“ဂျစ်ပစီဖဲချပ်ကလေး”

နင်က ၀ှက်ဖဲတစ်ချပ်လိုပဲသူငယ်ချင်းရ
နင့်အဓိပ္ပါယ်ကို
မလိုအပ်ဘူးထင်ရင် ဘယ်သူမြင်အောင်မှနင်မပြတတ်ဘူး
သိုဝှက်သိပ်သည်း အမြဲမှောက်ထားတတ်တဲ့ဖဲချပ်ကလေး
ဂျစ်ကန်ကန်ဖဲကလေးတစ်ချပ်ဆိုပါတော့
နင်နဲ့ငါနဲ့စကားတွေပြောခဲ့ဖူးတယ်
အတူတူလည်းငြိမ်သသက်တိတ်ဆိတ်နေဖူးတယ်
တခါတလေအခန့်မသင့်ရင် ရန်ထထဖြစ်ဖူးတယ်
ဒါပေမယ့် ခဏတဖြုတ်နေရင်
နင်ကလည်းပုံမှန်အတိုင်းဖဲချပ်ကလေးလို
ငါကလည်း မထိတထိစနောက်ဖို့
ဖဲချပ်ကလေးကိုဆွဲဆွဲလှန်တဲ့လက်တစ်စုံလို
နင့်မထီတရီစကားတွေလိုပဲ မထီတရီနင့်မျက်ဝန်းဆိုတာ
နင့်မထီတရီမျက်ဝန်းတွေလိုပဲ မထီတရီနင့်အမူအယာဆိုတာ
နင်ဟာဂျစ်ပစီဖဲချပ်ကလေးမှန်း ငါသိပါတယ်ဟာ
ထောင့်ငါးရာမဟုတ်ဘူး ငါးရာနှစ်ဆယ့်ရှစ်မဟုတ်ဘူး
အဲသလိုအဆင့်အတန်းမခွဲဘူး
နင့်ကိုငါချစ်တယ်ဆိုတာ နင့်ကိုငါချစ်တယ်လို့ဆိုတာပဲသူငယ်ချင်းရ
ငါသိတာက
နင်ဟာကဗျာရေးကောင်းတဲ့ မော်ဒန်မှော်ဖဲချပ်ကလေးပဲ
တခါတလေ နောက်ဖဲချပ်လေးကိုလှမ်းမျှော်နေတတ်တဲ့
ရင်ခုန်ဖဲချပ်လေးပဲ
ငါ့ကိုစိတ်တိုအောင်လာလာဆွတဲ့ ပေကပ်ကပ်ဖဲချပ်လေးပဲ
နင့်ကိုစိတ်တိုအောင်ဆွရင် ဆွေ့ဆွေ့ခုန်နေတတ်တဲ့
စိတ်ဆိုးစိတ်ဆတ်ဖဲချပ်လေးပဲ
“ညီမလေးဖဲချပ်ကလေး” လို့ နင်ခေါ်စေချင်သလိုခေါ်မယ်ဟာ
နင်ကလောကကိုသဘောမကျ လောကကိုဒေါပွနေတတ်သေးတယ်
အဲဒီလို စနေနေ့ဖွား နဂါးဖဲချပ်ကလေး
နှစ်ဆယ့်နှစ်နှစ်ပြည့်မွေးနေ့ရှင်ဖဲချပ်ကလေး
ငါ့ရဲ့သူငယ်ချင်းဖဲချပ်ကလေး
ဂျစ်ပစီဖဲချပ်ကလေးနင်ဟာ
နင့်ကိုဖဲချပ်ကလေးမှန်းဘယ်သူမှမသိလောက်အောင်
အမြဲမှောက်ထားတတ်တဲ့ ၀ှက်ဖဲတစ်ချပ်လည်းဖြစ်သေးတယ်။ ။
သူငယ်ချင်းဂျစ်ပစီနိုနို၏ နှစ်ဆယ့်နှစ်နှစ်ပြည့်မွေးနေ့အမှတ်တရ ရေးသားထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment