Monday, March 24, 2008

ဦးလေးနဲ့ သူ့တူနှစ်ကောင်


သူရဿဝါ အမေ မနေ့ကပဲ ရှမ်းပြည် တက်သွားတယ်။ အဖေ့ဆီ လိုက်သွား တာပေါ့။ အဖေက ရှမ်းပြည်မှာ မြောင်းကူး တံတား.. အဲ.. အဲ.. မြစ်ကူး တံတားကြီး ဆောက်ဖို့ သွားတာလေ။ ခုလောလောဆယ်တော့ တံတားက အဖေ့ကို ပြန်ဆောက် နေလေရဲ့။ အမေ ကလည်း အဲဒါတွေ စိတ်မချလို့ လိုက်သွားတာ။ အမေက သွားခါနီး အိမ်ကို ပြောင်းပြန် လှန်ပစ်မယ့် သူ့သား အလိမ္မာလေး နှစ်ကောင် အကြောင်း သိတော့ သူ့မောင် (အဆိုတော်၊ စာရေးဆရာ၊ သရုပ်ဆောင် ဦးသုမောင် မဟုတ်ပါ) သူရဿဝါရဲ့ ဦးလေးကို အိမ်မှာ စောင့်ပြီး နေပေးဖို့ မှာခဲ့တယ်။ ဒါနဲ့ ဦးလေးလည်း ခေါင်းကုတ် ဖင်ကုတ်၊ ငြီးငြီးငြူငြူနဲ့ အိမ်မှာ နေရရှာတယ်။ သူ့တူနှစ်ကောင် အကြောင်းကို သူက သိတာကိုး။ တဆိတ်ရှိရင် ရက်ပ်စာသားတွေ “ရွှတ် ရွှတ် ရွှတ် ရွှတ်” ရွတ်နေ တတ်တဲ့ အငယ်ကောင်ကို ကြောက်သလို၊ ငြိမ်ငြိမ်လေး နေပြီး လုပ်ချင်တာ လုပ်တဲ့ အေးပွေး အကြီးကောင် ကိုလည်း ကြောက်ရှာ တယ်လေ။

 

“သေပါ သေသွားမယ်.. နားပါ ကားသွားမယ်.. လည်ပင်းပါ အစ်သွားမယ်”

ဆိုပြီး အလန့်တကြား ထအော်တတ်တဲ့ အငယ်ကောင်ကို “အကောက်တောင်က မျောက်မောင်” လို့ ခေါ်သလို၊ သမာဓိရှိရှိ ပွေးတဲ့ သူရဿဝါကို ကျတော့ ကလပ်ဇစ် မောင်ပွေးတဲ့။ ကြောက်ကြောက်နဲ့ ပေးထားတဲ့ နာမည်တွေလေ။ အမြဲတမ်း မနိုင်တဲ့ တူနှစ်ကောင်ကို ဒီတစ်ခါတော့ နိုင်အောင် ကိုင်မယ်ကွ ဆိုပြီး သူလည်း မာန်တင်းထားပုံ ရပါတယ်။ မနေ့ညက သူရဿဝါကို ခေါ်တယ်။ ပြီးတော့ သူ့ရှေ့မှာ ထိုင်ခိုင်းတယ်။ ဒါလောက်ဆို သူရဿဝါ သဘောပေါက်ပြီ။ လက်ချာ ရိုက်တော့မယ် ဆိုတာ။

 

“သား ခဏထိုင်ဦး”

“ဟုတ်”

“မင်းအမေ ကတော့ မင်းတို့ နှစ်ကောင်ကို ငါနဲ့ အပ်သွားပြီ၊ မင်းအမေ ပြန်မလာမချင်း ငါ့စည်းကမ်း အတိုင်း နေဖို့ကြိုးစား”

“ဟား ဟား ဟား ဟား.. နားစမ်းပါကွာ၊ မင်းဖြဲခြောက်တာ လောက်ကိုများ ငါက ကြောက်မယ် ထင်လား၊ ဘွတ်ဘွတ်တောင် မပါချင်ဘူး ဟား ဟား”

“ဘာကွ”

သူပြောမယ်ပဲ ပြင်ရသေးတယ်။ ထဖောက်တဲ့ သူရဿဝါကို ကြည့်ပြီးတော့ ပထမ ကြောင်သွားတယ်။ နောက်ထပ် “ဘာကွ” သွားတယ်။ အဟီး.. မျက်နှာချို ပြန်သွေး ထားဦးမှ။

 

“အော်.. ဟီး.. စာရေးဖို့ ဇာတ်လမ်းကို စဉ်းစားမိပြီး ဈာန်ဝင် သွားတာ ဦးစိုးရဲ့၊ ချောတီး ချောတီးနော်”

“အော်.. ငါပြောတာကို နားမထောင်ဘဲ စိတ်ကူး နယ်ချဲ့နေတယ် ဟုတ်စ၊ မင်းတော့ကွာ.. ငါပြောတာ ဘာတွေလဲ ပြန်ပြောစမ်း”

“အာ.. ဦးစိုးကလဲ၊ ဒီလောက်တော့ မှတ်မိ ပါတယ်ဂျ၊ ဒီလိုလေ.. မင်းတို့ နှစ်ကောင် ကတော့ မင်းအမေကို ငါနဲ့ အပ်သွားပြီ၊ ငါ့စည်းကမ်း ပြန်မလာမချင်း မင်းအမေ အတိုင်းနေဖို့ ကြိုးစား၊ ဟား ဟား.. ဂလောက်တော့ အပျော့ ပါကွယ်”

သူရဿဝါကို စိတ်ပျက် သွားဟန်နဲ့ ကြည့်တယ်။ ပြီးတော့ စိတ်လျှော့ လိုက်တဲ့ ပုံနဲ့ပဲ ဆက်ပြောတယ်။

 

“မင်းအမေ မရှိတဲ့ ကာလ အတွင်းမှာ မင်းတို့ရဲ့ စားရေး သောက်ရေး ကအစ ငါတာဝန် ယူတယ်၊ ငါ့ဖက်က တာဝန် အပြည့် ကျေနေ စေရမယ်၊ မနက် မိုးလင်းတာနဲ့ မနက်စာ စားပွဲ အသင့် ပြင်ပေး ထားမယ်၊ နေ့လယ်စာ.. ညစာ ဘာမှ လိုလေသေး မရှိစေရဘူး၊ အပြင်ထွက်မယ် ဆိုရင် မုန့်ဖိုး ပေးမယ်၊ ရှင်းရှင်း ပြောရရင် ငါမကျေနပ်လို့ အိမ်ပေါ်ကဆင်း ဆိုရင်တောင် မင်းတို့ ဆင်းသွားရမယ်”

“ဟိ.. တကယ်လား”

“ဟေ့ကောင်.. မင်းကတော့ နာတော့မယ်နော်”

“ဟုတ်ဘူးလေ.. ဦးစိုးကလည်း.. မုန့်ဖိုး ပေးမယ် ဆိုတာ တကယ်လားလို့ မေးတာ.. အဟိ”

“အေး.. ပေးမယ်၊ မင်းဖက်ကလည်း အလုပ်က ပြန်လာရင် အိမ်ကို အရင်ဝင်.. ပြီးမှ အပြင်ပြန် ထွက်မယ်ဆို ထွက်လို့ရတယ်.. ဟုတ်ပလား”

“ဟုတ်”

“ပြီးတော့ အိမ်မှာ ထမင်း စားရင်လည်း ကိုယ့်ပန်းကန်နဲ့ကိုယ် သတ်သတ် မှတ်မှတ်ထား၊ စားပြီးတာနဲ့ ကိုယ့်ပန်းကန် ကိုယ်ဆေး၊ ငါကတော့ လိုက်ဆေး ပေးမယ် မထင်နဲ့၊ အဲဒီကျရင် ဘာဖြစ်မယ် ထင်လဲ”

“အာ.. ဦးစိုးဆေးရင် သား ငရဲကြီး မှာပေါ့၊ မဆေးနဲ့ မဆေးနဲ့.. သူ့ဟာသူ လေသလပ်ပြီး ခြောက်သွား လိမ့်မယ်”

“ဘာ..”

သူ့ဟာသူ စကား မပြောခင် တုန်းက တင်ထားတဲ့ မာန်လေး တွေလည်း တဖြည်းဖြည်း လျှော့သွားလား မသိပါဘူး။ ဦးလေးပုံစံ ကြည့်ရတာ နောက်ထပ် ပြောရမှာတောင် ကြောက်နေ သလိုပဲ။ သူရဿဝါပဲ ဆက်ပြော လိုက်တယ်။

 

“ဦးစိုး ပြောတာက သားကို စားရေး သောက်ရေး တာဝန် ယူတယ်၊ မုန့်ဖိုးလည်း ပေးမယ်၊  ဟုတ်လား”

“အေး.. ဟုတ်တယ်”

“ဟာ.. အဲဒါတော့ မမိုက်ပါဘူးကွာ”

“ဟေ.. အန်.. မင်း.. မင်းနော်”

“ဟီး.. ဟုတ်ဘူးလေ၊ မမိုက်ဘူး ဆိုတာက ဒီလို.. ဦးစိုး တစ်ယောက်လုံး ရှိနေမှတော့ အမေက ပြန်လာစရာ မလိုတော့ဘူးလေ၊ ပြန်မလာ ခိုင်းနဲ့တော့.. ဦးစိုးနဲ့ပဲ တစ်သက်လုံး နေတော့ မယ်လေ.. နော်.. နော်.. လို့”

“အာ.. ဟေ့ကောင်.. အဲလိုတော့ မရဘူး လေကွာ၊ မင်းအမေ ပြန်လာ ရင်တော့ ကိုယ့်အမေနဲ့ ကိုယ် နေပေါ့ကွ..”

“ဟင့်အင်း မရဝူးဆို မရဘူးပဲ.. ဦးစိုးနဲ့ပဲ နေချင်တာ၊ ဟီးဟီး.. မကြောက်ပါနဲ့ ဦးစိုးရယ် အလကား စတာပါ..”

“တော်ပြီ.. တော်ပြီ.. ငါပြောစရာ ရှိတာ ပြီးပြီ.. ရပြီ သွားတော့..”

ကြောက်ကြောက်လန့်လန့်နဲ့ပဲ သူ ကျွန်တော့်ကို နှင်ထုတ် ရှာပါတယ်။ စည်းကမ်းတွေ ချပေးပြီး သေသေဝပ်ဝပ် ထားလိုက်မဟဲ့ ဆိုတဲ့ သူစိတ်ကူး တွေလည်း တစစီ ဖြစ်သွားပုံ ရပါတယ်။ ဒါတောင် သူရဿဝါ အပြင် ထွက်ခါနီးကို တစ်ခွန်း မှာရှာပါသေးတယ်။ “ခဏနေ ထမင်း စားမယ်လေ” တဲ့။ “ချက်ချင်း ပြန်လာမယ် မဟုတ်လား” တဲ့။

အဟဲ.. ဟုတ်ကဲ့လို့ ပြောပြီး ခဏ ထွက်လာ လိုက်တာ.. စမ်းချောင်း ရောက်နေ တာတောင် နှစ်ရက် ရှိပြီ။ မနက်ဖြန် အိမ်ပြန်ရောက် ရင်တော့ သူရဿဝါနဲ့ ဦးလေးနဲ့ ဆွဲလား လွဲလားတွေ ဖြစ်ဦးမှာ သေချာတယ်။ ဦးလေးက “နင်တို့နဲ့ မနေတာ့ဘူး အိမ်ပေါ်က ဆင်းမယ်” ဆိုပြီး ပြောရင် သူရဿဝါက မဆင်းဖို့ တားရမယ်။ အဲဒီမှာ ဆွဲလား လွဲလား ဖြစ်မှာလေ။ ဟီဟိ.. အိမ်ပြန်မလို့ စိတ်ကူးတုန်းပဲ ရှိသေးတယ်။ ရှေ့မှာ သူငယ်ချင်းတွေ လာခေါ် နေပြီ။ အင်း.. အိမ်က ဘယ်အချိန် ပြန်ပြန် ရပါတယ်လေ။ ဒီကောင် တွေနဲ့ပဲ လိုက်သွား လိုက်ဦးမယ်.. အဟီး။ အားလုံး တာ့တာနော်။

 

သူရဿဝါ
၂၄ - မာ့ချ် - ၂၀၀၈
Image source; Images.google.com

1 comment:

  1. ခုလောလောဆယ်တော့ တံတားက အဖေ့ကိုပြန်ဆောက်နေလေရဲ့။ inn like lo ma mee bu bar gyi ka အဖေ့ကိုပြန်ဆောက် dar le :P

    ReplyDelete