ဆိပ်ကမ်းဟာ ကွဲအက်လို့
နှုတ်ဆက်လိုက်ချင်တယ်
ခြေချဖို့နေရာမရှိဘူး
“နောက်ဆုံးတစ်နေ့ပါပဲ”
စကားအဆုံးမှာ ဆုံးသွားတဲ့စကားတို့
စိမ်း.. ခဲကြပြီ
နားလည်မှုကိုလမ်းလွှဲပစ်လိုက်သော နားလည်မှုများ
လေပြင်းကျသံတဝီဝီ ကြားလိုက်ရတယ်။
ဆိပ်ကမ်းဟာ ခရီးကိုစတင်ပါတော့မယ်
နှုတ်ဆက်ရင်း လက်ပြရင်း
တဖွဲဖွဲရွာမယ့်မျက်ရည်က နာကျင်ရင်း
ဆို့နင့်နေရပါတယ်လို့ ဘယ်သူမှဝန်မခံဖြစ်ဘူး
တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း။
စာချုပ်စာတမ်းနဲ့ မလွမ်းရသေးသရွေ့
လက်မှတ်ထိုးဖို့နေရာလည်း ရှိမှာမဟုတ်ဘူး။
ပြီးဆုံးသွားတဲ့ နှုတ်ဆက်ခြင်းများအောက်မှာပဲ
ဆိပ်ကမ်းဟာ ကွဲအက်လို့
ကိုယ့်ရင်တွေ ကွဲအက်လို့
သူလည်း လွမ်းချင်လွမ်းနေမှာပေါ့လို့ ဖြေတွေး
ဆိပ်ကမ်းနဲ့ ကိုယ်
အပြန်အလှန်ဝေး ကျန်ခဲ့တယ်။
သူရဿဝါ
၀၃ - မေ - ၂၀၀၉
ရယ်စရာ ရသစုံမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၉
Image credit: Images.google.com
ReplyDeleteဆိပ်ကမ်းနဲ့ ကိုယ် အပြန်အလှန်ဝေး …… ကျန်ခဲ့တယ်။
မျှောနေတယ်ပေါ့ ရေပြင်ထဲမှာ .............