- ၁ -
မနက်ဖြန် နံနက်ဆိုလျှင် သူသည် အပျော်ဆုံးသူ တစ်ယောက် ဖြစ်နေလောက်ပြီ ထင်သည်။ ထိုမနက်ဖြန် နံနက်ခင်းကို ရောက်ဖို့ သူအချိန် တော်တော်ကြာ စောင့်ခဲ့ရတာ ဖြစ်သည်။ အချိန်ပေါင်း များစွာ စောင့်ခဲ့ရသည်။ အပြုံးပေါင်း များစွာ စောင့်ခဲ့ရသည်။ စကား အခွန်းပေါင်း များစွာ စောင့်ခဲ့ ရသည်။ ထိုသို့ စောင့်စားမှုပေါင်း များစွာ ရင်းနှီးပြီးမှ “မနက်ဖြန်” ဆိုသော အချိန်ကို ရရှိနိုင်ခဲ့တာ ဖြစ်၏။ ထို့ကြောင့်ပင် ရောက်လာမည့် မနက်ဖြန် နံနက်ခင်းကို သူအလွန် မြတ်နိုးရိုကျိုး ပါသည်။ ထိုမနက်ဖြန်တွင် သူအလွန် ချစ်မြတ် ရသော ချစ်သူနှင့် လက်ထပ် မင်္ဂလာ ပြုတော့မည် ဖြစ်သည်။ လူပေါင်းများစွာ တက်ရောက် ကြမည့် မင်္ဂလာပွဲ ကျင်းပရာ မြက်ခင်း စိမ်းစိမ်းသည် ညနေရီ ဆည်းဆာ အလှနှင့် တွဲဖက်၍ သူနှင့် သူ့ချစ်သူကို ကောင်းချီးပေး နေလိမ့်မည်။ သူ့ချစ်သူလေး သည်လည်း သူကိုယ်တိုင် ရွေးခြယ်ဝယ်ယူ ပေးထားသော မင်္ဂလာ ဝတ်စုံနှင့် ကမ္ဘာပေါ်တွင် ထိုညနေ အတွက်တော့ အလှပဆုံး နတ်သမီးလေး တစ်ပါး ဖြစ်နေပေ လိမ့်မည်။ နှင်းဆီပွင့် ဝါဝါလေးများက သူ့ချစ်သူ၏ လှပမှုကို တအံ့တဩ ငေးကြည့်ရှာမည်။ မြက်ခင်းစိမ်း များကလည်း သူ့ချစ်သူကို တင်ဆောင် ထားရသည့် အတွက် ဂုဏ်ယူမည်။ မင်္ဂလာပွဲသို့ တက်ရောက် လာသူများ ကလည်း သူနှင့် သူ့ချစ်သူကို အလွန်ပင် လိုက်ဖက်ညီသော စုံတွဲဖြစ်သည်ဟု တဖွဖွ ချီးကျူး ပြောဆိုနေ ကြလိမ့်မည်။
သူတို့ လက်ထပ်ပြီး သောအခါ သူတို့ နှစ်ဦးသား နေထိုင်ရန် ဝယ်ယူထားသော အိမ်လေးတွင် အတူတကွ နေထိုင်ကြမည်။ နေ့စဉ် သူအလုပ် သွားခါနီးတွင် သူ့ဇနီးသည်အား အနမ်းဖြင့် နှုတ်ဆက် ခဲ့မည် ဖြစ်သလို သူအလုပ်မှ မောမောပန်းပန်း ပြန်လာသော အခါတွင်လည်း သူ့ဇနီးက အမောပြေ အနမ်းတစ်ခု သူ့ကို ပုံမှန်ပေးမည်။ ညနေစာ စားပြီးချိန်တွင် သူတို့နှစ်ဦး လက်ချင်းတွဲ၍ လမ်းလျှောက် ထွက်ကြမည်။ ညဖက် သူကွန်ပျူတာ ရှေ့တွင် ထိုင်ပြီး အလုပ်, လုပ် သောအခါ သူ့ဇနီး ကလည်း သူ့ဘေးမှနေ၍ ကူညီ လိမ့်မည်။ အလုပ်နားရက် များတွင် သူ့ဇနီးကို ခေါ်၍ မြို့၏ လည်ပတ် ချင်စရာ ကောင်းသော နေရာများကို တနေကုန် လျှောက်လည်မည်။ ညနေကျလျှင် ရုပ်ရှင်ရုံတွင် အသစ်လဲသော ကားကို ဝင်ကြည့်မည်။ တစ်ခါတလေ သူတို့ လင်မယား ရန်ဖြစ် ကြမည်။ ပြီးလျှင် သူက ပြန်ချော့မည်။ ပြန်တည့်ကြ သောအခါ ရန်ဖြစ် နေခဲ့သော အချိန်များ အတွက် အစားထိုး၍ တစ်ဦးကို တစ်ဦး ယုယကြင်နာ ကြမည်။ နှစ်အနည်းငယ် ကြာသောအခါ သံယောဇဉ် ထပ်တွယ်စရာ သားသား မီးမီးလေးများ ရရှိလာမည်။ သူ၏ ရင်သွေးများ အတွက် သူကြိုတင် စုဆောင်းထား ရဦးမည်။ ထိုမှ နှစ်များ အတော်ကြာ သောအခါ သူ့ သားသမီးများ အရွယ်ရောက် လာသလို သူတို့ လင်မယားလည်း ဖိုးဖိုးဖွားဖွား ဘဝသို့ ရောက်ရှိလာမည်။ မည်မျှပင် အိုမင်းသွား စေကာမူ သူတို့ ဇနီးမောင်နှံ၏ ချစ်ခြင်းက လျော့ပါး သွားမည် မဟုတ်။
ဖြစ်ချင်တာနှင့် ဖြစ်လာတာ တထပ်တည်း ကျနေသော ဘဝသည် အလွန် ပျော်စရာ ကောင်းကြောင်း အခြားသူများ ကိုလည်း သိစေချင်ပါသည်။ တွေးကြည့်မိ ရုံနှင့်ပင် ပျော်စရာ ကောင်းနေသည် မဟုတ်လား။ ကြည်နူးစွာ တွေးနေရာမှ ရပ်ပြီး အပြင်ထွက်ရန် အဝတ်လဲဖို့ ပြင်ဆင် လိုက်သည်။ သူ့ချစ်သူလေးကို ဝင်ခေါ်၍ မနက်ဖြန် အတွက် လိုအပ်သည် အချို့ကို ဝယ်ယူရန်ပင် ဖြစ်၏။ သူကားကို မောင်း၍ ချစ်သူလေး အိမ်သို့ ထွက်လာခဲ့သည်။
- ၂ -
ကားလမ်းမ ပေါ်တွင် အနီရောင် ကားလေး တစ်စင်း တရိပ်ရိပ် ပြေးနေ၏။ ကားပေါ်မှ လွင့်ကျ လာသော ရယ်သံ လွင်လွင်လေး များသည်လည်း ကားလမ်းမ ပေါ်တွင် ပြန့်ကျဲ ကျခဲ့၏။ သူက ကားမောင်းရင်းမှ တချက် တချက်တွင် ချစ်ရသူလေး၏ မျက်နှာကို လှမ်းလှမ်း ကြည့်မိသလို သူမကလည်း သူ့အား ချစ်မြတ်သော မျက်ဝန်း အစုံဖြင့် ငေးနေရှာသည်။ သူတို့နှစ်ဦး နှုတ်ကသာ စကား သိပ်မပြောကြ သော်လည်း ရင်ထဲတွင်တော့ အပြန်အလှန် ကြည်နူးမှုပေါင်း များစွာဖြင့် မရေမတွက် နိုင်အောင် ချစ်စကားများ ပြောနေကြ ပါသည်။ ယခု သူတို့ ချစ်သူနှစ်ဦး မနက်ဖြန် မင်္ဂလာပွဲ အတွက် လိုအပ်သည် အချို့ကို ဝယ်ယူရန် ကားဖြင့် ထွက်လာ ခဲ့ကြခြင်း ဖြစ်၏။ ကားမောင်း နေရာမှ ညာဖက်လက်ကို စတီယာရင်မှ လွှတ်၍ ဘေးရှိ ချစ်သူလေး၏ လက်ဖမိုးပေါ် ခပ်ဖွဖွလေး တင်ထား လိုက်မိသည်။ ရင်ထဲတွင် ဘယ်တော့မှ မရိုးနိုင်သော ရင်ခုန်ခြင်း တစ်ခုက ခါတိုင်းလိုပင် ဖျတ်ခနဲ။ သူမက သူ့ကို ပြန်လည်၍ ပြုံးကြည့် နေတာလည်း မြင်လိုက်သည်။ သူမ၏ လက်ကလေး တဖက်ကလည်း သူ့လက်ဖဝါးပေါ် ပြန်လည် အုပ်မိုးလာသည်။ သူ ကြည်နူးစွာဖြင့် သူမအား စောင်းငဲ့ ကြည့်ပြီး ပြုံးပြလိုက်သည်။ အခါများစွာ သူပြုံးနေကျ တည်ငြိမ် အေးဆေး၍ နွေးထွေးမှု အပြည့်ပါသော အပြုံးမျိုး။ ခဏလေး.. တကယ့်ကို ခဏလေးပင် ဖြစ်ပါသည်။ သို့သော်.. ထိုခဏလေး အတွင်းတွင်.. ကြိုတင် မမြင်နိုင်ခဲ့သော၊ မထင်မှတ် ခဲ့သော အဖြစ်အပျက် များစွာ ဖြစ်ပျက် သွားခဲ့၏။
ဟိုဖက် လမ်းကြောမှ မောင်းနှင်လာသော ကားကြီး တစ်စီးက ဘရိတ်ပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ သူတို့ ကားလေး၏ ခေါင်းတည့်တည့်ဆီသို့..။ ရှေ့သို့ သူအမြန် ပြန်လှည့်ပြီး ကားကို ဘေးဆွဲချဖို့ ကြိုးစား သော်လည်း မမှီနိုင်လိုက်ပါ။ ထိုခဏလေးသည် သူတို့ နှစ်ဦး၏ မနက်ဖြန်ကို၊ အနာဂတ်ကို၊ ပြီးပြည့်စုံ နေသော အနာဂတ်များကို အဆုံးတိုင် သပ်လျှိုခွဲခြမ်း သွားသည်။ တမလွန် ခရီးသို့ အတူတကွပင် ထွက်ခွာ သွားကြရ သော်လည်း သူနှင့် သူမတို့ အတူဆုံနိုင် ကြရန်မှာ မလွယ်ကူလှပါ။ ကံကြမ္မာ၏ စေရာအောက်တွင် အရာရာ မသေချာ၊ မတည်မြဲ၊ အရာရာ မှုန်ဝါး ဝေးလွင့် နေခဲ့ရပါသည်။
- ၃ -
“အမေ.. ကျွန်တော်တို့ နှစ်ယောက်ကို မင်္ဂလာ ဆောင်ပေးပါ.. ကျွန်တော်တို့ အခုလို ခွဲခွာပြီး မနေနိုင်ဘူး.. ကျွန်တော် သူ့ကို တမ်းတ နေသလို သူလည်း ကျွန်တော့်ကို တမ်းတ နေလိမ့်မယ်.. ကျွန်တော် သူ့ကို နေရာအနှံ့ လိုက်ရှာ နေရသလို၊ သူလည်း ကျွန်တော့်ကို နေရာအနှံ့ ရှာနေလိမ့်မယ်.. ကျွန်တော်တို့က သိပ်ချစ် ခဲ့ကြတဲ့ ချစ်သူတွေပါ အမေ.. ကျွန်တော်တို့ နှစ်ယောက် အသက်ရှင်တုန်း ပေါင်းစည်းခွင့် မရခဲ့ပေမယ့် ဝိညာဉ်ဘဝနဲ့ အရိပ်ချင်းပဲ ဖြစ်ဖြစ် ပေါင်းစပ် ချင်ပါတယ်.. အမေ.. ကျွန်တော် တို့ကို.. ကျွန်တော် တို့ကို..”
ကောင်လေး၏ မိခင်ဖြစ်သူ အိပ်နေရာမှ နိုးလာသည်။ ဒီအိပ်မက် ကိုချည်းပဲ မက်တာ လေးရက် ဆက်တိုက် ရှိပြီ။ သားကို အိပ်မက်, မက်တိုင်း ရင်တွေ နာလှပါသည်။ ခုဆိုလျှင် အိပ်မက်ထဲမှာ သားလည်း နာကျင် နေရတာကို မြင်၍ ပို၍ပင် နာကျင်ကြေကွဲ ရပါသည်။ သား၏ ဆိုးကျိုးများ အားလုံးကို တစ်ယောက် တည်းသာ အစားထိုး ခံယူလိုက် ချင်သော်လည်း သား၏ ဆုံးပါးခြင်း ကိုတော့ မကာကွယ် ခဲ့နိုင်ပါ။ ညသည် မှောင်မြဲအတိုင်း မှောင်နေ၏။
- ၄ -
အမေ.. ကျွန်မတို့ နှစ်ယောက်ကို မင်္ဂလာဆောင် ပေးပါ.. ကျွန်မတို့ အခုလို ခွဲခွာပြီး မနေနိုင်ဘူး.. ကျွန်မ သူ့ကို တမ်းတ နေသလို သူလည်း ကျွန်မကို တမ်းတ နေလိမ့်မယ်.. ကျွန်မ သူ့ကို နေရာအနှံ့ လိုက်ရှာ နေရသလို သူလည်း ကျွန်မကို နေရာအနှံ့ ရှာနေလိမ့်မယ်.. ကျွန်မတို့က သိပ်ချစ် ခဲ့ကြတဲ့ ချစ်သူတွေပါ အမေ.. ကျွန်မတို့ နှစ်ယောက် အသက်ရှင်တုန်း ပေါင်းစည်းခွင့် မရခဲ့ ပေမယ့် ဝိညာဉ်ဘဝနဲ့.. အရိပ်ချင်းပဲ ဖြစ်ဖြစ် ပေါင်းစပ် ချင်ပါတယ်.. အမေ.. ကျွန်မတို့ကို.. ကျွန်မတို့ကို..”
အိပ်ယာမှ အလန့်တကြား နိုးလာရသည်။ ခုတလော ဒီအိပ်မက်ကိုချည်း အိပ်လိုက်တိုင်း မက်နေရ၏။ သမီးကို စိတ်စွဲ၍ပင် မက်သည်လား၊ ဒါမှမဟုတ် သမီးသည် သူ့ကို တကယ်ပင် အိပ်မက်ပေး နေခြင်းလား၊ အတိတ်နိမိတ် တွေလား။ ပေါင်းစည်းခွင့် မရလိုက်သော ချစ်သူနှစ်ဦး အတွက် နာနာကျင်ကျင် ခံစား ရပါသည်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ကောင်လေး၏ မိဘများဆီ ဖုန်းဆက်ရန် လက်ကိုင်ဖုန်း ခလုပ်များကို နှိပ်လိုက်သည်။
- ၅ -
မိုးက ခပ်ဖွဲဖွဲ ရွာကျနေ၏။ ပတ်ဝန်းကျင်က မိုးစက် မိုးပေါက်တို့ ရနံ့ဖြင့် လွမ်းစရာ ကောင်းလှသည်။ ထိုမိုးရေများ အောက်တွင် ပို၍ လွမ်းစရာ ကောင်းသော အခင်းအကျင်း တစ်ခု။ ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ပုံကို ယှဉ်တွဲပြီး မင်္ဂလာ အခမ်းအနား တစ်ခု လှည့်လည်လာခြင်း ဖြစ်လေသည်။ ဘေးတွင်တော့ သူတို့၏ ဆွေမျိုး သားချင်းများ၊ မိဘများ၊ ညီအစ်ကို မောင်နှများ စုံလင်စွာ။ ကောင်လေးနှင့် ကောင်မလေး တို့၏ မင်္ဂလာပွဲပင် ဖြစ်ပါသည်။ ဓာတ်ပုံထဲ တွင်တော့ နှစ်ဦးသား အပြုံး ကိုယ်စီဖြင့်။ မင်္ဂလာပွဲ ဟုသာ ဆိုသော်လည်း မည်သူမျှ ပြုံးရွှင် ပျော်မြူး မနေကြပါ။ အားလုံး မျက်ရည်စ ကိုယ်စီ၊ သံဝေဂ ကိုယ်စီ၊ အလွမ်း ကိုယ်စီ။ လမ်းသွား လမ်းလာများ၊ ထိုအဖြစ်ကို မြင်ကြရသူ၊ သိကြသူ များလည်း စိတ်မထိန်း နိုင်အောင် ဆို့နင့်ကြ ရပါသည်။ သူတို့ နှစ်ဦး၏ ချစ်ခြင်းတရားကို ကရုဏာ သက်ရင်း၊ မြင်ယောင် မှန်းဆရင်း၊ ကြည်ကြည်နူးနူးပင် ကြေကွဲဆွံ့အ နေကြရပါသည်။ သူတို့ တကယ်ပင် ဝိညာဉ်ချင်း ပေါင်းစည်းခွင့် ရမည်လား၊ သေချာသည် ကတော့ သူတို့နှစ်ဦး အသက်ရှင် နေခဲ့စဉ်ကပင် မကွဲကွာ နိုင်လောက်အောင် နှလုံးသားချင်း ပေါင်းစည်း ခဲ့ကြပြီး ဖြစ်၏။ ယခုအချိန် မှစ၍ သူတို့ နှစ်ဦးသည် အလွန် လိုက်ဖက်ညီသော မင်္ဂလာ မောင်နှံ ဖြစ်သည်ဟု အားလုံးက တညီတညွတ်တည်း အသိအမှတ် ပြုလိုက်ကြပြီ ဖြစ်ပါသည်။ ထိုမင်္ဂလာပွဲလေး ကတော့.. မိုးရေတွေ အောက်မှာပင် ဆက်လက် ထွက်ခွာ သွား၏။ မိုးက တဖြည်းဖြည်း သည်းလာ လေသည်။
(ဝန်ခံချက်။ ။ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကို ပြန်လည်မှီငြမ်းရေးသားပါသည်။)
၁၄ - နိုဝင်ဘာ - ၂၀၀၈
Image source; Images.google.com
အင်းအဲလိုဆိုရင်တော့ မပေါင်းဆည်းနိုင်တော့ရင်လဲ ရှိပါစေတော့ :P
ReplyDeleteအမှန်တကယ်ဖြစ်ခဲ့တာလား၊ အံသြစရာပဲနော်။
ReplyDeleteပြီးတော့ အရေးအသားက အရမ်းကောင်းတယ်၊ဖတ်ရင်းနဲမျောသွားတာပဲ။
ဟာ အရမ်းကောင်းတယ်။
ReplyDeleteတော်တယ်ဗျား။
ဖတ်ရင်း ဖတ်ရင်းနဲ့ မျောပါသွားတယ်၊ အရေးအသားနဲ့ အဖွဲ့အနွဲ့က တစ်ပါတည်းဆွဲခေါ်သွားတယ်။ ဇာတ်လမ်းလေးက ကြေကွဲဆို့နင်စရာ ခံစားရလို့ ဖတ်ပြီးရင်ထဲမှာ ငေးမောလှိုက်ဆွေးသွားမိတယ်။ တကယ်ဖြစ်ရပ်မှန်းသိလိုက်ရလို့လည်း ပိုစိတ်မကောင်း ဖြစ်ရတယ်။