“သူငယ်ချင်းဆိုတာ ဘယ်တော့မှနေမဝင်တဲ့ အေးအေးချမ်းချမ်းညနေပျို” ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာရေးဖို့ ကျွန်တော်စဉ်းစားဖြစ်ခဲ့တာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တာကြောင့် ရေးမထွက်ခဲ့ဘဲ ဒီခေါင်းစဉ်လေးကို တိတ်တိတ်လေးသိမ်းထားခဲ့ရတယ်။ ဒီကြားထဲမှာ ဒီခေါင်းစဉ်ကိုကြိုက်လို့ ယူသုံးချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေကိုလည်း မျှပေးခဲ့ပါသေးတယ်။ ဟိုတလောကတော့ ဈာန်လေးပြန်ဝင်လာပြီး ဒီကဗျာလေးကို ပြန်ရေးဖြစ်ပါတယ်။ ကျွန်တော်သုံးနေကျ Social Site တစ်ခုဖြစ်တဲ့ Friends Day Group မှာလည်း ဒီဇင်ဘာ (၁၄) ရက်နေ့ကို “သူငယ်ချင်းများနေ့” အဖြစ် သတ်မှတ်ထားတဲ့အကြောင်း ဖတ်လိုက်ရတဲ့အတွက် ဒီဇင်ဘာ (၁၄) ရက်နေ့မှာ ဒီကဗျာလေးကို တင်မယ်လို့ ရည်စူးခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်မသုံးဖြစ်တဲ့အတွက် အခုမှပဲ ဒီကဗျာလေးကို ပြန်တင်လိုက်ရပါတယ်။
“သူငယ်ချင်းဆိုတာ ဘယ်တော့မှနေမဝင်တဲ့ အေးအေးချမ်းချမ်းညနေပျို”
သူငယ်ချင်းဆိုတာ . . . .
ဘယ်တော့မှနေမဝင်ဘူး
အေးအေးချမ်းချမ်းညနေပျို
တစ်ယောက်ကတစ်ယောက်ကိုမကြည့်ဘဲ
တစ်ယောက်အကြောင်းတစ်ယောက်သိတယ်
ဘယ်သူ့လက်ထဲကသစ်သီးဖြစ်ဖြစ်
အဆိပ်မရှိဘူး
သက်တန့်တစ်စင်းလို စုစည်းချည်နှောင်
မီးမလောင်နိုင်တဲ့ အလင်းအက်တမ်တွေ
အဖြူရောင်အရိပ်များ အဖြူရောင်အသံများ
သူငယ်ချင်းဆိုတာ . . . .
ဘယ်တော့မှနေမဝင်ဘူး
အေးအေးချမ်းချမ်းညနေပျို
တစ်ယောက်စိတ်ကို တစ်ယောက်ခိုလို့
တစ်ယောက်အတွေးမှာ တစ်ယောက်ကျောက်ချလို့
နယ်နိမိတ်ချင်းထိစပ်
လက်တွေခိုင်ခိုင်တွဲပြီးရပ်မယ်
တံခါးကိုအမြဲတမ်းဖွင့်ထား
သူငယ်ချင်းတွေ . . . . အဝေးကြီးကအော်ခေါ်လည်းကြားတယ်
အေးအေးချမ်းချမ်း
ဘယ်တော့မှနေမဝင်တဲ့ညနေပျို
တစ်ယောက်က စပါးနှံကိုက်ချီလာတော့
တစ်ယောက်က သားတစ်တစကိုက်ချီလာ
ကောင်းကင်ပေါ်က အရောင်အသွေးတူ အုပ်စုဖွဲ့ငှက်ကလေးတွေ
တခါတလေ . . . . မပျံသန်းနိုင်တဲ့သူငယ်ချင်းအတွက်
ကိုယ့်အတောင်ကိုယ်ဝှက်
သူ့ရှေ့ပျံသန်းနေရမှာရှက်တယ်
တစ်ယောက်တည်းအထီးကျန်ညများ
သူငယ်ချင်းတွေမပါဘဲသောက်ရတဲ့လက်ဖက်ရည်ဟာ
ဘာနဲ့မှမတူ . . . . ခါးတယ်
သူငယ်ချင်းဆိုတာ
ဘယ်တော့မှနေမဝင်ဘူး
အေးအေးချမ်းချမ်းညနေပျို
တစ်ယောက်တစ်ဝက်ဆောက်ကြတဲ့အိမ်ကလေးထဲ
ရာသီဥတုမရွေး . . . . နွေးတယ်
ငါတို့ကိုယ်တိုင်မသိတဲ့ မိုင်ပေါင်းများစွာမှာ
ငါတို့ရဲ့သူငယ်ချင်းတွေ . . . . နောက်ပြီး
သူတို့ရဲ့
အဖြူဆွတ်ဆွတ်တွေ အလင်းတွေ အသံတွေ အရိပ်တွေ ။ ။
No comments:
Post a Comment