Wednesday, March 04, 2009

တေလေကျမ်းမှာ ပန်းတွေပွင့်တဲ့ည

(အတွေး)
လေလိုပဲလွင့်နေတဲ့ကောင်က
အရိပ်လေးတစ်ခုကိုတော့ မိမိရရဆုပ်ကိုင်ထားချင်ခဲ့ပါသတဲ့။

(ရဲရင့်ခြင်း)
တေလေကျမ်းမှာ
ပန်းတွေ ဝေဝေမြူးမြူးပွင့်တဲ့ည
နတ်ဆိုးတို့လှောင်ရယ်သံတွေကိုတောင်
ကိုယ်က မကြောက်တတ်တော့သူပါ မိသံစဉ်။

(မျှော်လင့်ချက်)
တစ်ခါတလေတော့လည်း
ကံကောင်းချင်မိပါရဲ့။
မင့်မျက်စောင်းလေးနဲ့မှ အိပ်ယာကနိုးပါရစေကွယ်။

(အတိတ်)
ကိုယ်က အိပ်မက်တွေပြန့်ကျဲနေတဲ့ တေလေတစ်ကောင်
ဒဏ်ရာတွေနဲ့ တဆစ်ဆစ်ကူး
တကယ့်ကို လွင့်လွင့်လူးလူးပါပဲ။
တေလေသမိုင်းဆိုတော့လည်း ရိုင်းခဲ့ဖူးတယ် မိသံစဉ်။

(ဆုတောင်း)
ကိုယ့်ရဲ့ကျမ်းစာအုပ်ကိုမှ ဖွင့်ဖတ်ရဲခဲ့တဲ့မိန်းကလေး
ကိုယ့်ရဲ့အတိတ်တွေကိုမှ ပိတ်ပစ်ရဲခဲ့တဲ့မိန်းကလေး
မင်းဟာ ရဲရင့်သောမိန်းကလေးဖြစ်တယ် မိသံစဉ်
ကိုယ်တို့အတွက် ပန်းတွေပွင့်လာတဲ့ညဖြစ်ပါစေကွယ်။

(ပုံရိပ်)
နွေတွေက မိုးလိုရွာခဲ့ဖူး
မိုးတွေက ဆောင်းလိုဝေခဲ့ဖူး
ဆောင်းတွေက နွေလိုခေါင်သီခဲ့ကြဖူးရဲ့။

(တေလေကျမ်းမှာ ပန်းတွေပွင့်လာတဲ့ည)
ခုတော့လည်း လေလိုလွင့်ခဲ့ဖူးတဲ့ကောင်က
ပန်းတွေ တဖြိုင်ဖြိုင်ပွင့်တဲ့ညမှာပဲ
အရိပ်လေးတစ်ခုကို မိမိရရဆုပ်ကိုင်မိခဲ့ပါသတဲ့။

 

သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
Image credit: Katetova.com

No comments:

Post a Comment