Saturday, May 09, 2009

အေးစက်စက် အက်ဆေး


ပျင်းစရာကောင်းတဲ့ နေ့တစ်နေ့က သောကြာနေ့ တစ်နေ့လို ကျွန်တော့်အပေါ် လမ်းလျှောက် ထွက်သည်။ ကျွန်တော် တစ်ဆောင်တစ်နန်း မခမ်းနားနိုင်တော့။ အလိုက်သင့် ပျင်းရိပစ်လိုက်မိ။ သူမကို ကျွန်တော်က ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ နှင်းဆီပွင့်လေးလို တွေးကြည့်တော့ သူမ စိတ်ဆိုးသွား၏။

 

“လက်ထဲမှာ၊ ဒါမှမဟုတ် ခေါင်းအုံးဘေးမှာ သိမ်းပေးပါ.. ရနံ့ကို ခေါင်းအုံးဆီ ခွဲဝေမပေး လိုက်ချင်ဘူး”

“လက်ထဲမှာ၊ ဒါမှမဟုတ် ခေါင်းအုံးဘေးမှာ သိမ်းပေးပါ.. ရနံ့ကို ခေါင်းအုံးဆီ ခွဲဝေမပေး လိုက်ချင်ဘူး”

“လက်ထဲမှာ၊ ဒါမှမဟုတ် ခေါင်းအုံးဘေးမှာ သိမ်းပေးပါ.. ရနံ့ကို ခေါင်းအုံးဆီ ခွဲဝေမပေး လိုက်ချင်ဘူး”

ကျွန်တော် အေးစက် သွားပြန်သည်။ အထူးသဖြင့် ကျွန်တော့်စိတ်တွေ အေးစက် သွားသည်။ “ဒဏ်ရာဆိုတာ စိတ်မှာ အနက်ရှိုင်းဆုံး ပွင့်တာ” ကျွန်တော် မမှတ်မိတော့ပါ။ ထိုစာသားကို ကျွန်တော် ရေးခဲ့မိလား၊ ဒါမှမဟုတ် အခြားသူတစ်ယောက် ရေးထားတာလား၊ ကျွန်တော် မမှတ်မိပါ။ အရေးကြီးတာက ထိုစာသားအပေါ် ကျွန်တော့် စိတ်ခံစားမှု သက်ရောက် နေခြင်းသာ ဖြစ်လေသည်။

ကောင်းကင်ကတော့ အရောင်ပြောင်း မသွားခဲ့ပါ။ ကျွန်တော်လည်း အရောင်အဆင်း မပြောင်းမလဲ။ သို့သော် ကျွန်တော့် စာတိုက်ပုံးကလေး ကတော့ မီးခိုးရောင် ပြောင်းသွားခဲ့၏။ ခံစား တတ်လျှင်တော့ ဝမ်းနည်းစရာ ကောင်းလှသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ စာတိုက်ပုံး ကလေးကို ဘယ်သူမှ မမြင်တော့။ အရင်ကလို စာလာ ထည့်မည့်သူ မရှိတော့။ ကျွန်တော်ကတော့ ခံစားထိရှ လွယ်လှ ပါသည်။

ကျွန်တော် အေးစက်စက် နေမိသည်။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် ချုပ်နှောင် မပစ်ပါ။ ကျွန်တော် အေးစက်စက် နေမိသည်။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် လွှတ်မပေးလိုက်ပါ။ ဒါနဲ့ပဲ ပျင်းပျင်းရိရိ ကျွန်တော် ဆက်လက် အေးစက် နေမိပြန်၏။ ဘာရယ်မဟုတ်၊ လမ်းတွေ လျှောက်ကြည့် နေမိသည်။ အဝင်ဝမှာ ရေးထားတာက “ကဗျာတစ်ရွက်ရဲ့ နေဝင်နေထွက် ရာသီ”။

 

ငါက . . ငါ့ကိုယ်ငါ
သံမဏိကြိုးလို့ထင်သွားတဲ့
ပင့်ကူအိမ်လေးပါ
ငါ့ကိုယ်ငါ ရစ်ပတ်မိရင်းပဲ
လေထဲကနန်းတော်လေးဟာ
ပျက်-လွင့်-ပြို-မွ

(ဇာတိ)

သိပ်တော့ မထူးဆန်းပါ။ သူ့ကိုယ်သူ မနည်းပြန်ကြည့် နေရှာသော ကဗျာဆရာ၏ စကားလုံးများ အတွက် ကျွန်တော် နည်းနည်းတော့ ကရုဏာ သက်မိသည်။ ထိုကဗျာက ကျွန်တော့်ကို သေဒဏ် ချမှတ်သည်။ ကျွန်တော် အေးစက်မိပြန်၏။ ဆိုးရွား လိုက်တာကွယ်၊ ရာသီဥတု တစ်ခုစာ ဆိုးရွားသွား လိုက်တာ။ ကျွန်တော် ကြယ်တွေထဲ လွင့်သွားပြန်သည်။

 

သန်းခေါင်ယံ တံခါးခေါက်သံမှာ
ညဖတ်စာ မိုးတိမ်အိမ်ဖွဲ့
အသံထွက်မပီတဲ့ ဆင်ဖိုနီတယော
ညှို့ယူသိမ်းဖွဲ့
လဟာ.. လွမ်းလို့
ကွဲအက်သွားတယ်

(JulyDream)

အိုး.. ကျွန်တော်တော့ သမိုင်း တစ်ခုစာ ခရီးထွက် ရွက်လွှင့် ရဦးမည် ထင်ပါသည်။ စကားလုံးပေါင်း များစွာ ကျွန်တော့်အပေါ် ပြိုကျကွဲအက်လို့။ ကျွန်တော် အေးစက် နေမိပါသည်။ ကျွန်တော်က အမှောင်ကျ မသွားအောင် ဆီမီးများ ထွန်းညှိရန် ကြိုးစားချိန်တွင် သူတို့က အမှောင် ထဲမှာပင် ခပ်အေးအေး လမ်းလျှောက် ထွက်ရဲကြသည်။ ကျွန်တော် အေးစက်စက်ဖြင့်ပင် ရှက်မိ၏။

ဒီလိုနဲ့ သောကြာနေ့ တစ်နေ့လို ပျင်းစရာ ကောင်းတဲ့ နေ့တစ်နေ့က သောကြာနေ့ တစ်နေ့လို ကျွန်တော့်အပေါ် လမ်းလျှောက်ထွက်သော နေ့တစ်နေ့ ထပ်ရောက် လာပြန်သည်။ အေးစက်စက် ဖြင့်ပင် သူမ၏ စကားကို ကျွန်တော် နားထောင် လိုက်ရ၏။ သူမကို ကျွန်တော်က ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ နှင်းဆီပွင့်လေးလို မတွေးတော့ပါ။

 

”လက်ထဲမှာ၊ ဒါမှမဟုတ် ခေါင်းအုံးဘေးမှာ သိမ်းပေးပါ.. ရနံ့ကို ခေါင်းအုံးဆီ ခွဲဝေမပေး လိုက်ချင်ဘူး”

ကျွန်တော်က အစဉ်အမြဲ အေးစက်နေခဲ့သော ကောင်တစ်ကောင်သာ ဖြစ်ပါသည်။

(ယခု စကားပြေအရေးအသား၏ ခေါင်းစဉ်အား သူငယ်ချင်းကဗျာဆရာ ဇာတိမှ ကျေးဇူးပြုပါသည်)

 

သူရဿဝါ
၀၉ - မေ - ၂၀၀၉

Image credit: Images.google.com

No comments:

Post a Comment