“ကျနော်နဲ့ ဂွတီးဂွကျများ (၉)”
ခေါင်းစဉ်ကြောင့်ပဲ ဖြစ်နေသလားတော့ မသိပါဘူး။ ဂွတီးဂွကျများကို မရေးဖြစ်တာ တော်တော်ကို ကြာခဲ့ပြီ။ အဲဒီ ဂွတီးဂွကျများ စာစုလေးတွေ ရေးဖို့ကို အခု ကျနော် တော်တော်ကို ဂွကျကျဖြစ်ရပါတယ်။ တခြားအကြောင်းတော့ မဟုတ်ပါဘူး။ အရင်တုန်းကတော့ အခုထက်စာရင် အများကြီးအားတော့ ဘာပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခု ရေးမိနေတယ်။ အခုတော့ အလုပ်တာဝန်တွေ များလာတဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်တွေ တော်တော်များများကို စွန့်လွှတ် ထားရသလို ဖြစ်နေပါတယ်။ အခုဆို ကျွန်တော် ဟုတ်တိပတ်တိ စာမရေးဖြစ်တာ တော်တော်ကိုကြာပြီ။ ဝတ္ထုတို့၊ ဆောင်းပါး တို့လို ရသစာပေပိုင်းကို အချိန်ပေး ရေးချင်ပေမယ့် မရေးနိုင်ဘူး။ ကဗျာတွေတောင် နှစ်ပတ် သုံးပတ်နေမှ တစ်ပုဒ်လောက်ပဲ ရေးဖြစ်တော့တယ်။ ကျနော့် ဘလော့ဂ်ဖြစ်တဲ့ “ရသစာပေ အနုပညာ ဘလော့ဂ်” ကိုတောင် “ရသစာမပါ အီးယောင်ဝါး ဘလော့ဂ်” လို့ နာမည်ပြောင်းရင် ကောင်းမလား စဉ်းစားနေရပါပြီ။ ကဲပါ … ရယ်ဖို့ပြုံးဖို့ ဂွတီးဂွကျများ လာဖတ်တဲ့သူတွေ မရယ်ရဘဲ စိတ်ညစ်အောင် လုပ်သလို ဖြစ်နေပါဦးမယ်။ တကယ် ပြောချင်တာက ဒီလိုပါ။ စာတွေ မရေးနိုင်တော့ လက်ကျသွားပြီး အရင်လို ဖတ်လို့ ကောင်းချင်မှ ကောင်းမှာမို့လို့ အားနာလို့ ကြိုတောင်းပန် ထားချင်တာပါ။ တတ်နိုင်သလောက်တော့ ကြိုးစား ထားပါတယ်။ ဖတ်ကြည့်ကြပါဦး။
ဘယ်သူ ကိုယ့်လောက်လှသလဲ
ဒါကတော့ Mysuboo က အစ်ကိုကြီး တစ်ယောက်၊ သူ့အကြောင်း ဖောက်သည်ချ မလို့ပါ။ သူဖြစ်တဲ့ ဂွကျကျ ကိစ္စက သူ့ကိုယ်သူလည်း သိပုံမပေါ်ဘူး ….. ဖြစ်နေတာ။ ဒီဖက်မှာ သူလုပ်ထားတာကို မြင်နေရတဲ့ သူကသာ အူတွေနာ နေအောင် လှိမ့်ပြီး တစိမ့်စိမ့် ရယ်နေရတာဗျာ။ အင်း … Mysuboo.Com ကို အစပိုင်း ကတည်းက သုံးခဲ့ဖူးတဲ့ Old User တွေ ဆိုရင်တော့ အဲဒီ အစ်ကိုကြီးကို သိပါလိမ့်မယ်။ ကိုရွှေဖုန်းလူ … ပါ။ သူ့ကိစ္စက ဘယ်လို ဂွကျကျလဲ ဆိုတော့ … ကြာတော့ ကြာပါပြီ။ ဟိုလွန်ခဲ့တဲ့ သုံးလလောက်ကပေါ့။ သူက Gtalk ရဲ့ Custom Message မှာ တင်ထားတယ်။ “လင်းတလောက်တော့ ငှက်တိုင်းလှတယ်” တဲ့။ အဲဒီ အထိက ဘာမှမဖြစ်ဘူး။ ဖြစ်တာက အဲဒီစာရဲ့ဘေးမှာ သူ့ပုံကြီး ပြုံးဖြီးဖြီးကြီး တင်ထားတာဗျာ။ ပထမတော့ ကြောင်သွားတယ်။ ဘာတုန်းပေါ့ …. ဘာကို ဆိုလိုချင်တာလဲပေါ့။ သူ့ကိုယ်သူ ပြန်သရော် ထားတာလား … ဘာလားညာလား လျှောက်စဉ်းစား နေသေးတယ်။ နောက်မှ အော် … တင်ချင်တဲ့စာက သပ်သပ်၊ သူ့ပုံတင်ထားတာက သပ်သပ်၊ အဲဒီနှစ်ခု ဆက်စပ်မှု မရှိဘူးဆိုတာပေါ့။ ဒါပေမယ့်လည်းဗျာ …. တွေးကြည့်ကြပါ သူ့ Chat Box အပေါ်ကို Mouse Pointer ထောက်လိုက်ရင် သူ့စာကြီးဖြစ်တဲ့ “လင်းတလောက်တော့ ငှက်တိုင်းလှ” ဘေးမှာ ကပ်လျက် ပြုံးပြုံးကြီး ပေါ်လာတာက သူ့မျက်နှာကြီး ဆိုတော့ မရယ်ချင်ဘဲ နေတော့မလား။ မျက်နှာက ခပ်တည်တည် တင်ထားတာဆိုလဲ တော်သေးတယ်။ သူ့မျက်နှာကြီးကို မလှလှအောင် အတင်းကာရော ပြုံးထားပြီးမှ ဘေးက လင်းတလောက်တော့ ငှက်တိုင်းလှပါတယ် ဆိုတော့ သူကပဲ လင်းတလိုလို … ဘာလိုလို …. တော်တော်ဂွကျတဲ့ လူကြီးပဲဗျာရို့။
You Don’t Hack Me
ဒီတစ်ခါလည်း အိုင်တီလောကထဲက ရယ်စရာ ကိစ္စလေးပဲ။ ဒါကတော့ ကျွန်တော် ညီလေးတစ်ယောက်ကို နောက်ချင်စိတ်တွေ ရင်ထဲ ကလိကလိ ဖြစ်လာလို့ နောက်ထားလိုက်တာပါ။ ကောင်လေးက တော်တော် ငယ်ပါ သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ တန်းတူ နည်းပညာ ခေတ်ကြီးမှာ စပြီးကူးခတ်နေပြီ။ နောက်ပြီး ကျွန်တော်တို့ ပရဟိတ အလုပ်တွေ လုပ်ရင် အမြဲတမ်း တက်တက်ကြွကြွ ရှိနေတတ်တဲ့ ကောင်လေး။ သူနဲ့ အပြင်မှာ စပြီး ခင်ကတည်းက ကျွန်တော်က သူ့ကို နောက်ခဲ့တာပါ။ အဲဒီတုန်းကလည်း ရယ်ရတယ်။ ဝါဆိုလပြည့်နေ့ ရွှေတိဂုံ ဘုရားမှာ အအေးကပ်ကြဖို့ ကျွန်တော်တို့တွေ ဘုရား ရင်ပြင်တော်ပေါ်မှာ ရှိနေတုန်းကပေါ့။ တစ်ဖွဲ့လုံးထဲမှာ သူအငယ်ဆုံး။ ကျွန်တော်က သူ့ကို မေးတယ်။ “ညီလေး … မင်း နာမည် ဘယ်လိုခေါ်တုန်း” ဆိုတော့ သူက ရင်ကလေး ကော့ပြီး သူအွန်လိုင်းမှာ သုံးတဲ့ နာမည်ကို တစ်လုံးချင်း ဖြေတယ်။ “မိုး … လုံး … ပြည့် … လျှံ” တဲ့။ သူ့နာမည်ကြားတော့ ကျွန်တော်က နောက်ချင်ရော … ။ အဲဒါနဲ့ ချက်ချင်းပဲ “အောင်မာ … မင်းက ငါ့ရှေ့မှာ ပမာမခန့်၊ နာမည်ကြီးကိုက မိုးလုံး ကိုမှ ပြည့်ပြီး လျှံတောင် နေသေးတယ် ဆိုတော့ မင်းက သက်သက်ကြီးကျယ်တာပဲ၊ ဒီလောက်တောင် ဖြစ်လှတာ ဒီထက်ပိုပြီး ကြီးကျယ်အောင် ငါထပ်ဖြည့်ပေးလိုက်မယ်၊ မင်းနာမည်ကို မိုးလုံးပြည့်လျှံနောက်က တုတ်တုတ်ထွား လို့ ထပ်ဖြည့်လိုက်ကွာ၊ မိုးလုံးပြည့်လျှံတုတ်တုတ်ထွား ပေါ့ ဟဲဟဲ” လို့။
အခု ဒီတစ်ခေါက်လည်း ဘာရယ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်နေ့က သူ ကျွန်တော့်ကို Gtalk မှာ Account အသစ်နဲ့ Add လုပ်လာတယ်။ အဲဒါနဲ့ ကျွန်တော်က အခုလက်ရှိ သုံးနေတဲ့ အကောင့်က ဘာဖြစ်လို့လဲလို့ မေးတော့ သူက သိပ်ပြီး မလုံခြုံတော့လို့ တဲ့။ အဲဒါကြောင့် နောက်ထပ် Account အသစ်ထဲမှာ ပြန်ပြီး Add လုပ်ထားတာပါတဲ့။ အဲဒီမှာ ရုတ်တရက် ကျွန်တော်က “ကြပ်” ချင်စိတ် ပေါ်လာရော။ ဒါနဲ့ပဲ အောက်ပါအတိုင်း ကျွန်တော် သူ့ကို စိတ်အေးလက်အေး ထိုင်နောက်ပါတော့တယ်။
ကျွန်တော်။ နေပါဦး .. မင်းကလည်း Web 3.0 တောင် ဖြစ်တော့မယ်၊ ကိုယ့် Account ကိုယ် Save ဖြစ်အောင် လုပ်ထားလို့ရတဲ့ Password ပေးနည်းရှိတယ်လေ မသိဘူးလား
မိုးလုံး။ သိဘူး ကိုကြီး
ကျွန်တော်။ ငါတောင် Password ကို အဲဒီနည်းပဲသုံးပြီး ပေးထားတာ၊ မသိရင်ပြောပြမယ်၊ အဲဒီတိုင်းလုပ်လိုက်၊ လုံခြုံတယ်ကွ
မိုးလုံး။ အင်း … ဘာလဲ ယူမယ်
ကျွန်တော်။ ဒီလိုကွာ … မင်းရဲ့ အခုလက်ရှိ Password ကို အသစ်ပြန်ချိန်းရမယ်၊ မင်းရဲ့ Password ကို ရှေ့ဆုံးမှာ ဖြစ်ဖြစ်၊ နောက်ဆုံးမှာ ဖြစ်ဖြစ် Do not Hack ဆိုတဲ့စာလုံးကို ပါအောင်ထည့် … ဟဲဟဲ ငါ့ကိုလာမဟက်နဲ့ ဆိုတဲ့ သဘောပေါ့ကွာ၊ ပြီးရင် .. အလယ်က ကိုယ်ကြိုက်တဲ့ စာလုံးကို Password အနေနဲ့ ပေးပေတော့။ Password က ရှည်လေ ကောင်းလေပဲနော်
မိုးလုံး။ ဟုတ် … အစ်ကို
ကျွန်တော်။ အဲ … တစ်ခု သတိရလို့ ပြောလိုက်ဦးမယ်၊ မင်းရဲ့ Password စာလုံးထဲမှာ ဆဲတဲ့စာလုံးမျိုး ယောင်လို့မှ သွားမထည့်လေနဲ့နော်၊ ဥပမာ - Shit တို့ ဘာတို့ပေါ့ကွာ၊ အဲဒီစာလုံးမျိုးက ဟက်ကာတွေ အကြိုက်ကွ၊ သိလား။
မိုးလုံး။ ဟုတ် … ဒါဖြင့် ဒီလိုပေါ့နော် အစ်ကို။ moelonedonothack ဒီလိုပေါ့ ဟုတ်လား။
ကျွန်တော်။ အေးပေါ့ကွ … ဒါပေါ့။
မိုးလုံး။ ကျွန်တော် အဲဒီလို လုပ်ထားရင် ဂယ်ကြီး အဟက်မခံရတော့ဘူးပေါ့နော် အစ်ကို .. ဟုတ်လား။
ကျွန်တော်။ အဟေးဟေး … အေးပေါ့ကွာ … ဟက်ချင်သလိုဟက် အေးဆေးပဲပေါ့ ဟဲဟဲ။
သူ့ကို ထိုင်နောက်နေရင်းနဲ့ ကျွန်တော့်မှာ ရယ်လိုက်ရတာ အမောပဲဗျာ။ ကောင်လေးကတော့ တကယ်ထင်ပြီး အဲဒီနည်းကို သူများတွေပါ လျှောက်ပေးနေရင် ဒုက္ခ။ အဲဒါနဲ့ နည်းနည်း ရယ်လို့ဝသွားတော့ ကျွန်တော် သူ့ကို ထပ်ပြီး “ပင့်” လိုက်သေးတယ်။ “မင်း … မဆိုးဘူး မိုးလုံးရ။ သဘောပေါက်လွယ်တယ်။ တချို့လူတွေကွာ … ပြောမကောင်း ဆိုမကောင်း သင်ပေးလို့လည်းမရ အရမ်းကို လက်ပေါက်ကပ်တာကွ၊ ဒီလောက်လွယ်တဲ့နည်း ပြောပြတာတောင် နားမလည်ကြဘူး” လို့ပြောလိုက်သေးတယ်။ အမယ် … သကောင့်သားလေးက အဟုတ်မှတ်ပြီး ကျွန်တော့်ကို ပြန်ပြောသေးတာ။ “ကျွန်တော်က သင်ပေးရင် ခဏလေးနဲ့ တတ်ပါတယ် အစ်ကိုရ” တဲ့။
နောက်နေ့ကျမှ သူ့ဟာသူ အကြပ်ခံရမှန်းသိသွားပြီး ကျွန်တော့်ကို လာပြောပါလေရော။ “အစ်ကိုဗျာ … မကောင်းဘူးဗျာ၊ ကျွန်တော်က အဟုတ်မှတ်လို့ ယုံလိုက်ရတာ” တဲ့။ (အဟဲ … ညီလေး မိုးလုံးရေ …. ငါတော့ မနေနိုင်လို့ ရေးလိုက်ပြီ … စိတ်မဆိုးနဲ့နော် …. အချင်းချင်း ချစ်လို့ကျီစယ်တာပါကွာ)
ဟယ်လို …. သင်္ကန်းကျွန်းရဲစခန်းကပါ
နည်းနည်းတော့ ကြာပါပြီ။ တစ်ခါပေါ့ … ကျွန်တော်က တခြားကိစ္စ တစ်ခုနဲ့ အပြင်မှာ ရောက်နေတယ်။ ညအပြန် မိုးချုပ်မှာ ဆိုတော့ အိမ်ကို ဖုန်းဆက်ပြီး ပြောထားမယ်လို့ စိတ်ကူးရတယ်။ အဲဒါနဲ့ အိမ်ကို ဖုန်းလှမ်းဆက် ပါလေရော။ ဖုန်းက ခေါ်နေတဲ့ အချိန်လေး တိုတိုလေး အတွင်းမှာ (အမြဲတမ်း မကောင်းတဲ့) သူများကို စချင်နောက်ချင်တဲ့ စိတ်က ဖျတ်ခနဲ ပေါ်လာတယ်ဗျာ။ အဲဒါနဲ့ ဖုန်းလည်း ဝင်သွားရော အိမ်က ဖုန်းလာကိုင်မယ့် အမေ့ကို နောက်ဖို့က အဆင်သင့် ဖြစ်နေပြီ။ စစချင်း ဖုန်းလာကိုင်တာက အဒေါ်ပါ။ အဲဒါနဲ့ ပြောလိုက်တယ် “ဒီမှာ ဒေါ်ခင်လေးယု ရှိရင် ခေါ်ပေးပါ … သင်္ကန်းကျွန်း ရဲစခန်းကလို့ ပြောပေးပါ” လို့။ အဲဒါနဲ့ ဖုန်းကိုင်တဲ့ အဒေါ်လည်း အမေ့ကို သွားခေါ်ပေးပါတယ်။ ခဏနေတော့ အမေက ဖုန်းလာကိုင်တယ်။ ကျွန်တော် သိပါတယ်။ ကျွန်တော်ရော၊ ကျွန်တော့်ညီရော နှစ်ယောက်လုံး အိမ်မှာလည်း မရှိဘူး ဆိုတဲ့အချိန် ရဲစခန်းက ဖုန်းလာတယ် ဆိုတော့ ဘယ်သူများ ရန်ဖြစ်လို့ ရဲစခန်းရောက်နေပြီလဲ မသိဘူးလို့ တွေးပြီး ဖုန်းလာကိုင်မှာပဲ ဆိုတာပေါ့။
“ဟယ်လို ….”
“ဒေါ်ခင်လေးယုလား မသိဘူး ခင်ဗျ”
“ဟုတ်ပါတယ် …. ပြောပါ” (ကျွန်တော့်အသံကို အမေ မမှတ်မိဘူး)
“ကျွန်တော်က သင်္ကန်းကျွန်း ရဲစခန်းကပါ”
“ဟုတ် … ဘာများဖြစ်လို့လဲ မသိဘူး” (အမေ့အသံက သိပ်မထွက်ချင်ဘူး)
“ကျွန်တော် နှစ်လုံးထီ ထိုးချင်လို့ပါ”
“ဟမ် … မရဘူးလေ၊ ကျွန်မက ဒိုင်မှမဟုတ်တာ၊ ကျွန်မ အဲဒါမျိုးတွေ မလုပ်ဘူး”
“အော် .. ဟုတ်လား၊ ဒါဖြင့်ရင် ဘောလုံးပွဲရော လောင်းလို့ရမလားခင်ဗျ”
“အာ … မရပါဘူးဆို … ကျွန်မဆီမှာ လောင်းလို့ရတယ်လို့ ဘယ်သူပြောလို့လဲ”
“ဟုတ်ကဲ့ .. ဟုတ်ကဲ့ … ဒါဖြင့် ဒီနေ့ ဘာတစ်လုံးကောင်းလဲဟင်”
“ဟာ …. ဘယ်လိုလူလဲ မသိဘူး ဒုက္ခပါပဲ … လူမှားနေပြီထင်တယ်” (အမေ့ အသံက တော်တော် စိတ်ရှုပ် လာတဲ့အသံ)
အဲဒီတော့မှ ကျွန်တော်လည်း တဟီးဟီး ရယ်ပြီးတော့ အခုဖုန်းဆက်နေတာ ကျွန်တော်ပါလို့ ပြောရပါတယ်။ စိတ်ကူးပေါ်လာလို့ နောက်တာလို့ ဆိုတော့မှ အမေက ကျွန်တော့်ကို “ဘာကောင်မှန်း မသိဘူး .. ငရှုပ်” ဆိုတာကနေ စပြီး ပယ်ပယ်နယ်နယ် ကောင်းချီး ပေးပါတော့တယ်။ အဲဒီလိုပဲ .. ကျွန်တော်က နောက်စရာလူ မရှိတော့ရင် ကိုယ့်အမေတောင် ကိုယ် ချမ်းသာမပေးဘူး။ နောက်နေကျ … ဟဲဟဲ။
သူရဿဝါ
နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၀ ခုနှစ်
ဟေ့တော်တော်ရီရတယ် နောက်လည်းလာဖတ်မယ်
ReplyDelete