ကိုယ့်ဆီမှာ “ဧ၀” ဆိုတဲ့ ပန်းသီးလေးတစ်လုံးရှိခဲ့ဖူးတယ်။
“ဧ၀” ဟာ အီမိုဆံပင်ကလေးနဲ့ ၊ ဂျင်းပင်န်လေးနဲ့ အစိမ်းရောင်တီရှပ်လေး ၀တ်ဆင်ထားတတ်တယ်
“ဧ၀” ဟာ ဆိုရှယ်လ်ကျတယ် ၊ အင်္ဂလိပ်စကားပြောရတာကို ၀ါသနာပါတယ်
ညနေစောင်းဆိုရင် အင်းယားကန်ဘောင်ပေါ် လမ်းလျှောက်ရတာကို နှစ်ခြိုက်တယ်
ဒါ့အပြင် “ဧ၀” ဟာ လော်လီပေါ့ပ် (စုပ်ပြား)လေးတွေ သိပ်ကြိုက်သူလည်းဖြစ်နေခဲ့ပြန်တယ်
ရန်ကုန်ဆိုတဲ့ “ဧဒင်ဥယျာဉ်” ကျယ်ကြီးထဲမှာ ကိုယ့်ရဲ့“ဧ၀”လေး နွေးနွေးထွေးထွေးရှိအောင် ကိုယ်ထားခဲ့ဖူးတယ်
ကိုယ်အိပ်ရာဝင်ခါနီး ထုတ်ထုတ်ကြည့်ရတဲ့ “ပန်းသီးလေး” ဟာ “ဧ၀” ပဲဖြစ်ပါတယ်
တကယ်ပါပဲ . . . . . ကိုယ့်မှာ . . . . .
ပန်းသီးလေးတစ်လုံးရှိခဲ့ဖူးတယ်
စကားမစပ် . . . . . ကိုယ်နဲ့ “ဧ၀” ရဲ့ပတ်ဝန်းကျင်မှာ ဘုရားသခင်တစ်ပိုင်း စေတန်တစ်ပိုင်းတွေ အများကြီး ရှိပါတယ်
ငွေကြေး ၊ အောင်မြင်ကျော်ကြားမှု ၊ ဂုဏ်သိက္ခာ ၊ မာန ၊ အင်တာနက် ၊ အကျိုးဆောင်လုပ်ငန်းများ ၊
စတိတ်ရှိုး ၊ နိုက်ကလပ် ၊ တန်ဖိုးကြီးရေမွှေးနံ့ . . . . စတဲ့ ဘုရားသခင်တွေ စေတန်တွေပေါ့
စကားမစပ်ပါပဲ . . . . ကိုယ့်ရဲ့ “ဧ၀” လေးဟာ အဲ့ဒီစေတန်တွေ ၊ ဘုရားသခင်တွေနဲ့ လက်ပွန်းတတီး ငယ်ပေါင်း ကြီးဖော်တွေဖြစ်ပြန်တယ်
ကိုယ်ကတော့ “ဧ၀” နဲ့ဆန့်ကျင်စွာပဲ ကမ္ဘာဦးကျောက်ခေတ်က မွဲမွဲချာချာကဗျာဆရာတစ်ဦးဖြစ်ပါတယ်
ကိုယ်ပြောပြတဲ့ပုံပြင်တွေထဲမှာ . . . . .
ကိုယ့်ရဲ့ကဗျာလင်္ကာတွေကြားမှာ “ဧ၀” ဟာ “ဧဒင်ဥယျာဉ်”ကြီးတစ်ခုလုံးကိုရော ၊ စေတန်သူငယ်ချင်းတွေကိုပါ “ခဏလေး” မေ့ပစ်ထားခဲ့ပါတယ်
ကိုယ်နဲ့ ကိုယ့်ရဲ့ “ဧ၀လေး” ဟာ အင်းယားကန်ဘောင်ညနေစောင်းတွေဆီ ရောက်သွားတတ်ကြသလို ညလုံးပေါက်မအိပ်ဘဲ ဖုန်းပြောခဲ့ကြဖူးတယ်
“ဧ၀” ဟာ တကယ်ပဲ ကိုယ်ကလွဲရင် အားလုံးကို မေ့သွားခဲ့ဖူးပါတယ်
“ဧ၀” ဟာ ကိုယ်ကလွဲလို့ အားလုံးကို သတိပြန်ရသွားတဲ့ “တစ်နေ့” မှာတော့ ကိုယ်ဟာ . . . . .
မိုးမရွာတဲ့ မိုးရာသီတစ်ရက်ထဲမှာ မိုးရေတွေစိုရွှဲနေခဲ့ပြီ
ကိုယ့်အတွက်တော့ အဲဒီညဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ
“ဧ၀” ရဲ့ စေတန်တွေ ၊ ဘုရားသခင်တွေ ကိုယ့်ကို ၀ိုင်းဝန်းကိုက်ခဲကြ ၊ အော်ဟစ်ခြောက်ခြားကြနဲ့ သွေးပျက်ည ဖြစ်ခဲ့တယ်
ကြယ်တွေလည်း . . . ကြယ်တွေလည်း . . . ပိုးပိုးပေါက်ပေါက်ကြွေဆင်းရွာသွန်းခဲ့ပါတယ်
ညသန်းခေါင် မိုးတွေစတင်ရွာသွန်းချိန်မှာတော့ ကိုယ်ဟာ ခြောက်သွေ့လွန်းမကခြောက်သွေ့နေခဲ့ပါပြီ
အိပ်မပျော်ဘဲ အိပ်မက်ဆိုးတွေမက်တယ် . . . .
ကိုယ်ဟာ . . . စာခြောက်ရုပ်တစ်ရုပ်ဖြစ်သွားလိုက် ၊ ကန္တာရဖြစ်သွားလိုက်နဲ့ . . . .
တဆစ်ဆစ်ပဲ့ ကြွေ နေခဲ့တယ်
“ဧ၀” ရဲ့ဖုန်းကိုခေါ်မိလား . . . ဒီနေ့ ရက်စွဲကိုပဲ ရေရွတ်နေမိသလားမသိပေမယ့် သေချာတာကတော့ “ဧ၀” ရဲ့ အသံကို မကြားခဲ့ရဘူးဆိုတာပါပဲ
အရာအားလုံးဟာ တခဏလေးအတွင်း ပြောင်းလဲသွားခဲ့ပါတယ်
ဒီနေ့တစ်နေ့တည်းမှာတင် ကိုယ်ဟာ “ဧ၀”ရဲ့ “အာဒံ” ဖြစ်ခဲ့ရပြီး ခဏလေးအတွင်းမှာပဲ “ဧ၀” ရဲ့ “အာဒံ” ပေါင်း မြောက်မြားစွာထဲကတစ်ယောက် ဖြစ်သွားခဲ့မှန်းသိလိုက်ရတယ်
“အသည်းကွဲသူအတွက် အဲဒီအဖြစ်အပျက်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်” ဆိုတဲ့စကားနဲ့ကွဲလွဲပြီး
ကိုယ် . . . . ကဗျာတစ်ပုဒ်မှရေးလို့မရခဲ့ပါဘူး
“ဧ၀” ဟာ ကိုယ့်ကဗျာတွေကိုပါ သယ်ဆောင်သွားခဲ့ပြီ
ကိုယ်နဲ့ ကိုယ့်စိတ်ဝိဥာဉ်ပြန်ပေါင်းစပ်မိချိန်မှာတော့ ကိုယ့်ကိုစိုက်ကြည့်နေတဲ့ အစွယ်ထက်ထက် “မြွေ” တစ်ကောင်ကိုပဲ ကိုယ့်အနားမှာတွေ့ပါတော့တယ်
အဲ့ဒီမြွေဟာ . . . ကိုယ်သိပြီ . . . အဲ့ဒီမြွေဟာ . . . ကမ္ဘာဦးကအဖြစ်အပျက်တွေထဲမှာ “ဧ၀” ကို ရစ်ခွေထားခဲ့ဖူး တဲ့မြွေပါပဲ
ဒီလိုနဲ့ . . . . . ကိုယ် . . . . အရာအားလုံး . . . “ဧ၀” . . . . .
ပြီးဆုံးသွားတယ်
တစ်ခါက ကိုယ့်မှာ “ဧ၀” ဆိုတဲ့ ပန်းသီးလေးတစ်လုံး ရှိခဲ့ဖူးပါတယ်
“ဧ၀” ထွက်ခွာသွားတဲ့အချိန်မှာ “ဧ၀” ဟာ ကိုယ့်ဆီက ပန်းသီးတစ်ခြမ်းကို ယူဆောင်သွားခဲ့တယ်
နင့်နင့်နက်နက် မြတ်မြတ်နိုးနိုးနဲ့ပဲ အဲဒီ “ပန်းသီးခြမ်းလေး” ကို ကိုယ့်ဝတ်ရုံအောက်မှာ သိမ်းထားလိုက်ပါတယ်
ဒါပေမယ့် နောက်တစ်ခေါက်ပြန်ကြည့်မိတဲ့အခါ ကိုယ့်ဆီမှာ “ပန်းသီးခြမ်းလေး” ပါ မရှိတော့ဘူး . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . .
. . . . . . . . . .
. . . . . . . . . .
တစ် ခါ တုန်း က တော့ . . . . .
“အာ ဒံ” ရဲ့ ၀တ် ရုံ အောက် မှာ ပန်း သီး လေး တစ် ခြမ်း နဲ့
နံ ရိုး အ ပို တစ် ချောင်း ရှိ ခဲ့ ဖူး ပါ တယ်
ဒီနေ့တစ်နေ့တည်းမှာတင် ကိုယ်ဟာ “ဧ၀”ရဲ့ “အာဒံ” ဖြစ်ခဲ့ရပြီး ခဏလေးအတွင်းမှာပဲ “ဧ၀” ရဲ့ “အာဒံ” ပေါင်း မြောက်မြားစွာထဲကတစ်ယောက် ဖြစ်သွားခဲ့မှန်းသိလိုက်ရတယ်
ReplyDelete“အသည်းကွဲသူအတွက် အဲဒီအဖြစ်အပျက်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်” ဆိုတဲ့စကားနဲ့ကွဲလွဲပြီး
ကိုယ် . . . . ကဗျာတစ်ပုဒ်မှရေးလို့မရခဲ့ပါဘူး
“ဧ၀” ဟာ ကိုယ့်ကဗျာတွေကိုပါ သယ်ဆောင်သွားခဲ့ပြီ<---- ငါခံစားရတယ်...တကယ်ပဲ..ဒီစကားလုံးလေးတွေကို
`အာဒံရဲ့ဝတ်ရုံအောက်မှာနံရိုးအပိုတစ်ချောင်းရှိခဲ့တယ်´ ကို ထပ်တူထပ်မျှ ခံစားသွားတယ် . . .
ReplyDeleteအဲ့ဒိ နံရိုးအပိုလေးနဲ့ ဖြစ်နိုင်မယ်ဆိုရင် ပြန်ဆုံနိုင်ပါစေလို့ . . .