ကျွန်တော့်မှာ (ထုံးစံအတိုင်း ပြောရရင်) သိပ်ချစ်ရတဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်။ သူက ပေကပ်ကပ်နိုင်တဲ့ ကောင်မဆိုးလေးပေါ့။ ကျွန်တော် ဆိုးတာထက်ကို သူက အဆ ၂၀ တိတိ ဆိုးပါတယ်။ ဘယ်လို ဆိုးလဲတော့ မမေးကြနဲ့ ပေါ့ဗျာ။ ကိုယ့်ရည်းစား မကောင်းကြောင်းကို ကျွန်တော်က ဘာလို့ ပြောရ မှာလဲနော့။ ကျွန်တော်နဲ့ မကြိုက်ခင် ကတည်းက ကျွန်တော်က သူ့ကို လန့်ပါတယ်။ စဉ်းစားကြည့်လေ။ ကျွန်တော့်ကို ပြန်ကြိုက်မယ်တဲ့။ ဒါပေမဲ့ သူက ကျွန်တော့် “ကိုကို” လုပ်ပြီး ကျွန်တော်က သူ့ရဲ့ “ဝါ” လုပ်ရမယ် တဲ့ဗျာ။ မလန့်ဘဲ နေမလား။ သူများ တွေကို အမြဲတမ်း ကြပ်လာခဲ့တဲ့ ကောင်က သူနဲ့ ပထမဆုံး စတွေ့တဲ့ နေ့မှာတင် လိမ့်နေအောင် ခံရပါတော့တယ်။ အဲဒီ အကြောင်း စဉ်းစား မိရင်လည်း ရယ်ချင်တယ်။
အဲဒီနေ့က သူနဲ့ ကျွန်တော်နဲ့ အပြင်မှာ တွေ့ဖို့ ပထမဆုံး ချိန်းကြတယ်။ သူတို့ အိမ်နားက ကားမှတ်တိုင် ရှေ့မှာ တွေ့ကြမယ်ပေါ့။ ချိန်းထားတဲ့ အချိန်ထက် ၁၅ မိနစ်လောက် ကြိုပြီး အဲဒီ မှတ်တိုင်ကို ကျွန်တော်က ရောက်နေပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့် ဘယ်ဖက် ဘေးက ကောင်မလေးက သူနဲ့ တော်တော်ကို တူတာ။ ဒါပေမဲ့ ကျွန်တော်က သူ့ကို ဓာတ်ပုံပဲ မြင်ထား ဖူးတော့ ဟုတ်မဟုတ် မသေချာဘူး။ ဇဝေဇဝါနဲ့ပဲ အကဲခတ် ရပါတယ်။ အဲလို အကဲခတ် နေရင်း ဘာထပ်ဖြစ်လဲ ဆိုတော့ ကျွန်တော့် ညာဖက်ကို ထပ်ရောက်လာတဲ့ ကောင်မလေး ကလည်း ဓာတ်ပုံ ထဲကလို ပုံစံမျိုးပါပဲ။
နှစ်ယောက်လုံးက သူနဲ့ တူနေတော့ ကျွန်တော် ဒုက္ခရောက် တာပေါ့။ ဘယ်ပြေး ရမလို၊ ညာပြေး ရမလိုနဲ့ ရှာပုံတော် မင်းသားကြီးလည်း ဗျာများရ ပါတော့တယ်။ ပိုဆိုးတာက အဲဒီ ကောင်မလေး နှစ်ယောက်လုံး ကလည်း ကျွန်တော့်လိုပဲ တစ်ယောက်ယောက်နဲ့ ချိန်းထားလား မသိ ပါဘူးဗျာ။ ဟိုကြည့် ဒီကြည့်နဲ့ ဂနာမငြိမ်ဘူး။ အဲ.. ဘယ်ဖက်က ကောင်မလေး ကတော့ နည်းနည်း ပိုသေချာတယ်။ ဘာလို့လဲ ဆိုတော့ သူကလည်း ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေ တာကိုး။ ညာဖက်က ကောင်မလေးကို ကျတော့လည်း သံသယရှိတဲ့ စာရင်း ထဲကနေ ထုတ်ပစ်လို့ မရပြန်ဘူး။ ကျွန်တော် ကလည်း နှစ်ယောက်လုံးကို သွားမခေါ် ရဲတော့ အလယ် ကနေပဲ တိတ်တိတ်လေး စူးစမ်းရ တော့တာပေါ့။ စိတ်ထဲ ကလည်း စဉ်းစား နေမိတယ်။
“အင်း.. ညာဖက်က ကောင်မလေးက နည်းနည်း ဝတယ်၊ သူများ ဖြစ်နေရင် ငါတော့သွားပြီ၊ အဲ.. ဘယ်ဖက်က ကောင်မလေး ကျတော့လည်း အရပ်က ပုပုလေး၊ သူနဲ့ ဆိုလည်း မတော်ဘူး.. အဲ.. အဲ.. မဖြစ်ဘူး”
ဆိုပြီးတော့ ပေါ့လေ။ ချိန်းထားတဲ့ အချိန်ကလည်း ဆယ့်ငါး မိနစ်လောက် ကျော်လာပြီ။ ဘယ်ရော၊ ညာရော နှစ်ယောက်လုံး ကလည်း ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ အဲဒီမှာတင် ကျွန်တော် အကြံကောင်း တစ်ခု ရပါတယ်။ ကျွန်တော့်မှာက သူ့ကိုပေးဖို့ တိပ်ခွေ တစ်ခွေ ပါလာ တယ်လေ။ သူ့ကို ချိန်းတော့လည်း အဲဒီအခွေ ပေးမယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ချိန်းခဲ့တာကိုး (တကယ်တော့ အခွေပေး ချင်တာက နည်းနည်းပါ၊ ဟဲဟဲ.. သိတယ် မဟုတ်လား)။ ဒီကောင်မလေး နှစ်ယောက်ထဲက တစ်ယောက်ယောက် ကတော့ ဒီအခွေကို မြင်ရင် ကျွန်တော်မှန်း သိပြီး ခေါ်မှာပဲ ပေါ့လို့ တွက်လိုက်တယ်။ အဲဒါနဲ့ပဲ လွယ်အိတ် ထဲကနေ အခွေကို ထုတ်လိုက်တယ်။ ပြီးတော့ အခွေကို ဘယ်ဖက်လက်က ကိုင်ပြီး ပျင်းကြော ဆန့်သလို ဘာလိုလိုနဲ့ ဘယ်ဖက်ခြမ်းက ကောင်မလေး မြင်သာအောင် လက်ကို ဆန့်လိုက် ပါတယ်။ ပြီးတော့ တဆက်တည်း အခွေကို ညာဖက် ပြောင်းကိုင်ပြီး ညာဖက်ကို တစ်ခါ ဆန့်ရပါတယ်။ အဲဒါလည်း ဘာမှမထူး ပါဘူးဗျာ။ တစ်ယောက် မှလည်း ထူးခြားတဲ့ အမူအယာ မပြဘူး။ ဘေးက လူတွေ ကသာ ကျွန်တော့်ကို ဟိုဖက် လက်မြှောက်လိုက်၊ ဒီဖက် လက်မြှောက်လိုက်နဲ့ ရူးနေတယ်လို့ ထင်ကုန် ကြတာ။ ကျွန်တော်လည်း တွေးမိ ပါတယ်။
“အင်း.. သူမြင်ရဲ့သားနဲ့ ရှက်လို့များ မခေါ်တာလား”
ပေါ့။ အဲဒါနဲ့ ဗျူဟာ တစ်မျိုး ထပ်ပြောင်းဖို့ ကြံရပါ တော့တယ်။ ပထမ စဉ်းစား မိတာက နှစ်ယောက်လုံးကို တစ်လှည့်စီ ပြုံးပြလိုက်ရင် ကောင်းမလားလို့။ ဒါပေမဲ့ အဲဒီအကြံကို လက်လျှော့လိုက် ရပါတယ်။ တော်ကြာ နှာဘူးကြီးလို့ ပတ်ဝန်းကျင်က ထင်ကုန်မှာ စိုးလို့လေ။ ဒါနဲ့ နောက်တစ်မျိုး ထပ်စဉ်းစားတယ်။ ဘယ်လိုမှ စဉ်းစားမရဘူး။ နောက်ဆုံး
“ဖြစ်ချင်ရာ ဖြစ်ကွာ၊ ကောင်းသူထိပ် မကောင်းသူ ထိပ်ပဲ၊ နံကြား ထောက်ပြီး ရွေးမယ်၊ ကျတဲ့သူကို စကားသွား ပြောပစ်မယ်”
လို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ် ပစ်လိုက်တယ်။ အဲဒါနဲ့ နံကြား ထောက်ဖို့ ပြင်နေတုန်းမှာ ကံကောင်းစရာ တစ်ခု ဖြစ်လာပါတယ်။ အဲဒါကတော့ ညာဖက်ခြမ်းက ကောင်မလေးက ဘတ်စ်ကားပေါ် တက်သွား တာပါပဲ။ အင်း.. ဒါဆို ဒီကောင်မလေး မဖြစ်နိုင်တာ သေချာသွားပြီ။ ဘာလို့လဲ ဆိုတော့ သူက ဒီနားမှာတင် နေတာ။ ဘတ်စ်ကားပေါ် တက်သွားတယ် ဆိုကတည်းက မဟုတ်တာ သေချာပြီ။ ဒါဆို.. ဒါဆို.. ဘယ်ဖက်က ကောင်မလေးပဲ ဖြစ်ရမယ်။ ချိန်းထားတဲ့ အချိန် ကလည်း နာရီဝက် နီးပါး ကျော်နေပြီ။ အဲဒီ ကောင်မလေး ကလည်း နာရီကို ကြည့်လိုက်၊ ကျွန်တော့်ကို ကြည့်လိုက်၊ လမ်းမပေါ် ကြည့်လိုက်နဲ့။ ဟား ဟား ကျိန်းသေ သွားပြီ။ သူပဲ ဖြစ်ရမယ်။ ဒါနဲ့ ကွန်တော် သူ့ကို စကားပြောဖို့ အနားကပ် သွားလိုက်တယ်။ အဲဒီ ကောင်မလေး ဒီဖက်ကိုလည်း လှည့်လာရော ကျွန်တော်က လက်ဦးမှု ယူပြီး ပြုံးပြလိုက် တာပေါ့။ ပြီးတော့ သူ့ကို တဆက်တည်း မေးလိုက်တယ်။
“ဟိုလေ.. ဟို.. ချမ်းလားဟင်”
လို့။ (ကျွန်တော်က သူ့ကို ချမ်းလို့ ခေါ်နေကျကိုး)။ အဲဒီမှာတင် ပြဿနာ တက်တော့တာ ပါပဲဗျာ။ ပထမတော့ အဲဒီကောင်မလေး ကြောင်သွားပုံ ရတယ်။ ပြီးလည်း ပြီးရော.. ကျွန်တော့်ကို ဘုကြည့်, ကြည့်ပြီး ပြောတော့တာပဲ။
“ဘာလို့ ချမ်းရမှာလဲ၊ ဒီလောက် ပူအိုက် နေတာကို၊ တကတည်း.. စကားမရှိ စကားရှာပြီး လူကို အကြောင်လာ ရိုက်နေတယ်၊ ရုပ်ကိုက ပြောင်ချော်ချော် စပ်ဖြီးဖြီးနဲ့.. ဟွန်း..”
တဲ့ဗျာ။ ကျွန်တော့်မှာ အဲဒီနားကပဲ ထွက်ပြေး ရတော့မလို ဖြစ်ပါလေရော။ ဒါပေမဲ့ သူကပဲ အရင် ထွက်သွားပါတယ်။ ဒါတောင် သွားခါနီး ကျွန်တော့်ကို မျက်စောင်း တွေချည်းပဲ လှိမ့်ထိုး သွားတာ ၇၆၅ ခါလောက် ရှိတယ်။ ပါးစပ် ကလည်း ပွစိပွစိ ပြောသွား သေးတယ်။ ကျွန်တော့်မှာ မျက်နှာတွေ ပူလိုက်တာ ပြောမနေ ပါနဲ့တော့။
နောက်ထပ် ငါးမိနစ်လောက် ကြာတော့မှ ကျွန်တော့်ရဲ့ ပေါ်တော်မူလေးက ချီချီကြွကြွနဲ့ ထီးကောက်ကြီး ဆွဲပြီး ကားမှတ်တိုင်ကို ရောက်လာ ပါတော့တယ်။ ဒါတောင် ကျွန်တော်က သူ့ကို မြင်မြင်ချင်း သူမှန်း မသိပါဘူး။ ဓာတ်တိုင်မှာ ကပ်ထားတဲ့ ရောင်ပြန် စတစ်ကာကြီး လွင့်လာတာ များလားလို့ ထင်တာ။ ထင်မှာပေါ့.. သူဝတ်လာတဲ့ အင်္ကျီက ပြောင်ပြောင် လက်လက် ဖြစ်နေ တာကိုး။ အနီးကပ် လာမှ သူမှန်း သိတာ။ ဒီတစ်ခါတော့ မမှားနိုင် တော့မှန်း သေချာ သိလိုက်တယ်။ ဟဲဟဲ.. ကိုယ် ချစ်ရတဲ့ သူပဲ.. ခံစားကြည့် ရုံနဲ့တင် သိတာပေါ့နော် (ဒါက ဖားတာ)။ စတစ်ကာပြားက၊ အဲလေ.. သူက ကွန်တော့်ကို မမြင်သေး ပါဘူး။ ကားမှတ်တိုင် နောက်က အအေးဆိုင်ထဲ ခုန်ဆွ ခုန်ဆွနဲ့ ဝင်သွား ပါတယ်။ ကျွန်တော်လည်း ဘာလုပ် မလဲလို့ ဆက်ကြည့် နေတာပေါ့။ ခဏနေတော့ မုန့်တွေဆွဲပြီး ထွက် လာတယ်။
ဆိုင်ပေါက်ဝ ကနေ အပြင်ကို လှမ်းကြည့်တယ်။ ကျွန်တော် ကလည်း သူ့ကို ပြန်ကြည့် တာပေါ့။ (ရုပ်ရှင်ရိုက် လိုသူများ၊ ဝတ္ထုရေး လိုသူများ.. အဲဒီ မင်းသားနဲ့ မင်းသမီးရဲ့ ဇာတ်ဝင်ခန်းကို အသုံးပြု လိုပါက ခွင့်ပြုချက် တောင်းပါ)။ သေချာပြီ ဆိုတော့ ကျွန်တော် ကလည်း အိုက်တင်နဲ့ သူ့နားကို လျှောက်သွား တာပေါ့။ သူကလည်း ကျွန်တော့်ကို မေးတယ်။
“ဝါ.. လားဟင်”
တဲ့။ တယ်.. “စကားမရှိ စကားရှာပြီး လူကို အကြောင်လာ ရိုက်နေတယ်၊ ရုပ်ကိုက ပေတေတေ မှုန်ကုပ်ကုပ်နဲ့” လို့ ပြန်ပြော လိုက်ရ မကောင်းပဲ ရှိတော့မယ်။ (အဲဒီလိုမျိုး စိတ်တောင် မကူးမိ ပါဘူး.. အဟိ)။ အဲဒီလိုပဲ သူနဲ့ ကျွန်တော် ဇာတ်လမ်း စခဲ့တာပါပဲ။
ခုတော့လည်း သံယောဇဉ်တွေ ပိုတိုးပြီး ဖြတ်ချင် တာတောင် ဖြတ်လို့ မရတော့ပါဘူး၊ အဲ.. မှားလို့.. မချစ်ဘဲနဲ့ကို မနေနိုင် တော့ပါဘူး။ သူနဲ့ ကျွန်တော်နဲ့ စပြီး ကြိုက်ကြ တော့လည်း သူငယ်ချင်းတွေ မသိအောင် တိတ်တိတ်လေး နေကြမလို့ ပါပဲ။ ဘာလို့လဲ ဆိုတော့ အဲဒီ အကြောင်းကို သိရင် မုန့်ကျွေးရမယ့် အောင်သွယ်တွေက သုံးယောက်လောက် ရှိလို့ပါ (ဟိုအကောင်တွေ.. ငါတစ်ခါတည်း ပြောလိုက်ပြီနော် ဟိဟိ)။ ဒါပေမဲ့လည်း ကြော်ငြာအား ကောင်းတဲ့ ဒေဝဒတ်မ (စိုးမိုးအောင်) ရဲ့ အစွမ်းကြောင့် ကြိုက်ပြီး ဘယ်လောက်မှ မကြာဘူး.. အကုန်လုံး နီးပါး သိကုန်ကြတော့ တာပါပဲ။ အခု အချိန်မှာတော့ သူကလည်း ကျွန်တော့်ကိုချစ်၊ ကျွန်တော် ကလည်း သူ့ကိုချစ်နဲ့ နှစ်ယောက်လုံး အစင်းရာတွေ ချည်းပါပဲ၊ အဲ.. နှစ်ယောက်လုံး အဆင်ပြေ နေကြပါတယ် သဗ္ဗူရိသ နွယ်ဝင် သူတော်ဆင် သူတော်ခေါင်း သူငယ်ချင်း အပေါင်းတို့ ခင်ဗျား။
သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com
ရယ္ရတယ္။
ReplyDelete