Monday, May 04, 2009

ကျွန်တော်မြင်သော ခေတ် ၂၁


- ၁ -
မေမေက သူ့သမီးလေးကို
ပြုံးရင်းကြည့်လိုက်တယ်
မေလ ၄ ရက်နေ့ စစ်စစ်မှာ။

- ၂ -
တဖြည်းဖြည်းနဲ့တော့
တံခါးတွေပွင့်လာပါလိမ့်မယ်
အခုက နုငယ်သေးတဲ့အရွယ်။

- ၃ -
လှမ်းမကြည့်ပါနဲ့ဦးကွယ်
မခေါ်ဘဲရောက်လာမယ့်အရာတွေကို။

- ၄ -
တစ်ခါတလေ
ကဗျာတွေရွတ်ကြည့်
တစ်ခါတလေ
ကော်ဖီတစ်ခွက်လို ခါးသက်ကြည့်။

- ၅ -
အတွေးကို အိမ်ယာမတည်နိုင်သေး
ကောင်မလေးလို့ပဲ ခေါ်ရဦးမယ်။

- ၆ -
နတ်ဆိုးတို့ရဲ့ကျိန်စာထဲမှာ
မရှာဖွေရဘဲတွေ့ရှိတာတွေ ထည့်ထားတတ်တယ်။

- ၇ -
အစီအစဉ်တကျမရှိပါဘူး
ဒါပေမဲ့
ဒါဟာ ၇ ပါပဲ။

- ၈ -
ကိုယ့်အပေါ်မှောင်နေလို့ မငိုပါနဲ့ကွယ်
ကိုယ့်ရဲ့ဟိုမှာဘက်က လင်းနေတာပဲလေလို့
တွေးရင်းပြုံးလိုက်။

- ၉ -
အိပ်မက်တွေဆိုးလို့လည်း မနိုးချင်နဲ့
ဘဝမှာ..။

- ၁၀ -
တစ်ရက်ပြီး တစ်ရက်က
ဆံပင်တွေလိုပဲ ရှည်လာပြီ
ကပိုကရိုလေး။

- ၁၁ -
ဝေးကွာခြင်းကို ယုံကြည်တတ်လာသောအခါ
စာရွက်ပေါ်မှာ နာကျင်မှုတွေ ထင်ဟပ်လာတဲ့အခါ။

- ၁၂ -
ငိုပစ်
ငိုပစ်လိုက်
ငါ.. ပျိုခေတ်ပဲလို့ ကျူးရင်းငိုပစ်လိုက်
ပြီးရင် အံကြိတ် တိတ်ပစ်လိုက်
တစ်ခုခုသိလာတဲ့အရွယ်။

- ၁၃ -
အားလုံး အပိုင်းအစလေးတွေလိုပါ
ဟောဒီကမ္ဘာကြီးကို သနားလာမယ်
သေချာပါတယ်၊ ၁၆ ခုမြောက် နွေနှောင်း

- ၁၄ -
ဘယ်သူ့ကိုမှ မကျီစားပါနဲ့
ပျင်းစရာကောင်းရင်
ကြက်ခြေခတ်တွေ ရေးချနေသင့်တာအမှန်ပဲ။

- ၁၅ -
နာရီသံတွေကို ဂရုတစိုက်နားဆင်
ပြက္ခဒိန်တွေက ဘာမှမသိဘူး
လူတွေကပဲ သိတာပါ။

- ၁၆ -
ကိုယ့်အိပ်မက်ကိုမှ ခုတ်ထွင်ချင်သူများ
ဓားမယူလာနဲ့
အပင်ပန်းမခံကြပါနဲ့ကွယ်
ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးပေးပါ့မယ်
ဒီစာသားလေး အိပ်ယာဘေးမှာကပ်ထားပါ လူမလေးရယ်။

- ၁၇ -
ဒဏ်ရာတွေရှိရင်
ဆေးကြောသုတ်သင်လိုက်
နောက်ထပ် ဒဏ်ရာအသစ်တစ်ခုကို လက်ခံဖို့။

- ၁၈ -
မနက်ဖြန်ရေ
ဒီကောင်မလေးအတွက် အလျင်စလိုမရှိပါနဲ့ဦး
သူ ငယ်သေးတယ်။

- ၁၉ -
အိပ်မက်ဟာ အခန်းဆက်တွေနဲ့
ဒါကပဲ ဆက်လက်ရှင်သန်စရာ အားအင်ဖြစ်ရဲ့။

- ၂၀ -
ကဲ
တံခါးချပ်တွေကတော့ တဖြည်းဖြည်းပွင့်လာပါပြီတဲ့
အခုက ငယ်ရွယ်သေးသောအရွယ်ကနေ။

- ၂၁ -
မေမေကတော့ သူ့သမီးလေးကို
ပြုံးရင်းကြည့်နေခဲ့ပါတယ်
မေလ ၄ ရက်နေ့တိုင်းမှာ။

(ညီမလေးမရီး မမပျိုခေတ် အသက် ၂၁ နှစ်ပြည့် မွေးနေ့အမှတ်တရပါ)

 

သူရဿဝါ
၀၄ - မေ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment