Wednesday, March 04, 2009

မီးမလောင်ခင် ချနင်းသွားတဲ့ ရွှေခြေကျင်းတစ်စုံ

လှိုင်းလုံးတွေက ငါ့ကိုပြန်လည်ချနင်း
ညနေဟာ သူ့အစွယ်ထက်ထက်နဲ့ ငါ့ကိုထိုးသတ်တယ်။
ဒုက္ခဆိုသော ရန်မီးပေါင်းတစ်ထောင်
နင်ယူဆောင်လာခဲ့ ငါ့ရင်တည့်တည့်ကို။

ဝေးကြတာတောင် လှည့်ကြည့်မိတုန်းပဲ။
အလွမ်းနဲ့မဟုတ်ဘူး
အချစ်နဲ့မဟုတ်ဘူး
အမုန်းတွေတလက်လက် နာကျည်းချက်တွေနဲ့။

တကယ်.. ဝေးသွားကြတယ်
အဲဒီလို ငါလှည့်ကြည့်နေမိတယ်။

နဂါးမှန်းသိသွားတာတောင်
အမောက်ထောင်ပြချင်နေတုန်း
လွတ်ဖို့မပြေးမိသလို ပြေးလို့လည်းမလွတ်ခဲ့ပါဘူး။
နဂါးမှန်းသိခဲ့ရချိန်ထိတောင်
မီးလျှံပေါင်းတစ်သိန်း မျက်လုံးစိမ်းနဲ့ကြည့်နေတုန်း။

မုန်းတယ်
အဲဒီညနေကို မုန်းတယ်
အဲဒီညနေမိုးနေ့ကို မုန်းတယ်
အဲဒီညနေမိုးနေ့ထဲက ကျောပြင်ကိုမုန်းတယ်။
အဲဒီညနေမိုးနေ့ထဲက ကျောပြင်နောက် ကျန်ရစ်ခဲ့တဲ့ကောင်ကို မုန်းတယ်
ငါမုန်းနေတယ်။

သီအိုရီတွေကမှားရဲ့
ကမ္ဘာမီးလောင် သားကောင်ချနင်းသီအိုရီက မှားရဲ့
အချိုးအစားခပ်ကျကျ ရွှေခြေကျင်းတစ်စုံက ပစ်ချနင်းချေသွားတာ
ညနေရဲ့မိုးမှာ အဆိပ်တွေ သီသီပြောပြော။

ကောင်းကင်က တွင်းနက်နက်ထဲ သူ့ကိုယ်သူမျှောလိုက်ရတယ်
တွင်းနက်နက်က တိမ်တွေဆီ သူ့ကိုယ်သူမျှောလိုက်ရတယ်
တိမ်ကလည်း မိုးတွေဆီ သူ့ကိုယ်သူမျှောလိုက်ရတယ်
ညနေရဲ့မိုးမှာ အဆိပ်တွေ သီသီပြောပြော ရောနှောနေကြ
ပြောင်းပစ်လိုက်ရတဲ့ အမည်နာမသစ်နဲ့လမ်းမှာ
ငါက ရနံ့မရှိတဲ့ပန်း။

 

သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
Image credit: Artmajeur.com

No comments:

Post a Comment