Saturday, May 09, 2009

အနီရောင်လှိုင်းဟာ အစွယ်ရိုင်းတွေနဲ့


အိပ်မက်ဖြစ်ခဲ့ရင်ကောင်းမယ်
ဒါမှမဟုတ်၊ အိပ်မက်ဖြစ်ခဲ့ရင်တောင်မကောင်းပါဘူး
လောကဟာ လှိုင်းထန်လေထန်ကြားမှာ
လှိုင်းဒဏ်လေဒဏ် ခံခဲ့ရတယ်။

တော်လဲသံတဝေါဝေါကလည်း အနီရောင်
မိုးစက်မိုးပေါက်ကလည်း အနီရောင်
ကောင်းကင်အနီရောင် မြင်ကွင်းအနီရောင်
မုန်တိုင်းဟာ ကဆုန်စိုင်းလို့
အနီရောင်ဟာ အနီရောင်ချင်းထပ်လို့
မေလ ၂ ရက်နေ့ကို သတ်လိုက်တယ်။

မျက်ရည်စက်တွေကို
သူ့လည်မှာစီရီချိတ်ဆွဲလိုက်ပါပြီတဲ့
အနီရောင်လှိုင်းဟာ အစွယ်ရိုင်းတွေနဲ့။

ကျွန်တော်တို့ မြင်ခဲ့ကြပါတယ်
နာဠာဂီရိဆင်ကို အရက်ကိုးမောင်းတိုက်လွှတ်လိုက်သလိုမျိုး
ဘဝပေါင်းများစွာကို အဆိပ်ရည်လောင်းလိုက်သလိုမျိုး
မြင်ခဲ့ရပါတယ်။

ရှေ့မတိုးနိုင်တော့တဲ့ ခြေလှမ်းတွေ
ရှင်သန်မှုကို ခပ်ဖွဖွတောင်မရွတ်နိုင်တော့တဲ့ နှုတ်ခမ်းတွေ
မနက်ဖြန်ကိုမမြင်နိုင်တော့တဲ့ မျက်ဝန်းတွေ
မီးလိုပူခဲ့ရသော ရေလှိုင်းများအောက်မှာ။

သူ့အငွေ့အသက်ကို ပစ်ပေါက်ကြဲချပြီးနောက်
ရက်ရက်စက်စက်ရနံ့ကို ထုတ်လွှင့်ခဲ့ပြီးနောက်
မုန်တိုင်းကတော့ ပြန်လည်ထွက်ခွာသွားပါတယ်
လောကသာ ငြိမ်သက်ရင်းကျန်ခဲ့ ကြေကွဲရင်းကျန်ခဲ့
ပြန်မရနိုင်တာတွေကအစ ပြန်မထနိုင်သူများအဆုံး
ထိကရုန်းလေးတွေလို။

မမေ့ဘူး၊ မမေ့ပါဘူး
ဟီရိုရှီးမားကို မမေ့သလို
ပုလဲဆိပ်ကမ်းကို မမေ့သလို
ပန်းပွင့်မုန်တိုင်းကို မမေ့ဘူး
သူ့ရဲ့ပွင့်ဖတ်တွေ ခြွေချသွားပုံကိုလည်း မမေ့ပါဘူး။

ကပ်ဆိုက်ခြင်းတွေကို
သူက ကျွန်တော်တို့ဆီ ဆိုက်ကပ်စေခဲ့ပါတယ်
အနီရောင်လှိုင်းမှာ အစွယ်ရိုင်းတွေနဲ့။

(နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်း တစ်နှစ်ပြည့်အမှတ်တရ)

 

သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Dailymotion.com

1 comment:

  1. တကယ့်ကို ရသမြောက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။
    စိတ်ထဲမှာဖြစ်ပေါ်လာတွေကို ချရေးရင်
    ဒီလိုပဲ ကောင်းတက်ပါသလားရှင်
    အားကျမိပါ၏ ။
    ခင်မင်လေးစားလျှက်
    (ပုလဲနက်)

    ReplyDelete