Saturday, August 29, 2009

အတိတ်ယောင်ဆောင်ခြင်း




ဒဏ်ရာတွေထည့်သီထားတဲ့ကြိုးထဲမှာ
အမှောင်က အလျားလိုက်ဆန့်တန်း
ဒီလို . . . . ဖွာရရာ မှုန်မှိုင်းလွင့်ကျဲစိတ်နဲ့
ကိုယ့်ကိုယ်ကို အမဲလိုက်ထွက်မိတယ်


ဝေးလွင့်သီချင်းပါ
ပြန်မဆုံနိုင်အောင် ထွက်ခွာသွားတဲ့ခရီးပါ
တိုးတိတ်ညံ့သက်စွာ . . . .
သံသရာကို လက်ဖ၀ါးတစ်ဖက်တည်းနဲ့
ရပ်တန့်ပစ်လိုက်ချင်တယ်


နှုတ်ဆက်ခြင်း” ဆိုတာ
နင့်သွေးကြောမျှင်မျှင်လေးထဲက အက္ခရာတစ်လုံး
ငါ့ဆီမှာ လာရောက်သေဆုံးသွားတာပါပဲ


မိုးတွေရွာသလို ကြယ်တွေလည်းရွာနေ
အခုအချိန်မှာ “နင်”ကလွဲရင်
ငါ . . . . ဘာမဆိုဖြစ်လိုက်ချင်ရဲ့


ကဝေမြူခိုး သံရိုင်းခေတ်ဆိုးများထဲ
ယိုင်ရွဲ့တည်မှီရင်း “နင်းချင်နင်းသွားလေ” လို့
ကျောခင်းပေးမိတယ်
ငါ မပျင်းရိပါဘူးကွယ်


တကယ်တော့ နင်ဟာ . . . .
တေလေမီးတစ်စပါ
နင့်လက်သည်းအရှည်တွေလိုပဲ
နင်ဟာ . . . .  ချွန်ချွန်ရှရှ လှပလို့
ငါ့အသွေးအသားကိုပါ ထိုးသုတ်ချီယူပြီး . . . .


ဒါဟာ ပင်လယ်ဖြစ်ချင်ခဲ့တဲ့ကောင်
တိမ်ခိုးတိမ်ငွေ့ငတ်ခဲ့ရသလိုမျိုး
ဘယ်ကိုမှမစီးဆင်းဘဲ ရပ်တန့်ခဲ့ရသလိုမျိုးပေါ့


ဆိုးလိုက်တာကောင်မလေးရယ် . . . .
အခုထိလည်း နင့်မျက်နက်ဝန်းတွေက
လောကမာယာထက် “နာ”တယ်ထင်နေတုန်း


ဟောဒီညမှာပါပဲ . . . . .
ဒဏ်ရာဆိုတာ စိတ်မှာအနက်ရှိုင်းဆုံးပွင့်လာတဲ့
ပန်းပွင့်ဖြစ်တယ်” လို့ ထပ်ခါတလဲလဲရွတ်ရင်း
တစ်ခါက နတ်သမီးထောင်ချောက်လေး
                            ငါနဲ့ ဝေးသွားခဲ့ဖူးတယ် ။                              ။





2 comments:

  1. ဟောဒီညမှာပါပဲ . . . . .

    “ဒဏ်ရာဆိုတာ စိတ်မှာအနက်ရှိုင်းဆုံးပွင့်လာတဲ့

    ပန်းပွင့်ဖြစ်တယ်” လို့ ထပ်ခါတလဲလဲရွတ်ရင်း

    တစ်ခါက နတ်သမီးထောင်ချောက်လေး

    ငါနဲ့ ဝေးသွားခဲ့ဖူးတယ်

    ကောင်းလိုက်တဲ့ ကဗျာလေးပါ . . . . . ဒါပေမဲ့ မနှစ်က အရေးအသားနဲ့ ဒီနှစ်အရေးအသား သိပ်မကွာ သလိုပဲ သိပ်မတက်လာဘူး ညီ သေသေချာချာ ကြိုးစား . . . . ဟုတ်ပြီးလား ဟိဟိဟိဟိဟိဟဟိဟိ

    ReplyDelete
  2. “နှုတ်ဆက်ခြင်း” ဆိုတာ နင့်သွေးကြောမျှင်မျှင်လေးထဲက အက္ခရာတစ်လုံး ငါ့ဆီမှာ လာရောက်သေဆုံးသွားတာပါပဲ
    မိုးတွေရွာသလို ကြယ်တွေလည်းရွာနေ အခုအချိန်မှာ “နင်”ကလွဲရင် ငါ . . . . ဘာမဆိုဖြစ်လိုက်ချင်ရဲ့ <--- နှစ်သက်မိတဲ့ကဗျာ...

    ReplyDelete