Tuesday, September 01, 2009

ကြယ်တွေအစိမ်းလိုက်အခြွေခံနေရတဲ့ကောင်းကင်


အရှေ့မှာ ... မိုးတိမ်တွေပြိုနေတာ
ကိုယ်နဲ့မဆိုင်သလိုပဲ
တစ်ရက်ပြီးတစ်ရက် ငါတို့ပိုအက်ကွဲလာကြ
ဒီတစ်ညလည်း ကြယ်တွေကြွေကြဦးမှာပဲ


ဒီမှာ အစိမ်းလိုက်ချုပ်ထားရသော နှလုံးသားနဲ့
လွမ်းဖျား လွမ်းနာ ကျ
ဒီညက ခင်ဗျားပြောသလို
ကြယ်တွေကြွေနေတာ အမှန်ပဲ


ကြယ်တွေကတော့ ကြွေပါတယ်
ငါ့ဆုတောင်းသံ မထွက်ဘူး
မီးလိုပူခဲ့သော နေ့တွေ
မီးလိုလောင်နေသော ညတွေ ..
ကြယ်တွေကတော့ ကြွေပါတယ်...


သံသရာရှည်မှာမကြောက်ပါဘူး
နင့်ရယ်သံတွေ ရာသီမတိုင်ခင်ရွာမှာကိုပဲကြောက်တယ်
ဆုတောင်းတိုင်းမပြည့်တတ်တဲ့
နက္ခတ်တာရာတွေက ကောင်းကင်မှာအပြည့်
တို့တွေအဲဒီလိုပဲ ယုတ္တိရှိရှိဝေးခဲ့ကြ


အရာရာဟာ အရာရာအတိုင်း
ဘာကိုမှအဟောင်းအတိုင်းမထားခဲ့နိုင်ဘူး
ဒီတော့ . . . အရာရာကို ပြန်စဖို့အတွက်
သုညတစ်လုံးလောက် လိုတယ်။


ဘယ်လိုကြောင့်များ
စိတ်ကူးတွေမှားခဲ့ကြသလဲ
နှုတ်ခမ်းတွေခါးခဲ့ကြသလဲ
ဝေးကွာခြင်းကို ပြန်လည်ခေါ်ယူလို့
ကဖေးဆိုင်လေးကို အသက်သွင်းကြည့်မိတယ်
နတ်သမီးရယ် . . . . . . .
နင် ပြတ်ပြတ်သားသားရယ်ရက်လေတယ်


မြေမှုန့်လူးနေတဲ့နှင်းဆီလည်းနှင်းဆီပဲ
နှင်းစိုနေတဲ့နှင်းဆီလည်း နှင်းဆီပဲ
ငါတို့တစ်နေ့နေ့မှာ ဝေးရမယ်ဆိုရင်လည်း
ဘယ်ဘုရားဆီမှာမှ ငါဆုတောင်းမှာမဟုတ်ဘူး
တကယ်တော့ငါကလည်း ငါပါပဲ ...
ဝတ်မှုန်တွေလွင့်နေခဲ့တာတောင် ရနံ့ကိုမကြိုက်ခဲ့ဘူး


ရပ်နားကြစို့တဲ့လားကွယ်
ငါ့အနားရပ်သွားတဲ့ စက္ကူရွေ့သံတွေ
တိုးတိုးလာမယ့်အသံတွေ
ပြီး...
တိုးတိုးသွားမယ့် အသံတွေ
(ရင်ထဲမှာ စိတ္တဇနာမ်တွေနဲ့ပြည့်..)
နတ်သမီးရယ်...... ၊၊


ကွဲအက်သွားတဲ့စာရွက်ကို
ပြန်ဆက်ဖို့ကလည်းခက်တယ်
ယင်းထအိပ်မက် ၊ အဆိပ်တက်စက္ကူငှက်ရုပ်များ
လေရူးဆန်ဆန်စာတိုပေစများ
ဒီအတိတ်တွေကြား . . . . . .
ငါလည်း သွားချင်ရာသွားနေခဲ့ရ
တိုးတိုးလေးအော်ခေါ်နေမိပြန်တယ်
နတ်သမီးရယ် . . . . နတ်သမီးရယ် . . .
နတ် သ မီး ရယ် . . . .


ဒါကို သင်္ခါရလို့ မပြောနဲ့
ဒါကို တည်မြဲပြိုကွဲခြင်းလို့မပြောနဲ့
ဒါကို ... ဒါကို
ဘာမှမပြောပါနဲ့ကွယ်


တကယ်တော့
ငါတို့အစကတည်းက ဘာမှမပြောခဲ့ကြပါဘူး
နင့်ရဲ့ရှေ့မှာ . . . . ပြီးတော့ ငါ့ရဲ့ရှေ့မှာ
မိုးတိမ်တွေ ပြိုကွဲလွင့်စင်နေခဲ့တာ
နတ်သမီးရယ် . . . . .
ဝေးခဲ့ကြပြီးတာတောင် တစ်သက်လုံးစာ
ကြယ်တွေခြွေချထားရစ်ခဲ့တယ် ။ ။




ဇာတိ +  သူရဿဝါ  +  ရိုးရာ  +  ကြက်သွန်





No comments:

Post a Comment