Tuesday, August 25, 2009

ဒီကဗျာက ကဗျာမဖြစ်ခင်နဲ့ ဟိုကဗျာက ကဗျာမဖြစ်ခင်


အဲဒီတော့ …….
ဘာတွေဖြစ်ခဲ့သလဲမသိဘူး
ခင်ဗျားရော ကျုပ်ရော
ရူးသွပ်ခြင်းကိုမှ ချောဆီထပ်ဖြည့်နေကြတာ
ကဗျာမီးလုံးကလေး
“ဖျတ်” ခနဲလင်းလာ “ဖျတ်” ခနဲ ပျောက်ကွယ်သွား
အဟုတ်ပဲ …….. ကျုပ်တစ်ကိုယ်စာ “ဒိတ်” ပျောက်နေရှာ
“ဒိတ်” အောက်နေရှာ …. ပြီး စိတ်ဖောက်နေရှာ
ခင်ဗျာ့အနုပညာထဲက ရပ်ကွက်အထာ ၊ ဘန်းစကား ၊ အလန်းစကား
ပိုအက်တစ်လိုင်စင်နဲ့ ခင်ဗျားဟာ တံခါးမရှိ ဓါးမရှိ
သူရသတ္တိနဲ့ပြည့်စုံသော ……… ခင်ဗျားရဲ့အကြင်နာတရားကင်းမဲ့မှု
မလွယ်ဘူး ……. ခင်ဗျားရဲ့ ကျုပ်စိတ်ကို ပြာခြွေချမှုဟာ ……
ဒီလိုနဲ့ ပျော့ညံ့ခြင်းကိုသုံးပြီး ကျုပ် သူရဲကောင်းဆန်လိုက်ရတယ်
ကျုပ် ခင်ဗျားကြောင့်တကယ်မလွယ်တော့ဘူး
ဘာကိုမှလွယ်မထားနိုင်တော့ဘူး ဘာကိုမှအလွယ်သဘောမထားနိုင်တော့ဘူး
တဆစ်ဆစ်/ တဆင့်ဆင့် အရည်ပျော်ကျ
ခင်ဗျားကဗျာက ကဗျာမဖြစ်ခင်နဲ့ ……. ကျုပ်ကဗျာက ကဗျာမဖြစ်ခင်မှာ …..
တကယ်တော့ ခင်ဗျားဟာ အစွယ်တငေါငေါနဲ့ ကဗျာဘီလူး
ခင်ဗျားဟာ ကဗျာသိုက်တူးသူ
ခင်ဗျားကိုယ်တိုင် ကဗျာမဖြစ်ခင်နဲ့ …….. ကျုပ်ဟာ ခင်ဗျားကဗျာဖြစ်မသွားခင်
အတည်ပေါက်ပြောတာပါ
ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်ရှိတဲ့အထဲမှာ
ခင်ဗျားကို ကျုပ် အချစ်ဆုံးပဲ
ရောင်စုံမီးပုံးထွန်းထားနိုင်တဲ့ ကိုယ်ထူကိုယ်ထ ကဗျာဆရာ
ခင်ဗျားရဲ့ တန်ဖိုးကြီး အစာသွပ်ကဗျာတွေ
ခင်ဗျားရဲ့ လူသက်စိတ်သက် ချိန်ခွင်လျှာဇောက်ထိုးကဗျာတွေ
သုညအောက်မဂ္ဂါပစ်ဇယ်လ် ၊ ဇာတ်လမ်းပဒေသာ နဲ့
ကျုပ်ရဲ့ မိုးလင်းပေါက်ညများ ………
ရူးကြတာချင်းအတူတူ ခင်ဗျားကပိုပြီး ဆိုးသွမ်းလာတယ်
ဒီကဗျာရော ဟိုကဗျာပါ ကဗျာမဖြစ်ကြသေးခင် ………
ခင်ဗျားပိုင်မီးပုံးကလေး လင်း လာ
ဘယ်တော့မှ ပြန်မပိတ်တော့ဘူး  ။                             ။

( ကဗျာဆရာလင်းရမ္မာ အား ဤကဗျာဖြင့် အလေးပြုအပ်ပါသည်)



No comments:

Post a Comment