Tuesday, March 10, 2009

ကဗျာထဲမှ ထွက်ကျလာသော ကဗျာဆရာကောက်ကြောင်း

သံသရာဆုံးတဲ့ထိ ဖွာရှိုက်
ကမ္ဘာဆုံးတဲ့အထိ လိုက်ရှာ
ကဗျာကို ကဗျာဆရာက။

(နွယ်စိမ်းဝေ - ကိုလံဘတ်)

 

 ကဗျာဆရာ ကတော့ ကဗျာကိုပင် စုံစုံဖက်ဖက် လက်ထပ် ထိမ်းမြားချင်လှပါသည်။ ည၏ မှောင်မိုက်မှုတွင်ပင် ကဗျာဆရာ၏ စိတ်သည် လင်းသစ် တောက်ဖြာ၏။ လူမိန်းမကို လူယောက်ျား၏ နံရိုး တစ်ချောင်းဖြင့် ဖန်ဆင်းခဲ့သည် ဆိုပါက ကဗျာဆရာ တို့သည်လည်း ကဗျာဆီမှ ပြုတ်ထွက် လာသော နံရိုးများပင် ဖြစ်ပေလိမ့်မည်။

ထိုနံရိုးများသည် အချစ်ကို ရှာ၏။ အလွမ်းကို ရှာ၏။ ဘဝကို ရှာ၏။ သဘာဝ အလှတရားကို ရှာ၏။ အမှန်တရားကို ရှာ၏။ အရာရာကို ရှာဖွေရင်းကပင် ကိုယ့်ကိုယ်ကိုယ် ဖျောက်ဆုံးပစ်ရဲ ကြသည်။ ကဗျာဆရာသည် သူရဲကောင်း တစ်ဦးပင် ဖြစ်သည်။ ထို့အတူ မိုက်မိုက်ရူးရူး လူ့အန္ဓ တစ်ဦးလည်း ဖြစ်နေပြန်သေးသည်။

ကဗျာဆရာသည် ရုပ်ပြောင်း ရုပ်လွှဲတတ်သော ကဝေတစ်ဦး ဖြစ်၏။ တစ်ခါတရံ ဘိုဟီးမီးယန်း ဂျင်းပင်န်တစ်ထည် ဖြစ်နေတတ်သည်။ တစ်ခါတလေ ခွဲခြမ်းခံ ထားရသော ပန်းသီး တစ်လုံး။ ထို့အတူ ဝတ်လစ်စလစ် လျှောက်သွား နေတတ်သော သူရူးတစ်ယောက် ဖြစ်ချင် ဖြစ်နေတတ်သလို အပျော်ဖတ် ဝတ္ထုတစ်အုပ်လည်း ဖြစ်နေပြန်သည်။ မှုံမွှားမွှား ဖယောင်းတိုင် မီးတောက်၊ စိတ်ကျ ရောဂါသည်၊ လမ်းမ၊ မိုးကောင်းကင်၊ အိုး.. ကဗျာဆရာသည် မျက်နှာ များလှသူ တစ်ဦးလည်း ဖြစ်ပါသည်။ ရှာရင်း၊ ဖွေရင်း၊ ဆုပ်ရင်း၊ ဖမ်းရင်းကပင် ကဗျာဆရာ ကိုယ်တိုင် ကဗျာ ဖြစ်သွားချိန်တွင် စာကြောင်းအချို့  ထွက်ကျလာ ခဲ့ပါသည်။

 

(၁)
          ကျွန်တော့်ကို မည်သူမျှ ချနင်း၍ မရနိုင်မှန်း သိသောအခါ ကျွန်တော့်ကိုယ် ကျွန်တော် “ကောင်းကင်” ဟု ခံယူ လိုက်သည်။

(၂)
ကျွန်တော့် ကဗျာများသည် “ကကြီး” ဖြစ်ပါက ကျွန်တော်သည် “ခခွေး” ဖြစ်လိမ့်မည်။

 (၃)
       “စည်းမရှိ၊ ဘောင်မရှိ” ဟူသော စည်း၊ ဘောင်ထဲတွင်ပင် အသက်ရှူသံ တစ်ချက်ချင်းကို ချစ်၏။

 (၄)
       အခု လောလောဆယ်တော့ ကျွန်တော်က ကော်ဖီပူပူ တစ်ခွက်သာ ဖြစ်သည်။ ကဗျာကို စုံဖက် လက်ထပ်ချင်စိတ် ဖြင့်ပင် ကဗျာဆရာက နုပျိုစိုလွင် နေခဲ့ပါတော့သည်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: 123rf.com

No comments:

Post a Comment