တစ်နေ့တခြား အမေ့ဈေးခြင်းတောင်းလေးလည်း
ပေါ့ပေါ့ပြီးပါးလာလိုက်တာ
ဈေးထဲရောက်တာနဲ့ ပိုက်ဆံခေါက်နွမ်းနွမ်းလေးတွေက
ကြက်သား၊ ဝက်သားဆို မြင်ချင်ပုံမရတော့ဘူး။
ဘာဖြစ်သေးလဲသားရယ်
ဆင်းရဲသားရဲ့ တဖိတ်လက်လက်မာန
ဘာမှမစားဘဲ အမေတို့နေနိုင်ရမှာပေါ့
(အိမ်ရှင်မရဲ့ လှောင်ခနဲ့သံခပ်ဖျော့ဖျော့ဟာ
တောင်တက်သမားရဲ့နွမ်းနယ်မှုလို ပန်းဟိုက်)
ရုံးသွားရုံးပြန်ချိန်ဆိုတာကတော့
ခုနစ်ရက်ခုနစ်လီ အလှူကြီးပေးသလို
စည်ကားတိုးကြိတ်နေမှာပဲ။
နေ့လယ်နေ့ခင်းကျရင် ကျုပ်တို့ကားက
လေကို တင်မောင်းလာရသလိုပဲဗျ၊ ခါလီ
ဒီတော့ မျက်နှာထားရော ကားခကိုပါ သစ်သစ်လွင်လွင်ထားပေးကြ
(စပယ်ယာရဲ့ ပပလွှားလွှား ပိုက်ဆံရှာနည်းက
အမောက်မပါတဲ့နဂါးလိုပဲ ပုံမကျပန်းမကျမလှဘူး)
တောခုနစ်ထပ်၊ တောင်ခုနစ်ထပ် ပိနေသလိုပါပဲ
စာတွေကလည်း လေးပင်လွန်းလိုက်တာ
ကျူရှင်နဲ့ကျောင်းကို လွယ်အိတ်ထဲ အမြဲလွယ်ထားရတော့လည်း
မိသားစုနဲ့ အိမ်ဆိုတာကို ခဏခဏ အလွတ်ပြန်ကျက်နေမိတယ်။
ဆရာမရေ ဟောလီးဒေးဆိုတာကို
တဆိတ်လေး စာလုံးပေါင်းပြပါ။
(ကျောင်းသားဘဝရဲ့ အားလပ်ရက်ကိုရှာဖွေသံက
အရေးကြီးစာရွက်စာတမ်းအထားမှားသလိုမျိုး တုန်ယင်ပြူးပြာခဲ့)
အရင်ကလိုပါပဲ။
ရွှေစိတ်ငွေစိတ်နဲ့ ပျော်အောင်အိပ်မယ်
ဘဝကတော့ တစ်ရက်ထက်တစ်ရက်
ညှော်နံ့ထွက်လာတယ်
ကိစ္စမရှိပါဘူး
ကံကြမ္မာဆိုတာ ရုပ်ရှင်ထဲကလူကြမ်းလိုမျိုး
အမြဲတမ်းမဆိုးသွမ်းလောက်ဘူးထင်
ပြောရင်းဆိုရင်း ရေငတ်တာတောင်
စပါကလင်တွေကိုပဲ ဆာတယ်။
(အထည်ကြီးပျက်ရဲ့ သံပတ်ခပ်လျော့လျော့စကားဟာ
ခြင်းကြားနဲ့ခပ်တဲ့ရေလို စိမ့်စက်ယိုကျလို့)
အဲဒါပါပဲ
နှုတ်ထွက်အမူအယာများ
ဝမ်းနည်းပက်လက် ခါးကြရဲ့။
သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment