ဘာ သတင်း ကြားလဲ
ကြားရတဲ့ သတင်းက မှန်လား
မှန်တယ် ဆိုတော့ ဘယ်သူပစ်လိုက်တာလဲ
ပစ်တဲ့လူကပစ်သွားရင် နေခဲ့ပေါ့
ကောင်းကောင်းနေခဲ့နော် မဟုတ်တာလျှောက်လုပ်မနေနဲ့
လျှောက်လုပ်နေရုံနဲ့ မပြီးဘူးလေ
မပြီးဘူးဆိုကတည်းက တစ်ခုခုတော့လိုနေမှာ
တစ်ခုခုလိုအပ်နေ စာမလာသတင်းမကြား
စာမလာသတင်းလည်းမကြားသေး၍ လွဲချော်မှုတစ်စုံတစ်ရာ
တစ်စုံတစ်ရာလွဲချော်သွားရင် ပြန်လည်တပ်ဆင်ဖို့မလွယ်
တပ်ဆင်ရတာမလွယ်လို့ ဖြုတ်ပစ်ဖျက်ပစ်ဖို့ရော စဉ်းစားလား
စဉ်းစားမိသမျှကလည်း စိတ်ကူးယဉ်ဆန်ဆန် ယုံတမ်းများ
ယုံတမ်းတွေမှာတောင် ယုံစရာတွေအများကြီးရှိနိုင်တယ်
အများကြီးရှိနိုင်တဲ့အထဲကပဲ လိုချင်တာကိုရှာရမှာလား
ရှာရမလားဆိုတော့ ခင်ဗျားတစ်ခုခုပျောက်ခဲ့ပြီပေါ့
ပျောက်ခဲ့တာသေချာရင် တွေ့လိုတွေ့ငြား ကြိုးစားလေ
ကြိုးစားနေတယ်တော့ပြောတာပဲ ထိုင်ရာက မထဘူး
မထဘူးဆိုတာက ထွက်မပြေးရဲလို့ပါ
ထွက်မပြေးရဲလောက်အောင် သိပ်မှောင်နေလို့လား
သိပ်မမှောင်ရင်လည်း အိပ်ကပ်ထဲအလင်းတွေ ထည့်ထည့်မထားနဲ့
ထည့်ထားရတာများတော့ လေးပင်ခက်ခဲမှာပေါ့
ခက်ခဲလာတော့ ခင်ဗျားထွက်ပြေးချင်လာပြီ
ပြေးခြင်းကလည်း ကျန်းမာရေးအတွက်ကောင်းတယ်
ကျန်းမာရေးကောင်းတာဟာ ဘာပဲလိုလိုရခြင်းတစ်မျိုးပဲ
ဘာပဲလိုလိုရချင်ရင်တော့ ရန်ကုန်လမ်းညွှန်ရှိတယ်လေ
ရန်ကုန်လမ်းညွှန်ထဲမှာ ရန်ကုန်မြို့လေးမရှိတာ ခက်တယ်
ခက်တယ်ဆိုတော့ ခင်ဗျားထွက်ပြေးချင်လာပြန်ပြီ
ထွက်ပြေးသွားကတည်းက ဘာသတင်းမှ မကြားတော့တာ
ဘာသတင်းမှမကြားတော့ဘူး
ဦးနှောက်ထဲ . . . . အ နာ ပေါက် နေ တယ် ။ ။
သူရဿဝါ + ဇာတိ
ရေရေလည်လည်ဂွတ်တယ်ဟ
ReplyDelete