နင်ပျိုးခဲ့တဲ့ မိုးတွေပေါ့ ကဝေရယ်
ဒဏ်ရာတွေ အထပ်ထပ်နဲ့
ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိချင်တော့ဘူး။
နင်ပျိုးခဲ့တဲ့ မိုးတွေပေါ့ ကဝေရယ်
မျက်ရည်တလွှာ အတိတ်တလွှာနဲ့
အခါခါ ယိုယွင်း။
နင်ပျိုးခဲ့တဲ့ မိုးတွေပေါ့ ကဝေရယ်
မေ့ပစ်လို့မရတဲ့ မှတ်တမ်းမှတ်ရာနဲ့
လှမ်းကြည့်လို့မရတော့တဲ့ ပြကွက်တွေဆိုတာ
ကဝေ
ငါ့အပေါ် ခပ်တိုးတိုးပျိုးခဲ့တဲ့ ကဝေ
ငါ့အပေါ် ခပ်ဆိုးဆိုးညှိုးခဲ့တဲ့ ကဝေ
တကယ်တော့ ငါက
ပြာအကျခံခဲ့တဲ့ မီးပါ။
ကဝေ
မပြန်ရက်တဲ့ညနေကလည်း ကဝေ
အိပ်ရေးမဝတဲ့ ညတွေကလည်း ကဝေ
တကယ်ဆို နင်က
ဘာမှမချန်ခဲ့တဲ့ ထွက်ခွာသူပါ။
ကဝေပျိုးတဲ့ မိုးတွေထဲမှာ
နွေတွေ တစ်ရာသီစာမက ပွင့်ခဲ့
ကဝေပျိုးတဲ့ မိုးတွေထဲမှာ
မြူတွေ တစ်ရာသီစာမက လွင့်ခဲ့
ကဝေပျိုးတဲ့ မိုးတွေထဲမှာ။
သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
Image credit: Artpal.com

No comments:
Post a Comment