Saturday, May 09, 2009

နွေကိုခိုးသွားတဲ့ ဧပရယ်လ်


သစ်သီးတစ်လုံး ရင့်မှည့်ကြွေကျသွားသလိုပါပဲ
လူးလို့ လွန့်လို့ အသက်ရှူမဝရှာဘူး
နွေ၊ အခိုးခံလိုက်ရသောနွေ။

ဧပရယ်လ်ရေ
နွေကို ခဏလေးပြန်ပေးပါ
နှုတ်ဆက်စကားနည်းနည်းပြောချင်လို့
နွေကို ခဏလေးဖြစ်ဖြစ်ပေးပါ။

သစ်ခြောက်ပင်တို့ ကိုင်းညွှတ်အိုမင်းရပုံ
ဥသြတို့ရင်ကွဲနာကျနေရပုံ
ဒီကြားကပဲ ဧပရယ်လ်ဟာ
လက်သည်းချွန်ချွန်တွေကြားဝှက်ပြီး
နွေကို ထိုးသုတ်ယူဆောင်သွားရဲ့။

ရာသီတစ်ခုလပ်လောကဟာ ယူကြုံးမရဖြစ်ရှာ
ဆွဲဆွဲငင်ငင်မြည်တမ်းရှာပါတယ်
နွေတစ်ဝက်မှာ နွေပျက်သွားပြီ။

ဘာမှမဖြစ်သလို ဟန်ဆောင်ထားခဲ့တာကြာပြီ
အခုပြန်ကြည့်လိုက်တော့ အဲဒီနှစ်ပြက္ခဒိန်မှာ
ဒဏ်ရာတွေချည်းပဲ နံပါတ်စဉ်တပ်ထားတာကိုမြင်ရ
ခဏလေးလိုပါပဲ
လှပ်ခနဲ တမ်းတလိုက်မိတယ်။

နွေကိုခိုးသွားတဲ့ဧပရယ်လ်ဟာ
သူကိုယ်တိုင်လည်း
ပြက္ခဒိန်လေးဆီပြန်မလာခဲ့ဘူး။

 

သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment