Thursday, December 24, 2009

အလင်းပျိုးမယ့်လက်များ


အလင်းပျိုးမယ့်လက်များ

အလင်းတွေအများကြီးထဲက အလင်းတစ်စကို
မှောင်မိုက်သောကမ္ဘာဆီ သယ်ဆောင်လာခဲ့ပြီ
ငါတို့ လက်ဆင့်ကမ်းသယ်ဆောင်နိုင်ခဲ့ကြပြီ
ပရိုသီးမီးယပ်စ်ထက်တောင်
ခုချိန်မှာ ငါတို့ပိုမိုမြင့်မြတ်
မှောင်သူတို့အနား လင်းချင်းမားမတ်ရပ်ခဲ့ပြီ
ငါတို့နှလုံးသွေးဟာနီစွေးသလို ဖြူစင်မှုလည်းရှိတဲ့အကြောင်း
အဲဒီပုံပြင်တွေမဟောင်းစေရဘူး
ငါတို့ချစ်တဲ့ကလေးတွေအတွက်
ငါတို့ရဲ့ကမ္ဘာသူကမ္ဘာသားငယ်လေးတွေအတွက်
ငါတို့လက်တွေ ခိုင်မြဲချိတ်ဆက်ကြရမယ်
ငါတို့ဟာ ဥယျာဉ်မှူးမဟုတ်ဘူး
ငါတို့ကိုယ်တိုင် ဥယျာဉ်ဖြစ်ကြရမယ်
ပွင့်ဖူးနိုင်စွမ်းမရှိတော့တဲ့ကလေးတွေ
တတ်နိုင်သမျှ ငါတို့ဆီကဆွတ်ခူးပါစေ
ငါတို့ ဥယျာဉ်ကြီးတွေဖြစ်ပေးကြရမယ်
ရုန်းကန်လှုပ်ရှားရင်းရှင်သန်ကြသူတွေကြား
သူတို့ကတော့ ရှင်သန်ဖို့တောင်ရုန်းကန်လှုပ်ရှားခွင့်မဲ့ရှာတယ်
ညိုဖျော့ဖျော့မျက်ဝန်းများ ၊ ခပ်သဲ့သဲ့သက်ပြင်းသံများ ၊
အနာဂတ်ဆီသွားလို့မရတော့တဲ့ခြေလှမ်းများ
အဲဒီကြေကွဲစရာပုံရိပ်တွေကြား သူတို့သွားရရှာတယ်
ရှင်သန်မှုကိုအသံထွက်ဖတ်လို့မရတဲ့ရောဂါ
နေထွက်ချိန်ကတည်းက နေဝင်တာကိုလှမ်းမြင်နေရတဲ့ရောဂါ
ခုခံအားကျဆင်းမှုကူးစက်ရောဂါ
ဒီဝေဒနာဆိုးကို ချစ်ခြင်းမေတ္တာနဲ့တိုက်ဖျက်
ငါတို့အကြင်နာတရားဟာ သူတို့ဆီကူးစက်စေရမယ်
သူတို့ရဲ့စိတ်ထဲ မုန်တိုင်းတွေစဲပါစေတော့
ဖျားနာတဲ့အိပ်မက်ဆိုးထဲက သူတို့နိုးပါစေတော့
အားငယ်မှုကင်းရှင်း သူတို့သီချင်းလေးတွေဆိုနိုင်ပါစေ
သူတို့ရဲ့ဆက်လက်ရှင်သန်ခွင့်တစ်ခုက
အေဗရာဟမ်လင်ကွန်းဖြစ်လာနိုင်တယ်
မာသာထရီဇာဖြစ်လာနိုင်တယ်
သောမတ်စ်အက်ဒီဆင်ဖြစ်လာနိုင်တယ်
မျိုးဆက်တစ်ဆက်ဖြစ်လာနိုင်တယ်
ခေတ်တစ်ခေတ်ဖြစ်လာနိုင်တယ်
ငါတို့ရဲ့ကလေးငယ်တွေကို ငါတို့မဆုံးရှုံးရပါစေနဲ့
အဲဒီအနက်ရောင်ကျိန်စာပန်းတွေပွင့်တဲ့ကမ္ဘာဆီ
ငါတို့ရဲ့တစ်ကိုယ်စာအလင်းကို ပေါင်းစုသယ်ဆောင်လာခဲ့ပြီ
ငါတို့ချစ်တဲ့ပန်းကလေးတွေ အေးမြပါစေ
ငါတို့ချစ်တဲ့ပန်းကလေးတွေ နွေးထွေးပါစေ
ငါတို့ချစ်တဲ့ပန်းကလေးတွေ ငါတို့အနားပွင့်လာပါစေ ။




သူရဿဝါ






၂၀. ၁၂. ၂၀၀၉ တွင်ကျင်းပခဲ့သော HIV/ AIDS ရောဂါဝေဒနာရှင် ကလေးများကို ရည်စူးသည့် “အလင်းပျိုးမယ့်လက်များ” ကဗျာရွတ်ပွဲတွင် ရွတ်ဆိုခဲ့သောကဗျာဖြစ်ပါသည်။








1 comment:

  1. ကောင်းလိုက်တဲ့ကဗျာလေးဗျာ..။
    ကောင်းတယ်ဆိုတာထက် ဘာမှပိုမပြောတော့ပါဘူး..
    လေးနက်မှုကို ကျနော်ရုတ်တရက် စကားလုံးရှာမရလို့...(မရှာတတ်)လို့... ကောင်းလိုက်တာလို့ပဲ ရိုးရိုးလေးပြောသွားတော့မယ်..။
    ဒါပေမယ့် အဲ့ဒီရိုးရိုးစကားလေးထဲမှာပဲ.. ကျနော့်ရဲ့ ခံစားမှူတွေပါတယ်.. ဝေဒနာသည်ကလေးလေးတွေရဲ့ အနာဂါတ်တွေပါတယ်.. ဒီကဗျာလေးရဲ့ အလင်းတွေပါတယ်..။ အဲ့ဒါကိုကျနော်သာ အသိဆုံးပေါ့ဗျာ...........။ (မင်း)

    ReplyDelete