Tuesday, March 10, 2009

နတ်သမီးရဲ့ ဖေဖော်ဝါရီ


ဘယ်လိုကြည်နူးမှုမျိုးတွေနဲ့ပါလဲ
ဖေဖော်ဝါရီဟာ လှချင်တိုင်းလှနေ
နတ်သမီးရဲ့အရိပ်ထဲ ဒါမှမဟုတ်
ဖေဖော်ဝါရီထဲမှာတင် ကိုယ့်ကိုယ်ကိုယ်
သိုဝှက်ပစ်လိုက်ချင်တဲ့အထိ
နတ်သမီးရဲ့ဖေဖော်ဝါရီဟာ ပြောရင်းဆိုရင်းနဲ့ကို လှတယ်။

ဟိုးမှာ ရှင်တော်ဗယ်လင်တိုင်း ဦးဆောင်ညွှန်ပြခဲ့ရာ
အပြာရောင်အမှတ် ၁၄ ကိုတွေ့ရ
လက်ဖဝါးချင်းထပ်ထားတဲ့ နားလည်မှုသန်းပေါင်းများစွာကိုတွေ့ရ
ခါတိုင်းထက်ပိုအသက်ဝင်သော ရင်ခုန်သံတွေကို
ရင်နဲ့ဆတ်ဆတ်ကြားရ
ဖေဖော်ဝါရီရေ
ငါနဲ့ ငါ့နတ်သမီးကို အဆုံးစွန်ပြုစားပါ။

တကယ်ဆို ငါတစ်ယောက်တည်း ရှုံးနိမ့်နေတာပါ
နတ်သမီးရဲ့လက်လက်ပျိုးပျိုး အပြုံးထဲဦးညွှတ်လိုက်
ဖေဖော်ဝါရီရဲ့အမိန့်တော်အောက် ဖိတ်စင်တိမ်းပါးရလိုက်နဲ့
ငါတစ်ယောက်တည်း အလှည့်ကျရှုံးနိမ့်

ဖေဖော်ဝါရီရေ
နတ်သမီးရေ
ငါ့ကို ကယ်တင်ချေချွတ်ပါ။

မျှော်လင့်ချက်တွေကို အစိပ်အကျဲညှိကြ
နှုတ်ဆက်စကားတွေကို ကမ္ဘာ့အပြင်လွှင့်ပစ်လိုက်ကြ
မြင်ချင်တဲ့မျက်နှာလေးတွေကို ခဲရာခဲဆစ်သိမ်းဆည်းကြ
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဖေဖော်ဝါရီဟာ ပျိုငယ်နုနယ်လာရဲ့

ဝေးမသွားကြဘူး ဖေဖော်ဝါရီရေ
ငါနဲ့ နတ်သမီးနဲ့ ခပ်ဖွဖွအနမ်းတွေနဲ့
ဘယ်လိုပဲဖြစ်ဖြစ် မဝေးခဲ့ကြဘူးကွဲ့။

ဖေဖော်ဝါရီ ၁၄
ချစ်သူတို့အတွက် ဖေဖော်ဝါရီဆွတ်ပျံ့သော ၁၄
ဒီမှာ မာကျူရီအလင်းတွေ မွှေးပွအရုပ်တွေ
တစ်ယောက်ကိုတစ်ယောက် ပြုံးပြရင်းပွင့်လာတဲ့ပန်းတွေ

ဒီမှာ ချောကလက်ရနံ့တွေ
မျက်ဝန်းတွေ ကဗျာတွေ
ဒီမှာ အပြန်အလှန်ဂီတတွေ ကြည်ကြည်နူးနူးပစ္စုပ္ပန်တွေ
အိုး ဘယ်လိုနေ့မျိုးပါလိမ့်ကွယ်
ငါ့နတ်သမီးရဲ့ဖေဖော်ဝါရီဟာ လှချင်တိုင်းလှနေတော့တယ်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment