`ဒုက္ခနဲ့မကင်းတဲ့ကဗျာ´
အဲဒီလိုဆိုတော့ ဒုက္ခရောက်တော့တာပေါ့
ဘုရားသခင်နဲ့ သိပ္ပံပညာနဲ့ `ငြိ´ ခဲ့တုန်းကလည်း ဒီလိုပဲ
မိန်းမလှလေးတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရသလို
ဒုက္ခဟာ မချောမွေ့မှန်းတော့ သူသူငါငါလည်း အသိ
တစ်ခုခုပြေလည်သွားရင်တောင်
လောကကြီးကို ကျေးဇူးလှမ်းလှမ်းတင်ရတဲ့ဒုက္ခက မသေးဘူး
ဘတ်စ်ကားပေါ်တက်ရတာကအစ
သေကောင်ပေါင်းလဲဝေဒနာအဆုံး
ဒုက္ခနဲ့ပဲ နပန်းလုံးရတယ်
ကိုမိုးလှိုင်ညက .. ဒုက္ခ ခဏခဏရောက်ရင် ကမ္ဘာကျော်သွားတတ်ပါသတဲ့
ဘာထူးလို့လဲ အစ်ကိုရယ် …
ကမ္ဘာကျော်သွားရင်လည်း ဒုက္ခ ခဏခဏရောက်တော့တာပဲ
ဒုက္ခဟာသိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး
ဒုက္ခရောက်တယ်ဆိုတာ …
ဒုက္ခက ကိုယ့်ဆီရောက်လာတာလား
ကိုယ်က ဒုက္ခဆီ ရောက်အောင်သွားတာလား
ဘာပဲဖြစ်ဖြစ် ကိုယ့်အနားမှာအမြဲရှိနေတယ်ဆိုတော့
ဒုက္ခဟာ မိတ်ဆွေစစ်စစ်ဖြစ်တယ်
ဒုက္ခက အမြဲတမ်းဆယ့်ငါးပဲရည်ပြည့်
ဒုက္ခကို ဆင်တူယိုးမှားအတုအပ သတိပြု
ဒုက္ခကို အဟောင်းဈေးပေးဝယ်လို့လည်းရသေးတယ်
သားရေကွင်းလေးဆွဲဖြတ်လိုက်သလောက် မလွယ်ကူဘူးဆိုတော့ ..
ညအိပ်ရာဝင်ပုံပြင်လောက် နားထောင်မကောင်းဘူးဆိုတော့ ….
ဒုက္ခဟာ နိစ္စဓူဝပဲ၊ ဒုက္ခဟာ အတိုင်းထက်အလွန်ပဲ၊ ဒုက္ခဟာ အကန့်အသတ်မရှိပဲ
ကဲ … ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့ လူသားများ နေ့စဉ်နေ့တိုင်း ဒုက္ခနဲ့ စစ်တုရင်ထိုးကြ
ဒုက္ခဆီ ဖုန်းခေါ်ဆိုကြ၊ ဒီလိုနဲ့ ဒုက္ခကို အကောင်လိုက်မြင်ကြ
ဘယ်တော့မှမဆုံးတဲ့အလုပ်ဆိုတာ ဒုက္ခကိုနံပါတ်စဉ်တပ်ပေးရတာပဲ
အခုပဲကြည့် … ဒီကဗျာထဲမှာတင် ဒုက္ခတွေများနေတာ ….
သူရဿဝါ
ဇွန်လ ၂၅ ရက် ၊ ၂၀၁၀ ခုနှစ်
No comments:
Post a Comment