Tuesday, June 29, 2010

လာမယ့်တစ်နေ့ဟာ မျက်လုံးထဲအခုစူးဝင်



“လာမယ့်တစ်နေ့ဟာ မျက်လုံးထဲအခုစူးဝင်”


အချစ်ဆိုတာ တစ်ယောက်တည်းမဟုတ်မှန်း
တစ်နေရာတည်းမှာ အတည်တကျမနေချင်မှန်း သိလိုက်ရတဲ့အခါ
နင်ငါ့ကိုပြုံးပြနေခဲ့တာဟာ
မှန်နံရံဟိုဖက်ခြမ်းကနေပဲလို့ သိလိုက်ရတဲ့တစ်နေ့မှာ
ငါ့စိတ်နဲ့ငါ့ကိုယ် အလိုလိုကွာကျသွားခဲ့ပေါ့
ရှေ့တည့်တည့်မှာ နင်ရှိတယ်၊
ချစ်စရာသိပ်ကောင်းတဲ့ရက်စက်မှုရှိတယ်
နောက်ပြီး . . . ငါမမြင်ဖူးတဲ့ကောင်တစ်ကောင်လည်းရှိတယ်
ဒါပေမယ့် နောက်ပြန်လှည့်လို့မရဘူး
မျက်နှာလွှဲလိုက်တာနဲ့၊ ငါကျောခိုင်းလိုက်တာနဲ့
“ဝေးကွာခြင်း” မီးမြားဟာ ငါ့ကျောကို “ဒုတ်”ခနဲ စိုက်သွားမှာ . . .


“ရပ်တန့်နိုင်ပြီ” လို့ ငါ့ကိုယ်ငါ ထင်ခဲ့မိတယ်
ငါ့အမှားဟာ ဖရိုဖရဲနဲ့
အသက်ရှင်သန်မှုမှာသွေးစက်လက်နဲ့
မနက်ခင်းတိုင်း၊ ညနေတိုင်းဟာ နင်ပဲလို့ စိတ်ချထားတဲ့ကောင်ကိုမှ
. . . . ညီမလေးရယ်
“ယုံတယ်မဟုတ်လား” လို့ နင်ပြောရက်ခဲ့တယ်
ငါ့နိမိတ်စကားတွေနဲ့အတူ ငါ နေ့အဆက်ဆက်ပြိုလဲသွား . . .
လက်လှမ်းမမှီတဲ့သက်တန့်တွေကို
တစ်ချောင်းချင်းရိုက်ချိုးပစ်ချင်စိတ်နဲ့
ငါ့ကိုယ်ငါပဲ နှိပ်စက်နေမိ
နင်ဟာ . . . ငါဖမ်းလို့မရတဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်ပြီး
ငါက နင်အထင်သေးတဲ့ လူလိမ္မာတစ်ဦးဖြစ်တယ်


ကန္တာရမှာ လာပွင့်တဲ့ပန်း
အချိန်မတန်ခင် နွမ်းမယ်ဆိုတာလည်းသိတယ်
နင်နဲ့ ငါနဲ့ ချစ်ခြင်းတရားနဲ့ကြား
ဘယ်လိုနတ်ဆိုးက ဝင်ကစားခဲ့သလဲ
ညီမလေးရယ် . . . ငါ တုန်လှုပ်မိတယ်
ငါ့နှုတ်ခမ်းတွေ တဆတ်ဆတ်ခုန်လို့
ငါတစ်ယောက်တည်းလေယာဉ်ပျက်ကျလို့
ငါ့သိစိတ်ကို ငါပြန်ပြီးချေမွဖျက်ဆီးလို့
ဒီမှာ . . . အရူးတစ်ပိုင်း
ရိုင်းချင်တိုင်းရိုင်းမိတယ်


ငါတို့ဝေးသွားကြပါလိမ့်မယ် . . .
သေကွဲ၊ ရှင်ကွဲ တစ်နည်းနည်းနဲ့လွဲရလိမ့်မယ်
အဆုံးကိုကြိုမြင်နေတဲ့ခံစားမှုမျိုး
နှလုံးသားထဲ အရှိန်ပြင်းပြင်းတိုးလာတယ်
ငါနင့်အပေါ်ဘယ်လိုအပြစ်တစ်ခုခု ကျူးလွန်ခဲ့မိလို့လဲ
ညီမလေးရယ် . . . ငါ့ကို
အဲဒီလိုတော့ မကျီစယ်ပါနဲ့
မလိုချင်ဘဲရတဲ့လက်ဆောင်က
ငါ့ကိုဘယ်လောက်အထိ လှောင်ပြောင်နေလိုက်မလဲ
တစ်ခုခု  တွေးမိတယ်
(ငါ နင့်ရဲ့ . . . တစ်ယောက် ဖြစ်ချင်ခဲ့တာတော့
. . . . အသေအချာပါ၊ ငါ . . . ကို လမ်းခုလပ်မှာ . . . လို့
ကျပျောက်ခဲ့တယ်)
နောက်ပြီး တစ်ခုခုဖြစ်သွားတယ်
(ငါသေချင်နေတာမဟုတ်ဘူး၊ သေသွားတာကို
ငါကလွဲပြီး ဘယ်သူမှမသိလိုက်တာပါ)


အသည်းကွဲတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုဟောထားတဲ့ဗေဒင်မှန်သွားတာပဲဖြစ်တယ်
ရာသီစာတစ်မျိုးပါ ညီမလေးရယ်
ငါကျေနပ်ပါတယ်
“မြင်အောင်မကြည့်ခဲ့တာ” လို့ပဲ မှတ်လိုက်တယ်
ငါမဆောင်းရက်တဲ့ထီးကလေး
နင့်ခေါင်းပေါ်မိုးပေးလိုက်ရုံပါ . . . အဲဒီအဖြစ်မျိုးပဲ
ကြီးကြီးကျယ်ကျယ်မစွန့်လွှတ်ခဲ့ဘူး
ဒီလောက်ပဲ . . . ဒါလေးပါပဲ ညီမလေးရယ်


အဲဒီလိုနဲ့ . . .
နောက်ထပ်ရက်နည်းနည်းကြာရင် မိုးတွေရွာလာလိမ့်မယ်
မိုးတွေသည်းလာတော့မယ်
ငါကြိုပြီး နှုတ်ဆက်ပါတယ်
နင်မသိစေနဲ့ဦး၊ နင်အနှောင့်အယှက်မဖြစ်စေနဲ့ဦး
ဒါကြောင့် . . . ငါ တိုးတိုးလေးပဲ နှုတ်ဆက်ပါတယ်
တစ်နည်းနည်းနဲ့ ငါသရုပ်ဆောင်နေရမယ်
ဘယ်တုန်းကမှ မရှုံးခဲ့သလိုမျိုး၊
လက်တစ်ကမ်းစာ ခြေတစ်လှမ်းစာတောင် အဝေးမခံနိုင်ပုံမျိုးနဲ့ပေါ့
ငါ ငိုမိတယ်ဆိုတာ . . . ငါ . . . ကြိုသိတယ်ဆိုတာ
(ပြန်မပြင်နိုင်လောက်တော့တဲ့) တစ်နေ့နေ့ကျမှ နင်တွေ့ပါစေ
အဲဒီအခါ . . ငါ့ကို မလွှဲသာမရှောင်သာ တစ်ခါတော့လွမ်းပေးပါ
တစ်နေ့နေ့ရောက်တဲ့အခါ . . .
သေကွဲ ရှင်ကွဲ မတော်တဆမဟုတ်ဘဲ လွဲသွားကြတဲ့အခါ . . . . ။               ။


သူရဿဝါ
ဇွန်လ ၂၃ ရက် ၊ ၂၀၁၀ ခုနှစ်

1 comment:

  1. အချစ်ဆိုတာ တစ်ယောက်တည်း မဟုတ်မှန်း တစ်နေရာတည်းမှာ အတည်တကျ မနေချင်မှန်း သိလိုက်ရတာ ကြာပေါ့ကွယ် ;(

    ReplyDelete