထပ်ပြီးတော့ ညာဘက်နဲ့ ခြေတပေါင်ကျိုး ရပ်တယ်။ ဘယ်ဘက်နဲ့ ခြေတပေါင်ကျိုး ရပ်တယ်။ ခြေတစ်ပေါင်ကျိုး ရပ်ပြီးတော့ ခြေနှစ်ပေါင်ကျိုး ဆက်ရပ်တယ်။ လဲသွားပါပြီ ခင်ဗျာ။ နောက်ပြီးတော့ ထိုင်ထ လေ့ကျင့်ခန်းကို ဆက်လုပ်ပြန်တယ် ခင်ဗျာ။ ထိုင်တယ်။ ပြန်ထတယ်။ ပြန်ထိုင်တယ်။ ပြန်ထတယ်။ ပြန်ထိုင်တယ်။ လေးဘက်ထောက်တယ်။ တွားသွားတယ်။ အဲလေ.. ယောင်ကုန်ပြီ။ ခုဆိုရင် ရှေ့ကနေ နာမည်ကျော် မော်ဒယ်လ်လေး ဆုအဉ္ဇလီဆင့်က ကို့ရို့ကားရား လုပ်ပြနေ တဲ့အတွက် နောက်က ခွေးတစ်ကောင်က မျက်စိနောက်ပြီး ဝင်ဆွဲတဲ့အတွက် အစီအစဉ် ဒီမှာတင် ပြီးဆုံးပါတယ် ခင်ဗျန်။
SBTV ထင်တာဗျူးအစီအစဉ်
ဒီတစ်ခါ SBTV ထင်တာဗျူး အစီအစဉ်ကနေ သွားရောက် တွေ့ဆုံပြီး ထင်တာဗျူး ဖြစ်ခဲ့သူ ကတော့ 2b@dslow အင်တာနက်ဆိုင် ပိုင်ရှင် ကိုဆိုးလ်ကေလာပဲ ဖြစ်ပါတယ်။
SBTV - ကိုဆိုးလ်ကေလာရဲ့ ဆိုင်နာမည် ပေးထားပုံလေးကနေ စပြောကြ ရအောင်လား။ ဆိုင်နာမည်လေးက ဆန်းတယ်နော်။ ဘာကြောင့်များ ဒီနာမည်ကို ပေးဖြစ်ခဲ့တာပါလိမ့်။
ဆိုးလ် - ကျွန်တော့် ဆိုင်နာမည်က တစ်လုံးချင်းကို အဓိပ္ပါယ် ရှိပါတယ် ခင်ည။ ပြီးတော့ အမှန်အတိုင်းလည်း ကြေငြာထားတာ ဖြစ်ပါတယ်။ 2 ဆိုတာက နှစ်ခုစလုံးတဲ့။ b@d ကတော့ ဆိုးတာပါ။ slow ကတော့ နှေးကွေးတာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးလုံးပေါင်းရင် ဆိုးရွားသော စက်များနှင့် နှေးကွေးသော ကော်နက်ရှင် နှစ်ခုစလုံး ပြည့်စုံသောဆိုင် ဖြစ်ပါတယ်လို့ ဆိုလိုတာပါ ဟဲ ဟဲ။
SBTV - အစ်ကို့ဆိုင်ရဲ့ Customer Service အတွက်ရော ဘယ်လို စီစဉ်ပေးထား ပါသလဲ။
ဆိုးလ် - ကျွန်တော်က အရမ်းကို အကွဲမြင်၊ အဲလေ.. အကွက်မြင်ပါတယ် ခင်ည။ သူများတကာ ဆိုင်တွေလို User တွေ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ Air Con ဖွင့်မထားပါဘူး။ အေးတာ မကြိုက်တဲ့ သူတွေ ဒီအတိုင်း ထိုင်လို့ ရပါတယ်။ အေးတာ ကြိုက်တဲ့သူတွေ အတွက်တော့ ယပ်တောင် တစ်ချောင်းစီ ပေးထားပါတယ် ခင်ည။ ပြီးတော့ User တွေ ခြင်မကိုက်အောင်လည်း နောက်ကနေ အချိန်ပြည့် မှိုင်းတိုက် ပေးထား ပါတယ်ခင်ည။
SBTV - အခု အစ်ကို့ဆိုင် တစ်နှစ်ပြည့် အနေနဲ့ ဒေဝါလီခံဖို့၊ အဲလေ.. အထူး ပရိုမိုးရှင်း လုပ်ပေး ထားတယ်လို့ သိရပါတယ်။ ဘယ်လိုများပါလဲ။
ဆိုးလ် - ဟုတ်ကဲ့၊ ဆိုင်မှာသုံးတဲ့ User တိုင်းကို တစ်နာရီသုံးရင် ဗိုင်းရပ်စ် ငါးကောင်နှုန်း လက်ဆောင် ပေးပါတယ်။ နောက်ပြီး တစ်နာရီ သုံးတာနဲ့ နောက်ထပ် နှစ်နာရီတိတိ လက်ဆောင် ထပ်ပေး ပါတယ်။ ဒီတော့ တစ်ခါလာရင် နောက်ဆုံးပေါ် ဗိုင်းရပ်စ် ဆယ့်ငါးကောင် သယ်ပြီး အိမ်ပြန် သွားလို့ ရအောင် စီစဉ်ပေးထား ပါတယ်။
SBTV - တစ်နာရီသုံးရင် နောက်ထပ် နှစ်နာရီ လက်ဆောင် ပေးတယ်ဆိုတော့ တော်တော် တန်တာပဲနော်။ ဘာဖြစ်လို့များပါလိမ့်။
ဆိုးလ် - ဟီး ဟီး ဒါကဒီလိုပါ။ ကျွန်တော့်ဆိုင်ရဲ့ “Error သာလာပါ။ Connection ခေါ်မလာပါနဲ့” ဆိုတဲ့ မူအရ အသုံးပြုချိန် တစ်နာရီနဲ့ ဆယ့်ငါးမိနစ်နေမှ ကော်နက်ရှင် စတက် ပါတယ်။ တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ် ကြာမှ GTalk လေး စတက် လာပါတယ်။ အဲ.. Gmail, Gtalk နဲ့ တခြား Website အားလုံး တပြိုင်တည်း သုံးလို့ရတဲ့ အချိန်မှာ နှစ်နာရီနဲ့ မိနစ်ငါးဆယ် ဖြစ်နေပါပြီ။ သုံးနာရီပြည့်တဲ့ အချိန်မှာတော့ ကွန်ပျူတာက Window ပါ ကျသွားပါတော့တယ်။ ဒါကြောင့် ဒီလိုလေး စီစဉ်ပေး ထားရတာ ဖြစ်ပါတယ်။
SBTV - ဟုတ်ကဲ့ အစ်ကို့ဆိုင်က ဒီလောက်တောင် ဆားဗစ် ပေးထားတာ ဆိုတော့ ဝင်ငွေ သိပ်ကောင်းမှာ ပေါ့နော်။ တစ်နေ့ကို ဝင်ငွေ ဘယ်လောက် ရှိပါသလဲ။
ဆိုးလ် - အင်း.. တစ်နေ့ကို ထောင့်ငါးရာ နှစ်ထောင်တော့ ခပ်မာမာ ဝင်ပါတယ် ဟဲဟဲ
SBTV - ဟင်.. ဘယ်လို ဖြစ်လို့လဲဟင်
ဆိုးလ် - ဟုတ်ကဲ့ ရှင်းပြပါမယ်၊ ဟိုဘက်ခြမ်းက စက်အလုံး သုံးဆယ်က.
SBTV - အော်.. အသစ်ဝယ်ထားတယ်လား..
ဆိုးလ် - ဟုတ်ဘူးဗျ.. ပျက်နေလို့ ဒီအတိုင်း ထားထားတာ.. အဲ.. ဒီဘက်ခြမ်းက ဆယ့်ငါးလုံး ကျတော့ Ctrl ရယ် Alt ရယ် Delete ရယ်ပဲ နှိပ်လို့ရတယ် ခင်ည။ ဟီး.. အဲ.. ဒီမှာကျန်တဲ့ နှစ်လုံးထဲက တစ်လုံးကတော့ Network ကြိုး ကြွက်ကိုက် ထားလို့ သုံးမရပါဘူး။ ဒီတော့ တစ်ဆိုင်လုံးမှာ Server တစ်လုံးနဲ့ User တစ်လုံး ပေါင်းနှစ်လုံး တိတိပဲ သုံးလို့ရပါတယ် ဟဲဟဲ။
SBTV - ခုလို စိတ်ညစ်စရာ ကောင်းလောက်အောင် ဖြေကြား ပေးသွားတဲ့ ကိုဆိုးလ်ကေလာကို ကျေးဇူး အထူးတင်ပါတယ်။ အစ်ကို့ရဲ့ဆိုင်လည်း ဒီထက် ဒီထက်ပိုပြီး အောင်မြင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ရှန်။
SBTV ကြော်ငြာအစီအစဉ်
အညောင်းကောင်းကောင်းပြေဖို့ ၃ ဆက်ရှင် အချိန်ယူရပါတယ်
ချက်ချင်း ပြန်မထပါနဲ့
ဇိမ်ခံပြီးမှိန်းနေပါ။
SBTV တေးဂီတအစီအစဉ်
ဒီတစ်ခေါက် တေးဂီတ အစီအစဉ်အတွက် သီဆိုဖို့ အလှည့်ကလာတာ ကတော့ အီးမုန့် အဆိုတော်လေး၊ အဲလေ.. အီမို အဆိုတော်လေး တေထူးလေ ဖြစ်ပါတယ် ခင်ဗျန်။
“နှစ်ယောက်တည်းပဲ
နေချင်ပြီ မင်းက ပြောတော့ ငါမုန့်ဟင်းခါး ရောင်းပြီး လက်ထပ်ပြမှ နင် ပျော်မှာပေါ့၊
မင်းစားချင်နေတာ ဘာကြော်နဲ့လဲ၊ မိုးလောက်ကြီးတဲ့ မုန့်ဟင်းခါးအိုးကြီး မွှေပါပြီဟေ့၊
အုန်းနို့ ခေါက်ဆွဲဆို ငါးဖယ်ထည့်မယ် ဟိုနားဒီနားကို သွားရင် ပါဆယ်လေးနဲ့၊ မင်္ဂလာဆောင်ကို
ရွှေ့လိုက်တော့ ငါ့ မုန့်ဟင်းခါး ရောင်းမယ့် အချိန်ကို စောင့်လိုက်ပါတော့”
နောက်ထပ်သီဆိုဖို့
အလှည့်ကျလာ သူကတော့ တေးအိန္ဒြာသံပဲ ဖြစ်ပါတယ်။ ရှုစား မောင်းထုတ်တော်မူ၊ အဲ.. ရှုစား
အားပေးတော်မူကြပါဦး ရှန်။
“ဘယ်လို
ဖြေရမလဲ.. ဘာမှ မရတဲ့ဘဝ.. ဘယ်လိုခိုးမလဲ အတိအကျ မသိတဲ့ တေးသံလေးရဲ့ ဒုက္ခများ.. စာရွက်
အပိုင်းအစများ အကုန် သိမ်းတာခံရ.. တစ်ချိန်လုံး ငါ့ရဲ့အနားမှာ ဆရာမ တစ်ယောက် လာရပ်
စောင့်နေတယ်”
နောက်ဆုံးအနေနဲ့
သီဆိုဖျော်ဖြေပေးမယ့် သူကတော့ မီးစိုင်းခမ်းပူပဲ ဖြစ်ပါတယ်။
“ရေချိန်လွန် ခွက်ပုန်းအုပ် ပြီးတဲ့အခါ.. ကျွန်တော်ပူပူ.. ပလက်ဖောင်း ခေါင်းအုံးအိပ်ကာ.. ညလေး တစ်ညမှာ ပုဆိုးကျွတ်နေရှာ.. အရက် သောက်စရာ လေးငါးရာလည်း မပေးကြပါ.. တွေ့သမျှ ထမီခိုးပြီး အရက်လဲ သောက်ရရှာ မြို့မေတ္တာ တုံးတဲ့ငတိဟာ.. သား မီးပူပါ”
SBTV နောက်တစ်နေ့အစီအစဉ်
SBTV ရဲ့ နောက်တစ်နေ့ အစီအစဉ်များကို ဉာဏ်နီဉာဏ်နက် ထွက်ရင် ဆက်လက် ထုတ်လွှင့်မှာဖြစ်ပြီး မထွက်ရင်တော့ ပင်စင်ပေးထားမှာ ဖြစ်တဲ့အကြောင်း ကြိုတင် ကြေငြာ လိုက်ရပါတယ် ခင်ဗျန်။
သူရဿဝါ
၀၃ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment