`ဘဒ္ဒါရေ …. နင် နွေတွေသာ ရွာချပစ်ခဲ့´

(၁)
အခုအချိန်မှာတော့ ငါဟာ
အမာရွတ်တွေသာကျန်တော့တဲ့
မြို့ဟောင်းမြို့ကြွင်းတစ်ခုဖြစ်တယ် ဘဒ္ဒါ
နင့်နှုတ်ခမ်းတွေ ၊ နင့်မျက်ဝန်းတွေနဲ့
နင့်ဥပေက္ခာတွေသာ ကြွင်းကျန်ရစ်တဲ့မြို့တစ်မြို့ပေါ့
ငါ လေတိုက်တိုင်း နင်မယိမ်းတော့သလို
ငါ ယိမ်းတိုင်းလည်း နင် လေတွေတိုက်ခတ်မပေးတော့ဘူး
စူး …. လိုက်တာ ဘဒ္ဒါရယ်
(၂)
ဝေး …. ဝေး …. ဝေး
ဝေးကွာခြင်းဟာ ငါ့ကိုအလျားလိုက်ဖြန့်ခင်းလို့
တောကြီးတစ်ခုစာ ၊ တောင်ကြီးတစ်ခုစာ ခြားနေသလိုပဲ ဘဒ္ဒါ
မှား … မှား … မှား
မှားယွင်းမှုက ငါ့ကို နက်နက်ရှိုင်းရှိုင်းပစ်ချ
အဲဒီလို အဝေးကြီးဝေး အမှားကြီးမှားနေရင်းက
`နင် သိပ်လှတာပဲ ဘဒ္ဒါ´ လို့ တွေးမိပြန်တယ်
ငါက သူရူးတစ်ယောက်ပါ
(၃)
အောက်တိုဘာလ မရောက်ချင်ဘူး
ရှစ်ရက်နေ့တွေဆီ မရောက်ချင်ဘူး
အောက်တိုဘာ ရှစ်ရက်တွေဆီကိုလည်း မရောက်ချင်ဘူး
ငါ …… ငါ ဘယ်ကိုမှ ဆက်မသွားချင်တော့ဘူး ဘဒ္ဒါရယ်
အဲဒီလိုပဲ ငါ့ဆီကိုလည်း ဘာတွေမှ ဆိုက်ကပ်မလာစေချင်တော့ဘူး
`အငြင်းဝါကျ´ တွေ ရှုပ်ထွေးပြန့်ကျဲ ….. ငါ့အနား ရှုပ်ထွေးပြန့်ကျဲ
ဒါလည်း `ငရဲ´ ပါပဲကွယ်
(၄)
ငါ လိုက်ရှာခဲ့မိတဲ့ `နင်´ ဆိုတာ
အခုလို ဆံမျှင်ရှုပ်ပွ မာယာတွေပြထားတဲ့ မိန်းကလေးမဟုတ်ဘူးလေ
အရင်လို …..
နှလုံးသားကအပြုံးကို နှုတ်ခမ်းမှာ သုံးတတ်တဲ့
ကောင်မလေးတစ်ယောက်ကိုပါ ဘဒ္ဒါ
အရင်တုန်းကလို ….. ဘဒ္ဒါကို ငါမြင်နေချင်တာပါ
(၅)
ဘဒ္ဒါရေ …. ဘဒ္ဒါ
ငါ ရင်တွေနာလိုက်တာ …. ငါ မောနေလိုက်ရတာ
ကိုယ့်ကိုယ်ကို ဘာမှန်းမသိတော့တဲ့ပန်းတွေထဲမှာ
နင် အပါအ၀င်ပဲ
အခု ဘယ်လိုပြုံးရမလဲ နင်မသိတော့ဘူး
ရိုးရိုးသားသား မိုးရေစက်တွေကို နင်မသိတော့ဘူး
နင်က လမ်းကျဉ်းကျဉ်းလေးထဲ တိုးဝင်ပျောက်ကွယ်
တိုးရင်း ……. ၀င်ရင်း ပျောက်ကွယ်
`စစ်မှန်ခြင်း´ ဘယ်မှာလဲဆိုတာ နင်မသိတော့ဘူး ဘဒ္ဒါ
(၆)
ဒီလိုနဲ့ပဲ ကွဲရှလာတဲ့ ဖန်ပုလင်းလေးဟာ
နင်ရော ငါရော ဖြစ်နေခဲ့ပြီ
ပုံရိပ်ယောင်တွေကြောင့် နင် …… ကွဲ ရှ
ငါက နင့်ကြောင့် ကွဲ အက် ရှ တ လို့ပေါ့ဘဒ္ဒါရယ်
အတူတူပါပဲ ……..
ဒါပေမယ့် ဘာလို့ အတူတူမဟုတ်ပြန်တာလဲမသိဘူး ဘဒ္ဒါ
(၇)
တဖြည်းဖြည်းချင်းနဲ့ပါပဲု
ကြယ်တွေ ကြွေလာ ….. ကြယ်တွေ ကြွေလာ ….
နောက် ……… ကြယ်တွေ တဟုန်ထိုးကြွေလာခဲ့
ဘဒ္ဒါရေ …………………..
ဘဒ္ဒါရေ …………….
ဘဒ္ဒါရေ ……….
ဘဒ္ဒါရေ ….
ဘဒ္ဒါ ………………… ရေ …………….
(၈)
ငါ့ရင်ထဲက `စစ်မှန်သော´ ဘဒ္ဒါဟာ
မှန်တစ်ဖက်ခြားထဲက ဘဒ္ဒါသတ်လို့ သေပြီ
နောက်ဆုံးအနေနဲ့ …… ငါ ဘယ်ကစပြောရမှန်းမသိဘူးကွယ်
ဘဒ္ဒါရေ ………… နင် …. နွေတွေသာ …… ရွာ ချ ပစ် ခဲ့ ………..
မှတ်ချက် ။ ။ ကဗျာဆရာကြက်သွန်၏ `နွေချည်းသက်သက်များ´ကဗျာမှ
ဘဒ္ဒါ အား ပြန်လည်ခံစားရေးဖွဲ့ပါသည်

ငါ ရင်တွေနာလိုက်တာ …. ငါ မောနေလိုက်ရတာ
ReplyDeleteကိုယ့်ကိုယ်ကို ဘာမှန်းမသိတော့တဲ့ပန်းတွေထဲမှာ
နင် အပါအ၀င်ပဲ
အခု ဘယ်လိုပြုံးရမလဲ နင်မသိတော့ဘူး
ရိုးရိုးသားသား မိုးရေစက်တွေကို နင်မသိတော့ဘူး
နင်က လမ်းကျဉ်းကျဉ်းလေးထဲ တိုးဝင်ပျောက်ကွယ်
တိုးရင်း ……. ၀င်ရင်း ပျောက်ကွယ်
`စစ်မှန်ခြင်း´ ဘယ်မှာလဲဆိုတာ နင်မသိတော့ဘူး ဘဒ္ဒါ<--- ခံစားသွားတယ်...
ဘယ်လိုပြောရမှန်း မသိအောင်ကို ကဗျာက ကောင်းလွန်းနေတယ်...
ReplyDelete`အငြင်းဝါကျ´ တွေ ရှုပ်ထွေးပြန့်ကျဲ ….. ငါ့အနား ရှုပ်ထွေးပြန့်ကျဲ ဒါလည်း `ငရဲ´ ပါပဲကွယ်
ချစ်ခြင်းကြောင့် ခံစားရတဲ့ လောကငရဲကို ရိုးရှင်းစွာနဲ့ ဖွဲ့နွဲ့ပြသွားတာ အရမ်းသဘောကျတယ်...
ကဗျာတွေကို စောင့်မျှော်အားပေးနေပါတယ်...။