Thursday, June 25, 2009

လူမွဲသီချင်း

အဲဒီလိုနဲ့ မလျှောက်ဖြစ်တာကြာတဲ့ လမ်းတွေပေါ်ပြန်ရောက်လာကြတယ်။ ဇာတိနဲ့ သူရဿဝါ ….. ။ ခါတိုင်းလို မဟုတ်ဘူး။ ချစ်သူ့သီချင်း၊ လွမ်းဆူးရူးမိုက်တဲ့သီချင်း … တစ်ပုဒ်မှဆိုလို့မရကြပါဘူး။ စိတ်လေလွင့်မှုနဲ့ ဒုက္ခကိုယ် ထည်အောက်မှာ ….. မှောင်မိုက်ရင်း ဒါကိုရေးမိကြပါတယ်။ ကဗျာက `လူမွဲသီချင်း´ ပါ။
လူမွဲသီချင်း
တစ်ကိုယ်စာလင်းဖို့လောက်တော့
ဖယောင်းတိုင်ကလည်း တတ်နိုင်တယ်
ကျွန်တော့်အိမ်ကလေးဟာ
တချို့ကားတွေလောက် တံခါးပေါက်မများဘူး
သိမ်ငယ်နေရှာ

သိမ်ငယ်နေရ
အရေပြားတွေ ပါး….. ပါးလာတယ်
လစ်ဟာနေတဲ့
အစာအိမ်တစ်ခုရဲ့အော်သံ
မီးတောက်တွေကျကွဲသွားရသလို
ပူပြင်းခါးသက်မှုနဲ့
ဒီသီချင်းကိုဆိုဖို့
နှုတ်ခမ်းတွေ ခြောက်အက်ကွဲဖွာ
ဒီသီချင်းမှာ ……..

ဒီသီချင်းမှာကိုက
ကျွန်တော့်ဘ၀ကို ပြဌာန်းပြီးသား
ချို့တဲ့ခေါင်းပါးခြင်းဟာ
လူကုံထံတို့ ခေါင်းတစ်ချက်ရမ်းလိုက်သလောက်ပဲ
ကျွန်တော့်ချို့တဲ့မှုဟာ …
ရုပ်သံအစီအစဉ်တွေအစား ကျွန်တော်က
အိမ်အပြင်ဘက်ကိုပဲ လှမ်းလှမ်းကြည့်တယ်
သူလိုကိုယ်လို … ဖြတ်လျှောက်သွားကြ

ဖြတ်လျှောက်သွားရခြင်းမှာ
ခရီးကတော့ နီးတယ်
လမ်းတွေက ဝေးနေခဲ့တာ …
စိတ်ခံစားမှု ဖုန်မှုန့်တစ်ချို့
ထင်ယောင်ထင်မှား နားလည်ခြင်းတွေ
အရေပြားပါးပါးလေးဆီ
လေပြေတွေ မလာတော့ဘူး …
ကျွန်တော် ဆက်လျှောက်နေပါတယ်
ခြေထောက်တွေ ရှိနေသရွေ့လေးတော့ …

ခြေထောက်တွေ ရှိသေးတာပဲ
ရုပ်နဲ့နာမ်စွမ်းအင် အစားထိုးမှု
ဒါဟာ လူမွဲသီအိုရီပါ
ဒါဟာ လူမွဲသီချင်းပါ
ကျောပြောင်ပြောင်နဲ့ … အသံဝါ၀ါကြီးနဲ့
ကျွန်တော် အမျိုးအမည်မသိ သီချင်းတွေ အော်ဆိုလို့
`လေအေးပေးစက်တပ်ထားတဲ့အခန်းပဲ´ ဆိုပြီး
လေတဟူးဟူး ကွင်းပြင်ထဲ
ကျွန်တော့်ကိုယ်ကျွန်တော် လွှတ်ပေးလိုက်တယ်
မျှော်လင့်ချက်နဲ့ ဖြစ်တည်မှု တန်ဖိုးချင်းဖလှယ်တာ
ဒီလိုနဲ့ပဲ … လူးလာခေါက်တုံ့

လူးလာခေါက်တုံ့ လောကမှာ
ရာသီဥတုတွေသာ ဇာတ်တိုက်ထားသလိုပြောင်းလဲ
ကျွန်တော်ကသာ ဇာတ်လိုက်ထင်နေမိ
ဆက်တိုက် ဆက်တိုက် ဇာတ်ဝင်စကားပြောခန်း
အသံတွေကတော့ ချိုပါတယ်
မျက်နှာတွေပဲ ခါးနေတာ …

မျက်နှာတွေကအစခါးနေ …
အစာရေစာပြတ်လပ်မှုက
ကျွန်တော့်အိမ်အိုလေးမှာ
ဘယ်လောက်ကြာကြာ တည်းခိုမလဲ …
ဒဏ်ရာတွေရရင်း … ဖုန်မှုန့်တွေသိပ်ထည့်ရင်း
ဒဏ်ရာတွေထပ်ရရင်း
အိုဗာတင်းမသောက်နိုင်တဲ့ဘ၀မှာ
ကျွန်တော်ဟာ ပရိုတင်းဓာတ်အချို့ မလောက်မငှ
နောက်တစ်နေ့ကို ပြန်စရပြန်တယ်
အိပ်ရေးမ၀သေးခင် …

အိပ်ရေးမ၀ကြတဲ့ ခွန်အားလျော့ကျမှုတွေ
ရင်ထဲမြုံထားရတဲ့ မိုးတိမ်တွေ
ထွက်ပေါက်က ချို့တဲ့မှုကြောင့်ပိတ်နေ
အဲ့ဒီပါးစပ်တွေက နံပါတ်ဘယ်လောက် …
ကျွန်တော်က သူများ ညနေစာ
ခင်ဗျားက သူများ မနက်စာ
`ဥယျာဉ်ကို ပိုင်တုန်းတော့
ကောင်းကောင်းရိတ်သိမ်းထားစမ်းပါ … ´
အဲ့ဒီစကားကိုပြောတော့
မင်းသားတစ်ယောက်အက်တင်နဲ့ဆင်တူနေ …
ကျွန်တော် မျိုသိပ်ခဲ့ရတယ် …

ဒီလိုပဲ မျိုသိပ်ထားခဲ့စဉ်
ကံဆိုးမိုးမှောင်ကျမှုဟာ
တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ ရွေ့လာသလဲ
ကျွန်တော် မျိုသိပ်လိုက်ပါတယ်
အစီအစဉ်တင်ဆက်မှုတိုင်းမှာ
ကျွန်တော့်နာမည်ဟာ နောက်နားလေးတောင် မပါဘူး
မျိုသိပ်ခဲ့ပါတယ်
ထီးလည်းမရှိ … အရိပ်လည်းမရှိ
ကျွန်တော်က လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ကောင်
ဘယ်လမ်းကိုမှ ကိုယ်ထူကိုယ်ထ မခင်းရတဲ့ကောင်
အခုထိ အသည်းပုံမွှေထားတဲ့ ကော်ဖီခွက်ကို မမြင်ဖူးဘူး
ကြယ်မစုံ လမစုံနဲ့ ကုသိုလ်ကံမြုံနေတဲ့ကောင် …

ကျွန်တော့်မှာ ကြယ်မစုံ လမစုံ ၀ဋ်နာတွေ
သစ်ခွပန်းလေးရဲ့ လေညင်းကပွဲကို
ဖွဖွလေး သိမ်းဖွက်ခဲ့ရတယ်
လရောင်နဲ့ မိတ်ဖြစ်ဆွေဖြစ်ပေါင်းလို့
လူ မွဲ သီ ချင်း
. . . . . . . . . . . . .
ဒီသီချင်းကိုဆိုဖို့
နှုတ်ခမ်းတွေ ခြောက်-အက်-ကွဲ-ဖွာ
တစ်ကိုယ်စာ အလင်းနဲ့ လူမွဲသီချင်း…… ၊၊
( သူရဿဝါ + ဇာတိ )

3 comments:

  1. မဖတ်ဖူးသေးဘူး ဒီတခါ ငါနောက်ကျသွားပြီ... မိုက်တယ်....
    ဇာတ်ဝင်စကားပြောခန်း အသံတွေကတော့ ချိုပါတယ် မျက်နှာတွေပဲ ခါးနေတာ …
    မျက်နှာတွေကအစခါးနေ … အစာရေစာပြတ်လပ်မှုက ကျွန်တော့်အိမ်အိုလေးမှာ ဘယ်လောက်ကြာကြာ တည်းခိုမလဲ … ဒဏ်ရာတွေရရင်း … ဖုန်မှုန့်တွေသိပ်ထည့်ရင်း ဒဏ်ရာတွေထပ်ရရင်း အိုဗာတင်းမသောက်နိုင်တဲ့ဘ၀မှာ ကျွန်တော်ဟာ ပရိုတင်းဓာတ်အချို့ မလောက်မငှ နောက်တစ်နေ့ကို ပြန်စရပြန်တယ် အိပ်ရေးမ၀သေးခင် …<-- ငါလဲ ဟတ့် ထိတယ်... :-)

    ReplyDelete
  2. ကဗျာလေးကိုခံစားဖတ်ရူသွားပါတယ်။

    ReplyDelete
  3. ရုပ်သံအစီအစဉ်တွေအစား ကျွန်တော်က
    အိမ်အပြင်ဘက်ကိုပဲ လှမ်းလှမ်းကြည့်တယ်
    ဒီစာသားအတိုင်းပဲ ခွဲခြားမြင်လာမိတယ်။
    ကျနော်တို့လို လူမွဲတွေအတွက် ထွက်ပေါက်တစ်ခုဖြစ်လောက်မယ့် ကဗျာတစ်ပုဒ်ပါပဲ

    ReplyDelete