ဒီနေ့မနက် ကျွန်တော်တို့ရဲ့ ၂၀၀၉ ခုနှစ်အတွက် ပထမဆုံး Donation သွားရမှာလေ။ အစောကြီးထ၊ လှလှပပလေး ဝတ်စားပြီး လှူထားတဲ့ အဝတ်ထုပ်တွေ၊ ဂစ်တာတွေနဲ့ ကို့ယို့ကားယား ထွက်လာခဲ့တယ်။ ကျွန်တော်တို့ သွားကြမှာက ကျိုက်လတ်က ပညာဝတီ အမျိုးသမီး ဘဝမြှင့်တင်ရေး ကျောင်းပါ။ မနက် ရှစ်နာရီ ဆယ့်ငါး၊ ဆင်ရေတွင်း မှတ်တိုင် အရောက်တဲ့။ နောက်ကျရင် မစောင့်ဘူးတဲ့။ အဲဒီလိုတွေ ပြောထားတော့ အိမ်ရှေ့က ထွက်တာနဲ့ ကားပေါ်ကို ဒိုင်ဗင် မထိုးရုံတမယ် တက်လိုက် လာရသေးတယ်။
ဆင်ရေတွင်း ရောက်တော့ လူတော်တော် စုံနေပြီ။ ဇီးရိုးတို့၊ မဟန်နီတို့၊ ဝိုင်၊ စိုးမိုး၊ ခိုင်ပြည့်စုံ အားလုံး စုံနေပြီ။ အဲ.. ခိုင်ပြည့်စုံဆိုလို့ သူ့ကိုလည်း ခဏခဏ မေးရသေးတယ်။ “ပြည့်ရေ.. အဆင်ပြေရဲ့လား” ဆိုပြီးတော့။ ဟဲဟဲ၊ ကိုယ့်ညီမလေးတွေ အဆင်ပြေ စေချင်လို့ပါ။ အဲဒါကိုပဲ သူက ရှက်ချင်ယောင် ဆောင်နေသေးတယ်၊ အယ်.. မဟုတ်ပါဘူး.. ရှက်နေသေးတယ်။ အဲဒီလိုပါပဲ။ ကျွန်တော်က အငြိမ်မနေ နိုင်တဲ့ကောင် ဆိုတော့ တွေ့သမျှလူကို လိုက်ပြီး စလိုက် နောက်လိုက်နဲ့ အော်ဟစ် နေတာ။ ငှားထားတဲ့ ကားကလည်း အချိန် မှန်သလား မမေးနဲ့၊ ကိုးနာရီခွဲ ဒင်ကနဲ နေတော့ ရောက်ချလာ ပါလေရော။ ဘုရင့်နောင်မှာပဲ မီးပွိုင့် မိသလိုလို၊ ယာဉ်ထိန်းရဲကပဲ ကားကို စက်ပေးမနှိုး သလိုလိုနဲ့ ရှစ်နာရီ ဆယ့်ငါး ရောက်ရမယ့် ကားက ဆယ်နာရီထိုးမှ ရောက်လာ တော့တယ်။ ပြောရမယ် ဆိုရင်.. အဲဒီကနေ စပြီး တောက်လျှောက် လွဲတော့တာပါပဲ။
ဆယ်နာရီမှ ကားက ရောက်တော့ အားလုံး မြန်မြန် သွားကြမယ်ဟေ့ ဆိုပြီး ကားပေါ် တက်ကြတော့ ဝေဖြိုးမင်း တစ်ကောင်က ဘယ်လို ပျောက်သွားတယ် မသိဘူး။ ဘယ်လိုမှကို ရှာမတွေ့ တော့ဘူး။ အဲဒီအချိန်မှာ ဒီကောင့်ကို ရှာရတာ စိုင်းစိုင်းခမ်းလှိုင် သီချင်းထဲကလိုပဲ။ “အွန်လိုင်းပေါ်မှာ တက်ရှာတယ်.. စိန်ရွှေငွေ စည်းစိမ်တွေထက် နင့်ကိုပိုပြီး မက်ပါတယ်” အဲဒီလို မျိုးတွေ ဖြစ်ကုန်တာ။ ဘယ်လိုမှလည်း ရှာမတွေ့ဘူး။ မတတ်နိုင် တဲ့အဆုံး ကားသမားကို စထွက်ဖို့ မောင်းခိုင်း လိုက်ရတယ်။ ထွက်သာ ထွက်လာရပါတယ်။ ဘယ်သူမှ စိတ်မဖြောင့်ဘူး။ “ငါတို့ ဝေဖြိုးမင်းလေး ခွေးပဲ ဆွဲသွား ပလားဟဲ့.. အိမ်သာ တက်ရင်းပဲ အထဲမှာ ဝက်ရူးပြန်ပြီး သတိလစ်နေ ပလားဟဲ့” နဲ့ စိတ်ပူလိုက် ကြရတာ။
စထွက် ကတည်းက အချိန်တွေ လွဲကုန်တော့ ဘုရင့်နောင်မှာ ဆီပုံးတွေ၊ ကြက်သွန်အိတ်တွေ ဝင်ယူတော့လည်း ဆက်တိုက်လွဲ၊ တေးသံကို ဝင်ခေါ်တော့လည်း စောင့်ခိုင်းထားတဲ့ အချိန်ထက် အများကြီး နောက်ကျသွားတော့ မတွေ့တော့ဘူး။ ဝိုင်ဆို မျက်နှာလေး မည်းပြီး၊ အဲလေ.. မျက်နှာလေးမဲ့ပြီး ဖြစ်နေတာ သနားဖို့တောင် ကောင်းတယ်။ ဆက်သွားကြရင်းနဲ့ ဆယ့်နှစ်နာရီလောက် ဖြစ်သွားတော့ ညောင်တုန်းကို ဝင်ရော။ အဲဒီ ညောင်တုန်း အဝင်မှာတင် ကားက မီးခိုးတွေ အူလာပြီး ပျက်သွား ပါလေရောဗျာ။ ကားပျက်ပြီး ခဏကြာတော့ ဝေဖြိုးမင်းနဲ့ တေးသံနဲ့ လိုက်ချလာတယ်။ အင်း.. သေမယ့်နှစ်ကို စစ်ထဲ လိုက်သလိုပါပဲ။ အဲဒီ ဆယ့်နှစ်နာရီ ပျက်တဲ့ကားက ညနေ လေးနာရီ ထိုးသွားတယ်။
ကျွန်တော်တို့လည်း ကားအုံနာကို ဒေါသတွေ ထွက်ပြီး ဖုန်းတွေ တဂွမ်ဂွမ် ဆက်ရတယ်။ သူက ကားအစား ရှာပြီး လွှတ်လိုက်မယ်တဲ့။ အဲဒါနဲ့ သူ့အစား ပြန်လာမယ့် ကားကို စောင့်တာနဲ့တင် ညနေ လေးနာရီ ထိုးသွားတာ။ ကံကောင်းတာ တစ်ခုက ကားပျက်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ထမင်းဆိုင် တစ်ဆိုင် ရှိတာပဲ။ အားလုံး မအူပင်မှာ ထမင်းစားမယ့် အစီအစဉ် ဖျက်ပြီး တစ်နာရီ လောက်ကျတော့ အဲဒီမှာပဲ ထမင်းဝင်စား ကြရတယ်။ ကားပျက်နေတဲ့ အချိန် အကြာကြီးဟာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ လူငယ်တွေ မို့လို့လား မသိဘူး။ ပျော်အောင် နေလိုက် ကြတာပါပဲ။ အဖွဲ့လိုက်ကြီး ကားလမ်းမပေါ် ထိုင်ပြီး ဆော့နည်း ပေါင်းစုံအောင် ဆော့ကြတယ်။ ဆော့လိုက်၊ ညစ်လိုက်၊ ရယ်လိုက်နဲ့ပေါ့။
တစ်ယောက်က တိုးတိုးလေး ပြောတာကို နောက်တစ်ယောက်က တဆင့်ပြန်ပြော။ အဲဒီလိုနဲ့ နောက်ဆုံးလူ အလှည့်လည်း ရောက်ရော အားလုံး လွဲကုန်တော့တာပဲ။ စပြီး လွဲတဲ့သူက ခိုင်းတာ လုပ်ရတယ်။ ဘယ်သူမှ မနေရပါဘူး။ ဆာမူရိုင်းလေး ပဲပြုတ်ရောင်းရ၊ ဝေဖြိုးမင်း မီးလောင်ပြရ၊ သံယောဇဉ် ယောက်ျား ခိုးပြေးရနဲ့။ ကျွန်တော်ရော ဘာထူးလို့လဲ.. သစ်ပင်ကို ရည်းစားစကား ပြောပြ ရတာပဲ နှစ်ခေါက်။ အလွဲဆုံးကတော့ ဘာလချောင်ကြော်ကို ဒေါ်ညွန့်စိန်လို့ ကြားတာပါပဲဗျာ။ လေးနာရီ ထိုးတော့ အစား ရှာထားတဲ့ ကားနဲ့တူတူ ကားအုံနာပါ ရောက်လာတယ်။ ကျွန်တော်တို့ အားလုံး ဒေါသတွေလည်း ထွက်နေပြီ။ တကယ်ဆို ဒီအချိန်က အားလုံး လှူပြီးလို့ ရန်ကုန်နားတောင် ပြန်ဝင် ရတော့မယ့် အချိန်လေ။ ဘာတတ်နိုင် မှာလဲ။ ရောက်လာတဲ့ ကားနဲ့ပဲ ပစ္စည်းတွေ ပြန်တင်ပြီး ဆက်သွား ရတာပေါ့။
အုံနာနဲ့လည်း ပြဿနာတွေ တက်တာပါပဲ။ “တော်ပြီ၊ ပြောပြရင် ဂေါပကတောင် မျက်ရည် ကျမယ်၊ သမာဓိဆို နှစ်ခါ မကြည့်တော့ဘူး၊ ဘာညာ” နဲ့ ပွစိပွစိ ပြောပြီး ဆက်သွားကြတာ။ ကားက ပထမထက် ပိုသေးသွားတော့ အားလုံး ကျပ်ကျပ်ညပ်ညပ် ထိုင်ကြရပါတယ်။ လူကလည်း လေးဆယ် ကျော်တာကိုး။ ကျွန်တော်လည်း ပင်ပန်းပြီးတော့ စူပုပ်ပုပ်နဲ့ အိပ်ပျော် သွားသေးတယ်။ မအူပင် ရောက်ခါနီးမှ ပြန်နိုးတော့တယ်။ ပြန်နိုး လာတော့လည်း အနောက်နဲ့ အရှေ့နဲ့ စကားတွေ အော်ပြော၊ အော်နောက်၊ ဟား.. သောင်းကျန်းလာ လိုက်ကြသေးတယ်ဗျာ။ ကျွန်တော်တို့က ရယ်စရာတွေ အော်လိုက်၊ သူငယ်ချင်းတွေက ရယ်လိုက်နဲ့။ အဲ.. ဆိုးတာတစ်ခု ရှိသေးတယ်။ လမ်းမှာ တွေ့ရတဲ့ ကျေးရွာတွေ နာမည်ပေါ့။ ဘယ်လိုကြီး တွေမှန်းကို မသိဘူး။ တမင်ပဲ ရွဲ့ပြီး ပေးထားသလား ထင်ရ၊ ခါးအောက်ပိုင်းကကို မလွတ်ဘူးဗျာ။ နာမည်တွေတော့ မပြောတော့ပါဘူး။ အဲဒီ ခရီးမှာပါတဲ့ သူတွေကိုပဲ မေးကြည့် ကြပါတော့.. အဟဲ။ ဒီကြားထဲ ကားပေါ်မှာ အင်အားကြီး နိုင်ငံကို စစ်ပြေငြိမ်းချင်တဲ့ နိုင်ငံလေးရဲ့ ရှော့ခ်က ရှိသေးတယ်။ UN တောင် မနိုင်ဘူးတဲ့။
ဒီလိုနဲ့ ကျိုက်လတ် ရောက်တော့ ခုနစ်နာရီ ကျော်ပြီ။ ကျောင်းက ကလေးတွေလည်း သနား ပါတယ်။ ကျောင်းရှေ့မှာ မှောင်မှောင်မဲမဲနဲ့ ထွက်စောင့် နေကြရှာတယ်။ လှူရ တန်းရတာတော့ တော်တော်ကို ကြည်နူးပါရဲ့။ တကယ့်ကို လိုအပ်နေတဲ့ ကလေးတွေ၊ နွမ်းပါးတဲ့ ကလေးတွေပါ။ အဲဒီ ကျောင်းကို ရောက်တော့မှ အိမ်ကို ဖုန်းဆက်တဲ့ သူတွေလည်း ဆက်ပေါ့။ အဲဒီကနေ ပြန်ထွက်တော့ ကိုးနာရီ ကျော်ပြီ။ အားလုံး ပင်ပန်းကြတော့ ဘယ်သူမှ မလှုပ်နိုင် ကြတော့ဘူး။ ရတဲ့နေရာမှာ ကြုံသလိုတွေ အိပ်ကုန်ကြတာ။ ရန်ကုန်ထဲ ပြန်ဝင်တော့ တစ်နာရီ ကျော်ပြီ။ ဘုရင့်နောင်နား ရောက်တော့ ကားက ဆီကုန်သွားလို့ ဆီပြန်ထည့်ရတာ နည်းနည်း ကြာသေးတယ်။ အဲဒီမှာ အားလုံး ပြန်ပြီး လန်းလန်းဆန်းဆန်း ဖြစ်လာပြန်ရော။ ညနေ ကလိုပဲ အော်လိုက်၊ စလိုက်နဲ့။ ဒီကြားထဲ အိမ်တွေက လာကြို နေသူတွေ စိတ်ပူလို့ ဖုန်းဆက်တော့လည်း ကျွန်တော်က သင်ပေးပါတယ်။ ကားအုံနာကြီး လေသံမျိုး ပြောလို့။ “အခုလေ.. လမ်းမှာ လာနေပါပြီ.. အတတ်နိုင်ဆုံး ဖြည့်ဆည်းပေး ထားပါတယ်” လို့ပြော ဆိုပြီးတော့ သင်ပေးတာ။
နောက်တော့လည်း တစ်ယောက်ပြီး တစ်ယောက် အနီးဆုံး နေရာတွေမှာ ချပေးသွားရင်း ကြည့်မြင့်တိုင်မှာ ကားက ဂီယာအုံကြီး ကြွသွား ပါလေရော။ သုံးနာရီ ကလည်း ထိုးတော့မယ်။ ကားပေါ်မှာက ဗိုလ်တထောင်ရယ်၊ မြေနီကုန်းရယ်၊ လမ်းလေးဆယ်ရယ်၊ သုဝဏ္ဏရယ်၊ မြောက်ဒဂုံ အဖွဲ့ရယ် ကျန်သေးတယ်။ ကားကလည်း ဘယ်လိုမှ ဆက်သွားလို့ မရတော့ဘူး။ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါ။ “ကကြီး” နဲ့ အကျိုး မပေးဘူးလား မသိဘူး။ ကျိုက်လတ် အသွား မှာလည်းပျက်.. ကြည့်မြင်တိုင် မှာလည်း ပျက်တယ် ဆိုတော့လေ။ နောက်ဆုံးတော့ အားလုံး ကားတွေ အသီးသီး ငှားပြီး ပြန်ကြပါတယ်။ မြောက်ဒဂုံ အဖွဲ့က ရှစ်ယောက်ရှိတယ်။ ယောက်ျားလေး တွေချည်းပဲ ဆိုတော့ ကားငှားပြီး အိမ်မပြန်ခင် ဗိုက်ဆာတာနဲ့ မုန့်စားကြမယ်လို့ ညလုံးပေါက် ဖွင့်တဲ့ ဆိုင်တွေ လိုက်ရှာကြတယ်။ မနက် ကတည်းက လွဲတာက အခုထိ မပြီးသေးဘူး။ ခါတိုင်း တညလုံး ဖွင့်တဲ့ ဆိုင်တွေက ဒီနေ့မှပဲ ပိတ်ထားတာနဲ့၊ မရသေးတာနဲ့။ ရန်ကင်း ရောက်မှပဲ ဆိုင်တစ်ဆိုင် တွေ့လို့ ထမင်းကြော် ဝင်စားကြရတယ်။ အဲဒီ အချိန်မှာ သုံးနာရီခွဲ ကျော်နေပြီ။ နောက်ဆုံးလူကို ပို့ခါနီး မှာတောင် ကားရပ်သွားလို့ ဘုရားတ ကြရသေးတယ်။
တကယ်ပါပဲဗျာ။ မနက် ရှစ်နာရီ ကနေပြီး နောက်တစ်နေ့ မနက် လေးနာရီ ထိုးခါနီးအထိ တစ်ရက်နီးပါး သွားလိုက်ရတဲ့ Donation ဟာ ဒီတစ်ခါ ပထမဆုံးပါပဲ။ ကုသိုလ် တွေလည်းရ၊ အကုသိုလ် တွေလည်းရ၊ သိပ်လည်း ပျော်ခဲ့ရ၊ စိတ်လည်းပူရ၊ အိုး.. ရသ ကိုးပါးလုံး စုံအောင် သွားခဲရတဲ့ ဒီတစ်ခေါက်ကိုတော့ တကယ့် အမှတ်တရပါပဲ။ ကျွန်တော်ကတော့ ဒီခရီးကို နာမည်ပေး လိုက်ပါတယ်။ “ကျိုက်လတ် တစ်ခေါက် ငါးပါးမှောက်” လို့။ ကျွန်တော်လည်း မနက် လေးနာရီ လောက်ကြီး အိမ်ပြန်ရောက်ရင် ကျွန်တော့် ကြီးဒေါ်ကြီးကို နှိုးရမှာ ကြောက်တာနဲ့ ဝိုင်တို့ အိမ်မှာပဲ လိုက်အိပ်လိုက် ရပါကြောင်း။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
No comments:
Post a Comment