Tuesday, March 10, 2009

နတ်ဖွက်ထားတဲ့ Valentine

ကျွန်တော့်မှာ ရည်းစားများစွာ ရှိခဲ့ပါသည်။ “သက်မွန်မြင့်” နှင့်တူသော ကောင်မလေး၊ “ရတနာပုံ” နှင့်တူသော ကောင်မလေး၊ “နန္ဒာလှိုင်” နှင့်တူသော ကောင်မလေး စသည်ဖြင့် ဘောင်းဘီဆိုင် တစ်ဆိုင်အလား ရွယ်စုံ၊ ဆိုဒ်စုံ ရည်းစားများ ထားခဲ့ဖူးပါသည်။ ကျွန်တော်နှင့် တော်တာတွေ ရှိသလို ကျွန်တော်နှင့် မတော်တာတွေလည်း ရှိ၏ (စကားချပ် - ဘောင်းဘီနှင့် တင်စား ပြောဆိုနေခြင်း ဖြစ်ကြောင်း မမေ့ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်)။ ထူးခြားချက် (သို့) ဝဋ်နာကံနာ တစ်ခုမှာ ဘယ်သူနှင့်မှ ဘယ်တုန်းကမှ မတိုင်းခဲ့ရခြင်း ဖြစ်ပါသည် (တိုင်း = ဗယ်လင်တိုင်း အတိုကောက် ဖြစ်ပါသည်)။

ပထမဦးဆုံး ကောင်မလေးနှင့် တုန်းကတော့ အတော်ကို နီးစပ်ခဲ့ ပါသေးသည်။ သူက ကျွန်တော့်ကို ကြိုက်သလို ကျွန်တော်ကလည်း သူ့ကိုကြိုက်မှန်း အချင်းချင်း သိကြပါသည်။ သူငယ်ချင်းများ ကလည်း ကောင်းကောင်း လှော်ကြကုန်၏ (ကျွန်တော်တို့ နှစ်ယောက်ကို လှေဟု ထင်သလားတော့ မပြောတတ်ပါ)။ တိုက်တိုက်ဆိုင်ဆိုင် ထိုနှစ်က Valentines’ Day ကလည်း ကျူရှင်ရော၊ ကျောင်းရော ပိတ်ရက် ဖြစ်ပါသည်။ ကောင်မလေးကိုလည်း ရည်းစားစကား ပြောထားပြီး ဖြစ်ပါသည်။ ကျွန်တော့် အကြံကလည်း Valentines’ Day တွင် တစ်ခါတည်း အဖြေတောင်းပြီး တစ်ခါတည်း “ဒန်တန့်တန်” ကြရန် ဖြစ်၏ (ဒန်တန့်တန် = ပျော်ရွင်စွာ ဆင်နွဲခြင်း)။

သို့သော် ၁၃ ရက်နေ့တွင် ကောင်မလေးမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကာ ၁၄ ရက်နေ့တွင်မူ အားပြတ်ပြီး အိပ်ယာထဲမှ မထစတမ်း ဖျားပါတော့သည်။ ကျွန်တော့်မှာလည်း ဗယ်လင်တိုင်း ရမည့်အစား အဖျားသာ တိုင်းလိုက်ရပါ၏ (ကျွန်တော့် အဖြစ်က “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” ဟူသော ဆောင်ပုဒ်ကို အပြည့်အဝ လိုက်နာသည့်တိုင် မူးလည်း မမူးလိုက်ရ၊ မောင်းလည်း မမောင်းလိုက်ရသော ကားသမားလိုပင် ဖြစ်သည်)။ ထိုနှစ် Valentines’ Day ကို ကျွန်တော်ကတော့ “ဝမ်းပျက်ဝမ်းလျှော Valentine” ဟု အမည်ပေးဖြစ် ခဲ့ပါသည်။

နောက်ထပ် တစ်ယောက် ထားမိသော အချိန်တွင်တော့ ကျွန်တော်က အတော်ပင် စာတတ် ပေတတ် ဖြစ်ခဲ့လေပြီ။ Valentines’ Day နီးမှ ရည်းစားစကား ပြောတာမျိုး၊ အဖြေတောင်းတာမျိုး တွေကို မပြုလုပ်တော့ပါ။ ခပ်စောစော ကတည်းက ကိုယ့်ဘဝကိုယ် တွေးထားပါသည်။ ကြုံ၍ ပြောရပါဦးမည်။ ထိုတစ်ခေါက် ထားမိသော ကောင်မလေးက ကျွန်တော့်ထက် သုံးနှစ်လောက် ကြီးပါသည်။ ထိုအချိန်က ကျွန်တော်တို့ သူငယ်ချင်း တသိုက်လုံးကလည်း “မမ” ရောဂါထ နေကြသည့်အချိန် ဖြစ်ပါသည်။ ထိုမမကလည်း ရုပ်ရှင်မင်းသမီးလိုပင် တော်တော်ကို ချောလှသူ ဖြစ်၏။

အိမ်တွင်းမှုလည်း နိုင်နင်းသည် (ထမင်း၊ ဟင်း ချက်ပြုတ်တတ်ခြင်းကို ဆိုလိုပြီး အိမ်ထဲတွင် တွေ့ကရာများ လျှောက်မ, နေသည်ဟု မထင်စေလိုပါ)။ ထို့ကြောင့် ကျွန်တော့်အိမ်က သူနှင့် သဘောတူ ပါသည်။ သို့သော် သူ့အိမ်ကတော့ သူနှင့် ကျွန်တော့်ကို သဘောမတူပါ။ အဘယ်ကြောင့် ဆိုသော် ထိုမမနှင့် မကြိုက်ခင်က သူ၏ တူမလေးနှင့် “တူနယ် တဲ့နယ်ဗြောင်” ခဲ့မိခြင်းကြောင့် ဖြစ်ပါသည် (တူနယ် တဲ့နယ်ဗြောင် - ချစ်ကြိုက်ခြင်း)။ ထားပါတော့။ လိုရင်းကိုသာ ဆက်ပါမည်။ ထိုနှစ်က မမနှင့် Valentine ရန် အကြီးအကျယ် ကြံစည်ခဲ့သော်လည်း ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှမ်းပြည်သို့ ကျွန်တော် ရောက်သွား ပါတော့သည်။

ဖေဖော်ဝါရီ ရှစ်ရက်ကျော်၊ ကိုးရက်သို့ ရောက်ချိန်တွင် ကျွန်တော့်မှာ အိမ်ပြန်ချင်၍ ရွစိရွစိ ဖြစ်နေ ပါတော့သည်။ သို့သော် ဖေဖော်ဝါရီ လကုန်သည်အထိ ရှမ်းပြည်မှ ပြန်၍ မရလိုက်ပါ။ ရှမ်းပြည်တွင် အေးအေးစက်စက်နှင့်ပင် ဖက်လုံးကြီးကိုသာ တိုင်းလိုက်ရပါ၏။ ထိုနှစ် Valentine ကိုတော့ “အေးစက် ဖက်လုံး Valentine” ဟု အမည်ပေး ဖြစ်ခဲ့သည်။ နောက်တစ်ယောက် အလှည့်တွင်လည်း ဒေါက်အဖြုတ် ခံရသည့် ပမာပင် ဖြစ်ပါသည်။ ကျွန်တော် နယ်တွင် ကျောင်းသွား တက်တုန်းက ဖြစ်ပါသည်။ ကျွန်တော့် ကောင်မလေးက နယ်ခံ (နယ်မှ လူခံသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြရန် လိုအပ်သလို ရိုးရိုးသားသား ဖတ်ရန်လည်း လိုအပ်ပါသည်)။ ကျွန်တော်နှင့်သူ ကြိုက်မိကြ ပါသည်။ မြို့ကလေးက ကျဉ်းတော့ ကျောင်းဆင်း သောအခါ ကျွန်တော်က သူမကို ဆိုင်ကယ်ပေါ် တင်၍ မြို့တစ်ပတ် ပတ်စီးသည်။ ပြီးလျှင် မြို့လယ်ရှိ ဘုရားတွင် အေးအေးလူလူ သွားထိုင်ကြ ပြီးနောက် ညနေ ခြောက်နာရီ ကျော်လောက် ဆိုလျှင် ကျွန်တော်က သူမကို ပြန်လိုက်ပို့ပါသည်။

ကံဆိုးခဲ့သည့် နေ့အကြောင်းကို ပြောပြ ပါတော့မည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ပင် ဖြစ်၏။ ထိုနေ့က ကျွန်တော့်တွင် ဆိုင်ကယ် မပါ,ပါ။ ထို့ကြောင့် ကျောင်းမှ ဆင်းသောအခါ မြို့ထဲသို့ လမ်းလျှောက် ကြပါသည်။ ထုံးစံအတိုင်း ဘုရားတွင် ထိုင်ပြီးနောက် သူမက ဗိုက်ဆာသည် ဆိုသဖြင့် ထမင်းပေါင်းဆိုင် ထိုင်ရင်း ၁၄ ရက်နေ့တွင် “ဗဗေဗေ့ဂျိ” ကြရန် တိုင်ပင်နေ ပါသေးသည်။ အပြန်တွင် သူမအတွက် ဆိုက်ကား ငှားပေးသော အခါတွင်မှ ကံဆိုးမိုးမှောင် ကျပါတော့၏။ ကျွန်တော် ခပ်တည်တည်ဖြင့် သွားငှား လာသော ဆိုက်ကားမှာ သူမ၏ ဦးလေး အရင်းခေါက်ခေါက် နင်းသော ဆိုက်ကား ဖြစ်နေခဲ့ပါသည်။ ထုံးစံအတိုင်း ထိုနှစ် Valentine သည်လည်း “ပလို့ဂျိ” သွား ပါတော့သည်။ ထိုနှစ်က Valentine ကိုတော့ ကျွန်တော်က “တစ်ခါခိုး တစ်ခါမိ Valentine” ဟု ရင်နာနာနှင့် နာမည် ပေးထားခဲ့ပါသည်။

ဆိုတော့ကာ.. ကျွန်တော့် ဆိုလိုရင်းက ကျွန်တော်သည် ရည်းစားများစွာ ရှိခဲ့သော်လည်း ဘယ်တုန်းကမျှ၊ ဘယ်သူနှင့်မျှ၊ ဘာမျှ မတိုင်းခဲ့ရပါ။ ယခုလည်း 2009 Valentine’s Day ရောက်လာပြန်ပြီ။ ကျွန်တော့်တွင် တိုင်းစရာ မဒီကညာလည်း မရှိပါ။ ထိုနေ့သည်လည်း ကျွန်တော့် အတွက် ဘိန်းမုန့် တစ်ခုလောက်တောင် အရေးမပါသလို၊ ဘတ်စ်ကား ခိုးစီးရ သလိုလည်း သည်းထိတ်ရင်ဖို မဖြစ်လိုက်ရပါ။ ကျွန်တော့် သူငယ်ချင်း များကတော့ သူတို့၏ ဂေါ်ကလေးများ (ဂေါ် = ကောင်မလေး)၊ သူတို့၏ ဥပစ်ခါများ (ဥကို ပစ်၍ ပစ်၍ ခါသည်မှာ ဘဲ) နှင့် ပျော်မြူး နေကြမည် ထင်ပါသည်။ ကျွန်တော့် အတွက်တော့ Valentine’s Day သည် ထို Valentine ဟူသော လူကြီး အတွက်ပင် ဖြစ်ပါတော့သည်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment